News

POST TYPE

EDUCATION

မြောက်ကိုရီးယားအရေး တင်းမာနေစဉ် ရှီကျင့်ဖျင်နှင့် ဆွေးနွေးရန် ထရမ့် တရုတ်ပြည်ရောက်
09-Nov-2017 tagged as အမေရိကန်


ဘေဂျင်း၊ နိုဝင်ဘာ ၈

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး မြောက်ကိုရီးယားအရေး တင်းမာမှုများကို အဓိကထား ဆွေးနွေးဖွယ်ရှိကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

မြောက်ကိုရီးယားကို အထီးကျန် ပိုဖြစ်စေရေး တရုတ်က ဆောင်ရွက်ပေးရန် ထရမ့်က ဆိုးလ်သို့ရောက်ရှိစဉ် တောင်ကိုရီးယား လွှတ်တော်၌ တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယား ရည်ရွယ်ချက်များကို ထိန်းချုပ်ရန် တရုတ်သည် အခရာဟု အိမ်ဖြူတော်က မှတ်ယူထားသော်လည်း ဘေဂျင်းကမူ လုပ်သင့်သည့် အတိုင်းအတာအထိ လုပ်ပေးပြီးပြီဟု တုံ့ပြန်ထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သာမန်ထက် ထူးကဲသည့် နိုင်ငံတော်ခရီးစဉ် (state visit-plus) ဟု တင်စားထားသည့်အတိုင်း ထရမ့်ကို တစ်ခမ်းတစ်နား ကြိုဆိုခဲ့သည်။

မလာရောက်မီကတည်းက ထရမ့်သည် ရှီကို ချီးကျူးဂုဏ်ပြုထားပြီး ကြီးမားသော နိုင်ငံရေးအောင်ပွဲ ရရှိခဲ့သည့် တရုတ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးရန် မျှော်လင့်ထားကြောင်း ပြောကြားထားသည်။

တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်အပြီးတွင် ရှီ၏ အာဏာကွန်ရက်မှာ ပိုမို ကြီးမားကျယ်ပြန့်လာခဲ့သည်ဟု လေ့လာသူတို့က သုံးသပ်ထားသည်။ 

ဘေဂျင်းသို့ ရောက်ရှိလာသော ထရမ့်နှင့် သမ္မတကတော် မယ်လာနီယာကို ကော်ဇောနီခင်း၊ စစ်တီးဝိုင်းဖြင့် ကလေးငယ်များက အလံများဝှေ့ယမ်းကာ ကြိုဆိုခဲ့ကြသည်။

အထူးတလည်ဟု ဆိုရခြင်းမှာ သမ္မတ ဘားရက်အိုဘားမား သမ္မတသက်တမ်းကုန်ဆုံးကာနီး တရုတ်ပြည်သို့ လာရောက်ခဲ့စဉ်က ကော်ဇောနီခင်း ကြိုဆိုခဲ့ခြင်း မရှိရာ ရည်ရွယ်ချက်ရှိရှိ နှိမ်ချမှုတစ်ခုဟု ဝေဖန်ခံခဲ့ရခြင်းကြောင့်ဖြစ်သည်။

သမ္မတထရမ့်နှင့် သမ္မတကတော်တို့သည် တရုတ်ဧကရာဇ်များ၏ နန်းတော်ရှိရာ Forbidden City ကို သွားရောက် လည်ပတ်ခဲ့သလို ညနေခင်း လက်ဖက်ရည်ဖြင့် သမ္မတရှီနှင့် သမ္မတကတော်တို့က နန်းတော်တွင်း၌ ဧည့်ခံခဲ့ကြရာ အမေရိကန် သမ္မတတစ်ဦးအပေါ် အထူးတလည် ဆက်ဆံမှုအဖြစ် မီဒီယာများက ဖော်ပြခဲ့ကြသည်။

လတ်တလောတွင် ထရမ့်သည် ပြည်တွင်းတွင် ပြဿနာများ၊ မူဝါဒရေးရာ အဆင်မပြေမှုများဖြင့် ရင်ဆိုင်နေရသလို ပြည်ပတွင်လည်း ပူးပေါင်း ဆောင်ရွက်မှု အားနည်းသည်ဟု ဝေဖန်ခံနေရသည်။ 

ရှီမှာမူ ဥက္ကဋ္ဌကြီး မော်စီတုံး၏ နောက်ပိုင်း သြဇာအာဏာ အရှိဆုံး တရုတ်ခေါင်းဆောင်ဟု သတ်မှတ်ခံထားရသလို ကမ္ဘာ့ဇာတ်ခုံပေါ်တွင် တရုတ်ခေါင်းဆောင်မှုကို ဖော်ကျူးရန် ရည်မှန်းချက်များ စတင် အကောင်အထည်ဖော်နေသူဟု မှတ်ယူခံထားရသည်။

အမေရိကန်သမ္မတများ တရုတ်ပြည်လာသည့်အခါတိုင်း မြောက်ကိုရီးယားအရေး အကူအညီရရန်နှင့် တရုတ်နှင့် ကုန်သွယ်ရေး လိုငွေပြမှု လျှော့ချရေးတို့ကို ဦးစားပေး ဆွေးနွေးနိုင်ရန် မျှော်လင့်လေ့ ရှိသော်လည်း တရုတ်ကမူ ယေဘုယျဆန်သော ကျယ်ပြန့်သည့် ဆက်ဆံရေးကိုသာ အလေးပေး ဆွေးနွေးလေ့ရှိသည်။

တရုတ်မီဒီယာများကမူ ပါဝါနိုင်ငံများ၏ ဆက်ဆံရေးဖြင့် သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်မည်ဟု ရေးသားကြပြီးကမ္ဘာ့ နံပါတ်တစ်နေရာ၊ နှစ်နေရာ ဆိုသောကိစ္စများကို ရှေ့တန်းမတင်ဘဲ တန်းတူရည်တူ လေးစားချစ်ကြည်ရေးကို ဇောင်းပေးဖော်ပြခဲ့ကြသည်။

ထရမ့်က မြောက်ကိုရီးယားသည် မည်သူနှင့်မျှ မထိုက်သန်သော ငရဲဘုံတစ်ခု ဖြစ်သည်ဟု တောင်ကိုရီးယားသို့ ဦးစွာ ဝင်ရောက်စဉ်က ပြောကြားခဲ့သည်။   

F-03