News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ ( ကျောင်းစာကြည့်တိုက်၊ စာဖတ်ခန်း)
12-Oct-2017 tagged as

အသိဉာဏ်မြင့်သည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းများပြားလာရေး စာဖတ်နာသူ၊ စာအုပ်စာပေတွင် မွေ့လျော်သူများ မွေးထုတ်နိုင်ရေး ကလေးစာပေကိစ္စက အစပြုရန် The Voice နေ့စဉ်သတင်းစာက အယ်ဒီတာ့ အာဘော်၊ ဆောင်းပါးများဖြင့် ရေးသား အသိပေးပြီးဖြစ်ပါသည်။ ကလေးငယ်များ စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်း အလေ့အကျင့်ကို မိဘများ၊ စာသင်ကျောင်းများက ဖန်တီးပေးရန်နှင့် ပြုပြင်သင့်သည့် အကြောင်းအရာများကိုလည်း တစ်ပါတည်း ဖော်ပြပြီးဖြစ်ပါသည်။ ယင်းကိစ္စအတွက် ကြီးမားသည့် ထုထည်ရှိသည့် အခြေခံကျောင်းများတွင် ကျောင်းစာကြည့်တိုက်၊ စာဖတ်ခန်းများ များလာရေး၊ လက်တွေ့တွင် ကျောင်းသားငယ်များ အကျိုးရှိရှိ အသုံးပြုနိုင်ရေး အပါအဝင် လက်ရှိ အခြေအနေများအကြောင်း ဆရာများ၏ ပြောကြားချက်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။

“စာဖတ်ချိန်တွေကို ကျောင်းတွေက သတ်မှတ်ပေးထားသင့်တယ်”
ဆရာမ ဒေါ်တင်တင်အောင် (အထက်တန်းပြ၊ အ.ထ.က (၁) ဒဂုံ၊ ရန်ကုန်မြို့ )

ကျွန်မတို့ကျောင်းက အထက်တန်းကျောင်းဆိုတော့ ကလေးတွေအတွက် သီးသန့် စာကြည့်တိုက် ရှိပါတယ်။ e-Library လည်း ရှိတယ်။ ဆရာမတို့ ကျောင်းမှာတော့ ကလေးနဲ့ဆိုင်တဲ့ စာပေတွေရော၊ ဘာသာရပ်နဲ့ဆိုင်တဲ့ စာပေတွေရော ရှိတယ်။ နောက် ဗဟုသုတရဖွယ် စာအုပ်တွေရော ပြည့်ပြည့်စုံစုံ ရှိပါတယ်။ ကလေးတွေ ကြိုက်နှစ်သက်တဲ့ အကြောင်းအရာတွေကို e-Library ထဲမှာ ရှာကြည့်လို့ရတယ်။ ကျောင်းမှာ ကလေးငယ်လေးတွေလည်း ရှိတဲ့အတွက်ကြောင့် ကာတွန်း၊ ရုပ်ပြ အစုံရှိပါတယ်။ ဆရာမတို့ ကျောင်းတွေက နှစ်သုတ် တက်ရတဲ့ကျောင်းဖြစ်လို့ စာဖတ်ဖို့အတွက် သီးသန့် အချိန်မပေးပေမယ့် ကလေးတွေက မုန့်စားဆင်းချိန်တွေမှာ စာကြည့်တိုက်ကို သွားကြတယ်။ နောက်ပြီး စာအုပ်ငှားချင်တဲ့သူရှိရင် ငှားလို့ရအောင် စာကြည့်တိုက်မှူးတွေက မိုဘိုင်းလ် လှည်းလေးတွေနဲ့ စာသင်ခန်းတွေထဲကို လိုက်ပြီး ငှားပေးပါတယ်။ 

ကလေးတွေ ငှားချင်တဲ့ စာအုပ်တွေကို အကုန်လုံး စုံအောင်ထည့်ပြီး တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ပို့ပေးတယ်။ ဘယ်စာအုပ်၊ စာပေကိုပဲဖတ်ဖတ် ဗဟုသုတ တိုးပွားတာပါပဲ။ ကိုယ့်ထက် တတ်ကျွမ်းတဲ့ စာရေးဆရာတွေက ရေးထားတာဖြစ်လို့ သုတစာပေရော ရသစာပေရော ဖတ်သင့်တယ်။ အဲတော့ စာအုပ် မဖတ်တဲ့သူနဲ့ယှဉ်ရင် စာအုပ်ဖတ်တဲ့ကလေးက လျှောက်သွားစရာမလိုဘဲနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို မြင်နိုင်သလိုပဲ။ စာမဖတ်တဲ့ကလေးက အဲဒါတွေကို မမြင်နိုင်ဘူး။ အဲဒါကြောင့် ကလေးတွေကို ကျောင်းစာအပြင် ပြင်ပ စာအုပ်တွေ အလွယ်တကူ ဖတ်ရှုလေ့လာလို့ရအောင် စာဖတ်ချိန်တွေကို ကျောင်းတွေက သတ်မှတ်ပေးထားသင့်တယ်။ 

အငယ်တန်းကလေးတွေဆိုလည်း သူတို့နဲ့ကိုက်ညီတဲ့ ရုပ်ပြစာအုပ်တွေ၊ ရွှေသွေးလို စာအုပ်တွေကို ဖတ်ကြတယ်။ နယ်တွေက ကျောင်းစာကြည့်တိုက် မရှိဘူးဆိုတဲ့ ကျောင်းတွေမှာလည်း ပညာရေးဌာနက ဖွင့်ပေးမယ့် စာကြည့်တိုက်ကို စောင့်နေစရာ မလိုပါဘူး။ အိမ်တွေမှာရှိတဲ့ သတင်းစာတွေ၊ ရပ်ရွာလူထုမှာ ရှိနေတဲ့ သတင်းစာတွေ၊ ရုပ်ပြတွေ၊ ရွှေသွေးတွေကို အလှူခံပြီးတော့ ကျောင်းမှာ လေဝင် လေထွက် ကောင်းတဲ့ အခန်းလေးတစ်ခန်း ရှိပြီးတော့ စုစောင်းထားတဲ့ စာအုပ်တွေကနေလည်း ကလေးတွေ ဗဟုသုတ ရပါတယ်။ အနည်းဆုံး စာကြည့်တိုက်ကြီး မဖွင့်နိုင်ရင်လည်း အဲဒီလိုလေး ဖန်တီးပေးသင့်တယ်။

“စာဖတ်တဲ့ ကလေးတွေဆို စူးစမ်းချင်စိတ်၊ သင်ယူချင်စိတ်တွေ များလာတယ်”
ဆရာဦးရှင်းသန့် (အထက်တန်းပြ- အ.ထ.က(ခွဲ) အ.လ.က (၁) ကြည့်မြင်တိုင်)

ကျွန်တော်တို့ကျောင်းမှာ ကလေးတွေအတွက် စာကြည့်တိုက် ရှိပါတယ်။ မူလတန်းနဲ့ အလယ်တန်း ကလေးတွေအတွက် စာကြည့်တိုက်မှူး သီးသန့် ထားပေးတယ်။ သူတို့အတွက် စာကြည့်တိုက်မှူး ကိုယ်တိုင် ပုံပြင်တွေ၊ ရုပ်ပြတွေ ဖတ်ပြတာမျိုး၊ နောက်ပြီး ကလေးတွေ အချင်းချင်း စာဖတ်ပြခိုင်းတာမျိုးတွေ ရှိတယ်။ စာဖတ်ချိန်ကို သတ်မှတ်ပေးထားတာ မရှိပေမယ့် ညနေပိုင်းနဲ့ မနက်ပိုင်း အနားပေးတဲ့အချိန်မှာ ဖတ်ကြတယ်။ ကျောင်းတွေ အားလုံးမှာ ကလေးတွေအတွက် စာဖတ်ချိန် သီးသန့် ထားပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အထက်တန်းကလေးတွေကတော့ ပုံပြင်တွေ၊ ကာတွန်းတွေ မဖတ်ခိုင်းတော့ဘူး။ သူတို့အတွက် အကျိုးရှိမယ့် စာပေမျိုးတွေကိုပဲ လေ့လာခိုင်းတယ်။ ကျွန်တော်တို့ ကျောင်းကလည်း စာအုပ်တွေဝယ်သလို ကျောင်းသား မိဘတွေကလည်း စာအုပ်တွေ လာလှူကြတာရှိတော့ စာအုပ်ကတော့ ပြည့်ပြည့်စုံစုံ ရှိပါတယ်။

ကျောင်းစာမှ မဟုတ်ဘူး တခြားစာဖတ်တဲ့ အထက်တန်းကလေးတွေဆို ပြောပုံဆိုပုံ၊ အပြုအမူတွေ အနေအထိုင်တွေကစ ကွာခြားတယ်။ စာမဖတ်တဲ့ ကလေးတွေထက် စည်းကမ်းပိုရှိတယ်။ ငယ်တဲ့ကလေးတွေဆိုလည်း သူတို့က စပ်စုချင်စိတ်တွေ များတော့ စာဖတ်တဲ့ ကလေးတွေဆို စူးစမ်းချင်စိတ်၊ သင်ယူချင် စိတ်တွေ များလာတယ်။ သူတို့လေးတွေမှာရှိတဲ့ စွမ်းရည်တွေ တစ်ခုချင်းစီ အကုန်လုံး ပေါ်လာတယ်။ စာပေဆိုတာ ဘယ်လိုစာပေဖြစ်ဖြစ် အကုန် ကောင်းပါတယ်။ သူ့အရွယ်နဲ့သူ ဖတ်သင့်တဲ့စာအုပ်ဆိုရင် စည်းဘောင်တွေ မသတ်မှတ်ပေးသင့်ဘူး။ ကျွန်တော်တို့ ကျောင်းမှာတော့ စာကြည့်တိုက် ရှိတယ်ဆိုပေမယ့် တချို့နယ်ကကျောင်းတွေ၊ စာကြည့်တိုက်မရှိတဲ့ ကျောင်းတွေမှာလည်း စာကြည့်တိုက်အနေနဲ့မဟုတ် ရင်တောင် ကလေးတွေ စာအုပ်စင်လေးတွေ စာအုပ်လေးတွေ စုဆောင်းထားပေးသင့်တယ်။ နိုင်ငံတော်အနေနဲ့လည်း စာကြည့်တိုက်တွေ လုပ်ပေးသင့်တယ်။

“စာမဖတ်နိုင်တဲ့ကလေးတွေကို စိတ်ဝင်စားအောင် ဖတ်ပြစေချင်တယ်”
ဆရာမ ဒေါ်ခိုင်မာထွေး (မူပြ၊ အ.မ.က-စွန်အွိုက်၊ သီပေါ၊ ရှမ်းပြည်နယ်)

ကျွန်မတို့ကျောင်းမှာ ကျောင်းစာကြည့်တိုက် ရှိပါတယ်။ စာကြည့်တိုက်က စာအုပ်တွေကို Save The Chidren က အဓိက ပံ့ပိုးပေးထားတယ်။ ရှစ်လပိုင်းလောက်က စာအုပ်တွေ လာလှူသွားတယ်။ ကျောင်းသား အရေအတွက်ကလည်း မများတော့ ကလေးစာပေ၊ ကလေးနဲ့ သင့်တော်တဲ့စာအုပ်တွေ ပြည့်စုံသလောက် ရှိပါတယ်။ စာအုပ်တွေကတော့ ပုံပြင်တွေ၊ ရုပ်ပြတွေနဲ့ Third Story စာအုပ်တွေ ရှိတယ်။ ကျောင်းမှာရှိတဲ့ ကလေးတွေက သူတို့ဉာဏ်ရည်နဲ့ ကိုက်ညီတဲ့ စာအုပ်တွေတော့ ဖတ်ကြပါတယ်။ ကျောင်းက စတုတ္ထတန်းထိ အမြင့်ဆုံး ရှိတာဆိုတော့ ဆောင်းပါးတွေ၊ နိပါတ်တော်တွေတော့ မဖတ်နိုင်ကြပါဘူး။ မူလတန်း ကျောင်းဆိုပေမယ့် မိဘတွေက ပညာရေးအမြင် မရှိကြတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကလေးတွေက အသက်ကြီးကြတယ်။ တချို့ မိဘတွေဆိုကျောင်းကို ကလေးထိန်းခိုင်းတဲ့နေရာလို သဘောထားကြတယ်။

ကျွန်မက သူငယ်တန်းမှာ သင်ရတာဆိုတော့ ကလေးတွေကို ကိုယ်တိုင် စာဖတ်ပြတယ်။ ကလေးတွေကတော့ စာအုပ်ဆိုရင် ပုံခေါက်နည်းတွေ၊ ကာတွန်းစာအုပ်တွေ ကြိုက်ကြတယ်။ သူငယ်တန်း ကလေးတွေကို နှစ်နာရီနောက်ပိုင်း စာဖတ်ချိန်အဖြစ် သတ်မှတ်ပေးထားတယ်။ တခြား ကလေးတွေကိုတော့ ကျောင်းမှာ စာဖတ်ချိန် သီးသန့် ပေးမထားပေမယ့် အားလပ်ချိန်မှာ ဖတ်ကြတယ်။ ကလေးတွေ ကျောင်းမှာ ပြင်ပ စာအုပ်တွေကို အလွယ်တကူ ဖတ်နိုင်အောင် စာအုပ်တွေ ထားပေးသင့်တယ်။ ဒါပေမဲ့ စည်းဘောင် သတ်မှတ်ပေးဖို့တော့ လိုအပ်တယ်။ ပြင်ပ စာအုပ်ဆိုတဲ့နေရာမှာ အချစ်ဝတ္ထု ဖြစ်ကောင်းဖြစ်မယ် မကြည့်သင့်တဲ့စာအုပ်တွေ ဖြစ်ကောင်းဖြစ်မယ်။ အဲလိုဆို ကလေးရဲ့ ပညာရေးက မတိုးတက်နိုင်သလို အတုယူလည်း မှားသွားနိုင်တယ်။ 

ကလေးအရွယ်နဲ့ ကိုက်ညီမယ့် စာပေမျိုးတွေ ထားပေးသင့်တယ်။ ဥပမာ- ကလေးတွေ ကိုယ်တိုင် စဉ်းစားတတ်နိုင်အောင် တီထွင်၊ ဖန်တီးလိုစိတ်တွေ ရှိအောင် သိပ္ပံပညာရှင်တွေအကြောင်း၊ စာရိတ္တပိုင်းကို တိုးမြှင့်ပေးနိုင်မယ့် စာအုပ်တွေမျိုး၊ ပေါင်းသင်း ဆက်ဆံရေးဆိုင်ရာ စာအုပ်မျိုးတွေ ထားပေးသင့်တယ်။ ကျွန်မတို့ကျောင်းမှာ အဲလိုစာအုပ်တွေရှိပေ မယ့် ကလေးတွေက တိုင်းရင်းသားတွေဖြစ်နေတော့ ဗမာစကား အားနည်းတာကြောင့် တစ်ကျောင်းလုံး စုပြီး ဖတ်ပြတယ်။ စာဖတ်တဲ့ကလေးနဲ့ စာမဖတ်တဲ့ ကလေး အရမ်းကွာတယ်။ စူးစမ်းတွေးခေါ်ပုံချင်း မတူကြဘူး။ စာမဖတ်တဲ့ကလေးက ဆော့မယ်။ သိပ် မတွေးဘူး။ စာဖတ်တဲ့ကလေးကျ တစ်ခုခုဆို သိလိုစိတ်ပြင်းပြတယ်။ တစ်ခုခုဖြစ်ရင် ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာ ဆရာတွေကို မေးတယ်။ စာဖတ်ပြတဲ့အခါမှာ ကလေးတွေ စာကို စိတ်ဝင်စားမှု ရှိတယ်၊ မရှိဘူးဆိုတာက ဆရာရဲ့ စာဖတ်ပြနိုင်မှု စွမ်းရည်ပေါ်မှာ မူတည်တယ်။ စာမဖတ်နိုင်တဲ့ ကလေးတွေကို စိတ်ဝင်စားအောင် ဖတ်ပြစေချင်တယ်။
မြဇာခြည်သင်း

  • TAGS