News

POST TYPE

EDUCATION

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်ရေး ရေတို၊ ရေရှည် စီမံကိန်း စတင်ရေးဆွဲ
09-Nov-2017 tagged as ပညာရေး

ရန်ကုန်၊ နိုဝင်ဘာ ၈

ရန်ကုန်တက္ကသိုလ် (ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး မဟာဗျူဟာ စီမံကိန်းမူကြမ်းကို လာမည့်နှစ်ဆန်းပိုင်း ပြီးစီးရန် လျာထားပြီး ယင်းမူကြမ်းတွင် ၂၀၂၀ ခုနှစ်အထိ ရေတို၊ ၂၀၃၀ ခုနှစ်အထိ ရေရှည် နှစ်ပိုင်းခွဲ၍ စတင် ရေးဆွဲနေကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောကြားသည်။ 

ယင်းသို့ မဟာဗျူဟာ စီမံကိန်းမူကြမ်း ရေတို၊ ရေရှည်ရေးဆွဲရာတွင် ယေဘုယျအားဖြင့် တက္ကသိုလ် အဆင့်မြှင့်တင်ရေး အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ တက္ကသိုလ်ပတ်ဝန်းကျင် သာယာစိမ်းလန်းရေးများ ပါဝင်ကြောင်း ရန်ကုန်တက္ကသိုလ်ထံမှ သိရှိရသည်။ 

ထို့အပြင် ပညာရေး အရည်အသွေး မြှင့်တင်ရေး၊ ကျောင်းသား ဖလှယ်ခြင်း၊ ပညာရပ်များ ထပ်တိုးသင်ကြားနိုင်ရေးနှင့် သုတေသန ဖွံ့ဖြိုးတိုးတက်ရေး ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အောက်စဖို့ဒ်၊ အမေရိကန်ပြည်ထောင်စု၊ ဟန်ဂေရီနိုင်ငံများမှ တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။

ရေတို၊ ရေရှည် စီမံကိန်းတွင် မည်သည့်အချက်များ ပါဝင်မည်ကို လတ်တလော အသေးစိတ် မပြောနိုင်သေးကြောင်း ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ပြောဆိုသည်။ 

ဆရာအဖွဲ့ချုပ် ပြန်ကြားရေးမှူး ဦးကျော်ဝေဖြိုးက ရန်ကုန်တက္ကသိုလ် အပါအဝင် တက္ကသိုလ် ၆ ခု အဆင့်မြှင့်တင်ရေး နေပြည်တော်တွင် ဆွေးနွေးနေကြဆဲဖြစ်ပြီး ရန်ကုန်တက္ကသိုလ် မဟာဗျူဟာ စီမံကိန်းကိုလည်း ယခုမှ စတင် ရေးဆွဲရမည်ဖြစ်၍ ဆွေးနွေးကြရဦးမည်ဖြစ်ကြောင်း၊ ရေးဆွဲမှုအပိုင်းတွင် ဆရာအဖွဲ့ချုပ် မပါဝင်၍ အသေးစိတ် မသိရသေးကြောင်း ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် (ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တာဝန်ယူပြီး စုစုပေါင်း အဖွဲ့ဝင် ၁၄ ဦးပါဝင်၍ အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ အဖွဲ့ဝင်များထံမှ သိရှိရသည်။ 

ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက မတ်လ ၂၇ ရက်ထုတ် အစိုးရပိုင် ကြေးမုံသတင်းစာတွင် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး မာစတာပလန် ရေးဆွဲပြုစုသွားရန် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ ရှိကြောင်း ထုတ်ဖော် ပြောကြားထားသည်။

ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေး၊ အဆင့်မြှင့်တင်ရေး ဆွေးနွေးမှု ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းက ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးသို့ ယခင်အစိုးရလက်ထက် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ယခုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။

မြဇာခြည်သင်း