News

POST TYPE

EDUCATION

ရာထူးတိုး၊ ပြောင်းမူကို ယခုနှစ် ပြင်ဆင်ပေးနိုင်မည် မဟုတ်ဟုဆို
13-Nov-2017 tagged as ပညာရေး

 ရန်ကုန်၊ နိုဝင်ဘာ ၁၃
 
အဆင့်မြင့်ပညာ ဦးစီးဌာနအောက် တက္ကသိုလ်၊ ကောလိပ် အသီးသီးရှိ နည်းပြမှ တွဲဖက်ပါမောက္ခအထိ ရာထူးတိုး၊ ပြောင်းရေး လက်ရှိ အတည်ပြုထားသည့်မူကို ယခုနှစ်အတွက် ပြင်ဆင်ပေးနိုင်မည် မဟုတ်သေးကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

လက်ရှိ အတည်ပြုထားသည့် ရာထူးတိုး၊ ပြောင်းမူသည် ဝန်ထမ်းများ၏ ရာထူး လုပ်သက်ကို အဓိက ဦးစားပေး တွက်ချက်ထားပြီး ဆရာ၊ ဆရာမများ၏ လုပ်ဆောင်နိုင်မှု စွမ်းရည်ကို ဒုတိယနေရာတွင်ထား၍ အမှတ်ပေး တွက်ချက်ခြင်းများကြောင့် ဝန်ထမ်းများ၏ လုပ်ဆောင်မှု စွမ်းရည်ကို လျော့ကျစေနိုင်သဖြင့် ယင်းမူကို ပြင်ဆင်နိုင်ရေး ယခုလ ၈ ရက်တွင် နေပြည်တော် ဝန်ကြီးရုံး၌ အစည်းအဝေး ပြုလုပ်ခဲ့သည်။

“ဒီနှစ်မှာ မပြင်ဆင်နိုင်သေးဘူးဆိုတာ ဒီအစည်းအဝေးက ရတဲ့မူကြမ်းကို ကျောင်းတစ်ကျောင်းချင်းစီကို ပြန်ချပေးရဦးမယ်။ သူတို့ဆီက သဘော တူညီချက်တွေ ပြန်တက်လာမှ ပြင်ဆင်ဖို့ လျာထားမယ်။ ပြီးမှ ကျွန်တော်တို့က ပြင်ဆင်နိုင်မယ်”ဟု ဒေါက်တာ သိန်းဝင်းက ပြောကြားသည်။

“အခုက လူနည်းစုရဲ့ ဆန္ဒပဲရှိသေးတယ်။ ကျောင်းအကုန်လုံး မပါသေးဘူး။ ဒီမူအတိုင်း လုပ်လို့မရသေးဘူး။ ဆရာ၊ ဆရာမတွေ အားလုံး သဘောတူညီပြီး တူညီတဲ့မူလေး တစ်ခုရမှ လုပ်လို့ရမယ်။ ဒီနှစ်တော့ မမီတော့ဘူး။ နောက်နှစ်မှ ပြင်နိုင်မယ်”ဟု ၎င်းက ပြောကြားသည်။

ဆရာများအဖွဲ့ချုပ် အတွင်းရေးမှူး (အဆင့်မြင့်ပညာ) ဒေါက်တာ ဇော်မျိုးလှိုင်က အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်ရန် တက္ကသိုလ် တစ်ခုချင်းစီမှ ကိုယ်စားလှယ် သုံးဦးစီ ဖိတ်ခေါ်ထားသော်လည်း ကျောင်းအားလုံး မလာသည့်အပြင် တက်ရောက်လာသူများမှာ ဆရာ၊ ဆရာမများ အားလုံးကို ကိုယ်စားပြုခြင်း မရှိသဖြင့် သက်ဆိုင်ရာ ကျောင်းများအလိုက် ဆွေးနွေးမှုများကို လာမည့်ပညာသင်နှစ် ပထမနှစ်ဝက်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“ကျောင်းအလိုက် အဆင်ပြေမယ့် ရက်ကို ပါမောက္ခချုပ်တွေနဲ့ ဆရာ၊ ဆရာမတွေ ညှိနှိုင်းပြီးသတ်မှတ်ပြီး ဆွေးနွေးစေချင်တယ်။ မူကြမ်းအတွက် သူတို့သဘော တူညီချက်ကို မှတ်တမ်း ရယူပြီးမှ ကျောင်းပေါင်းစုံဆွေးနွေးပွဲ ထပ်လုပ်နိုင်ဖို့ မျှော်လင့်ထားတယ်”ဟု ဒေါက်တာဇော်မျိုးလှိုင်က ပြောကြားသည်။

ပညာရေး ဝန်ကြီးဌာနအနေနှင့် တန်းစီဇယားမူကို အစည်းအဝေးတွင် ရေးဆွဲထားသောမူဖြင့် အချိန်ယူ၍ ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ် ရာထူးတိုးပြောင်း အမိန့်စာ မထုတ်ပြန်မီ ပြင်ဆင်ပေးစေလိုကြောင်း၊ လူအင်အား မလုံလောက်ပါက ဆရာအဖွဲ့ချုပ်မှ လုပ်အားပေး ကူညီမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်အောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဦးလှမိုး၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် ကိုယ်စားလှယ်များ၊ တက္ကသိုလ် ပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

မြဇာခြည်သင်း