News

POST TYPE

EDUCATION

ကမ္ဘာ့ပညာရေးနှင့် သင်ယူမှုကပ်ဆိုက်ခြင်း
07-Oct-2017 tagged as ကမ္ဘာ့ပညာရေး


ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့် (World Deve- lop mant Report 2018) အစီရင်ခံစာ ထွက်လာသည်။ ဝင်ငွေ အလယ်အလတ်နှင့် ဝင်ငွေနည်းနိုင်ငံများတွင် နေထိုင်ကြရသည့် လူငယ်များ၏  အနာဂတ် ပျောက်နေကြရကြောင်း ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ဘဝအတွက် အရေးကြီးသည့် မူလတန်းနှင့် အလယ်တန်း ပညာလောက်ကိုပင် သင်ကြားခွင့် မရခဲ့ကြသောကြောင့်ဖြစ်သည်။ ပညာမတတ်သဖြင့် အောင်မြင်ရေး လမ်းစတွေလည်း ပျောက်ဆုံးသူများ ဖြစ်နေကြရသည်။

ကမ္ဘာ့ပညာရေးသည် သင်ယူမှုကပ် (Learning Crisis) ကြီးတစ်ခုကို ရင်ဆိုင်နေရသည်။ ကျောင်း မတက်ရခြင်း၊ ကျောင်းတက်သော်လည်း စာမတတ်လာခြင်းများကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေး နေရသည်။

World Development Report 2018: “Learning to Realize Education’s Promise” အစီရင်ခံစာတွင် ပညာရေးဆိုသည်မှာ သင်ယူသူချည်းသက်သက် ရှိနေရန်မဟုတ်။ သင်ယူမည့်သူ (ကျောင်းသား) များလည်း ရှိနေရမည့် ဖြစ်စဉ်ကြီး တစ်ခုဖြစ်သည်။ သင်ယူသူနှင့် သင်ကြားသူရှိလျှင်လည်း တတ်မြောက်အောင် သင်ကြားနိုင်မှ၊ အကျိုးရှိအောင် လုပ်ပေးနိုင်မှ အောင်မြင်မှု တစ်ခုခုကို ရရှိသည်ဟု ဆိုနိုင်မည်။ အလွန်အမင်း ဆင်းရဲသည့် နိုင်ငံများတွင် ပညာဖြင့်သာ လွတ်မြောက်နိုင်သည်ဆိုသော အတွေးအခေါ်မျိုးနှင့် လက်တွေ့ကျသည့် ဖော်ဆောင်မှုမျိုးကို မပေးနိုင်လျှင် ပညာသင်ရသည်မှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။

နှစ်ပေါင်းများစွာ ကလေးများ စာမတတ်ခဲ့မှုများကို ရင်ဆိုင်ခဲ့ရပါသည်။ ကမ္ဘာပေါ်တွင် ကလေးများ သန်းချီပြီး စာရေး၊ စာဖတ်၊ အခြေခံသင်္ချာ အတွက်အချက်များကိုပင် မတတ်မှုများ ဖြစ်နေခဲ့ရသည်။ ထိုသို့ပညာခေတ်ကို လမ်းဖွင့်ပေးထားနိုင်သော်လည်း ပညာကို တတ်အောင် မသင်ပေးနိုင်ခြင်း၊ ရအောင် မယူနိုင်ခြင်းများကြောင့် ပေးကားပေး၏မရ၊ ကျွေးကားကျွေး၏ မဝဆိုသလို ဖြစ်နေကြရသည်။ အထူးသဖြင့် ဆင်းရဲမှုများ၊ လက်နက်ကိုင် ပဋိပက္ခများ၊ လူမျိုးရေး၊ ဘာသာရေး၊ လိင်ခွဲခြားမှုများ ခံစားနေရသည့် ကလေးများနှင့် မသန်စွမ်းသည့် ကလေးများသည် အခြေခံပညာ (အရေး၊ အဖတ်၊ အတွက်) “အ” သုံးလုံးပင် မတတ်မှုများ ရှိနေခြင်းကို သင်ယူမှုကပ်ဆိုက်ခြင်း (Learning Crisis) ဟု သတ်မှတ်ခြင်းဖြစ်သည်။ 

“သင်ယူမှု ကပ်ဆိုက်တယ်ဆိုတာ ကိုယ်ကျင့်တရားနဲ့ စီးပွားရေး ကပ်ဆိုက်တာလည်း ဖြစ်ပါတယ်။ ပညာရေးကို ကောင်းကောင်းလုပ်နိုင်ရင် သူတို့ဝင်ငွေလည်း ကောင်းမယ်၊ ကျန်းမာရေးအပြင် ဘဝအနေအထားတွေပါ တိုးတက်လာပါလိမ့်မယ်။ လူ့ဘောင် အဖွဲ့အစည်းတွေမှာ ပညာကြောင့် ပိုပြီးတော့ တီထွင်ဖန်တီးမှုတွေကို ဖြစ်လာစေတယ်။ ပညာကြောင့် လူ့ဘောင် အဖွဲ့အစည်းက ပိုပြီးတော့ ခိုင်မာလာစေတယ်။ ပညာကြောင့် အနာဂတ် လူမှုရေးပေါင်းစည်း ညီညွတ်မှုတွေကို ပိုပြီးတော့ ဖြစ်စေနိုင်တယ်။ တိုးတက်လာတဲ့ လူ့ဘောင် အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ဆိုတာ  ပညာမှာ အခြေခံနေတယ်။ ကျောင်းတက်ပြီး ပညာမတတ်သူတွေကို မွေးထုတ်ပေးနေရတယ်ဆိုတာ အချိန်ဖြုန်းနေသလိုပဲ။ လူ့ဘောင်အဖွဲ့အစည်းကြီး တစ်ခုလုံးမှာ ဒီလိုဆုံးရှုံးမှုကြီး ဖြစ်အောင် မလုပ်သင့်ပါဘူး။ ဘဝမှာ သူတို့ကို အောင်မြင်ရေးအတွက် ပညာတတ်လေးတွေဖြစ်အောင် လုပ်ပေးဖို့ တာဝန်ရှိပါတယ်။ မလုပ်ပေးနိုင်တာဟာ မတရား လုပ်နေသလိုပါပဲ”ဟု ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယမ်ကင်က ပြောကြားသည်။ 

ကမ္ဘာ့ဘဏ်က ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပညာရေး ကပ်ဆိုက်မှုများကို ကျော်လွှားနိုင်ရန်အတွက် ခိုင်မာသည့်မူဝါဒများကို ချမှတ်လုပ်ဆောင်သင့်ကြောင်း အကြံပြုထားသည်။ ပညာရေး ဆုံးဖြတ်ချက်နှင့် မူဝါဒများကို အကောင်အထည်ဖော်နေသူများသည် “လူတိုင်းအတွက် ပညာရေး၊ သင်ယူနိုင်ရန် အခွင့်အရေးပေး”ရန်လည်း လိုသည်။ တစ်နည်းအားဖြင့် အားလုံး သင်နိုင်အောင် အခွင့်အရေးပေး၊ တတ်အောင်လည်း သင်ပေးရန် အထူး အရေးကြီးလာသည်။ 

အစီရင်ခံစာပါ အချက်များကို လေ့လာကြည့်လျှင် ကင်ညာ၊ တန်ဇန်းနီးယားနှင့် ယူဂန်ဒါနိုင်ငံများတွင် သာမန် အင်္ဂလိပ်စာလောက်ကို မဖတ်တတ်ကြောင်း တွေ့ရသည်။ (The name of the dog is Puppy.) ဆိုသည့် စာကြောင်းအဓိပ္ပာယ်ကိုပင် မသိဖြစ်နေသည်။ အင်္ဂလိပ်လို ရေးပေးလည်း နားမလည်၊ ကစ်ဝါဟီလီ ဘာသာစကားနှင့် ရေးပေးလည်း မသိ ဖြစ်နေကြသည်။ ဆရာက ပါးစပ်က ပြောပြသည်ကို ကျောင်းသား သုံးပုံတစ်ပုံလောက်သာ ရေးရေးသိသည်။ အိန္ဒိယနိုင်ငံ ကျေးလက်ဒေသတွင် တတိယတန်းအဆင့် ကျောင်းသား သုံးပုံတစ်ပုံခန့်သည် ၄၆ ထဲမှ ၁၇ ကို မနုတ်တတ်ပေ။ ပဉ္စမတန်းအဆင့်တွင်လည်း သူ့အဆင့်နှင့်ညီသည့် သင်္ချာကို ကောင်းစွာ မတွက်တတ်ပေ။ 

ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဝင်ငွေများသည့် နိုင်ငံများမှ ကလေးများထက် ဆင်းရဲသည့်ဒေသများနှင့် ပဋိပက္ခဖြစ်ဆဲ ဒေသများမှ ကလေးများသည် သင်ယူမှု ကပ်ဆိုက်နေကြသည်။ ၉၅ ရာခိုင်နှုန်းခန့်မှာ ချမ်းသာသည့် နိုင်ငံကြီးများထက် စာတတ်မြောက်နိုင်သည့် အခွင့်အလမ်းတွေ နည်းနေကြရသည်ဟုဆိုသည်။

နိုင်ငံများရှိ အစိုးရများအနေနှင့် (Learning for All) ဆိုသည့် အားလုံး ပညာသင်ကြားခွင့် ရရှိရေးကို အလေးပေး ဆောင်ရွက်ရန် လိုအပ်နေပါသည်။ သို့မှသာ ပညာရေး အဆင့်အတန်းသည် တဖြည်းဖြည်း တိုးတက်မြင့်မားလာစရာ အကြောင်းရှိသည်။ 

၂၀ဝ၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ပီရူးနိုင်ငံသည် ပညာရေးအဆင့်မြင့်စေရန် လုပ်ဆောင်လာနိုင်ခြင်းမှာ (Learning for All) ကို အလေးပေး လုပ်ဆောင်လာခဲ့ခြင်းကြောင့်ဖြစ်သည်။ လိုင်ဘေးရီးယား၊ ပါပူအာ နယူးဂီနီနှင့် တွန်ဂါဒေသများတွင်လည်း ပညာရေးအဆင့် တိုးတက်လာခြင်းမှာ အောက်ခြေကစပြီး စနစ်တကျ မြှင့်တင် ပေးလာနိုင်သောကြောင့် ဖြစ်သည်။ 

“ပညာရေး တိုးတက်ဖို့ဆိုတာ တကယ့် ပကတိ အမှန်တရားကို မျက်မှောက်ပြုနိုင်ဖို့ လိုတယ်။ အမှန်တရားကို ထုတ်ပြန်နိုင်ဖို့ ရင်နာစရာ ဖြစ်ကောင်း ဖြစ်မယ်။ အမှန်ကိုသိရမှ ပြုပြင်သင့်တာကို ပြုပြင်နိုင်မယ်။ ကျောင်းထဲကို ကလေးတွေ အများကြီး ခေါ်ထည့်ထားနိုင်ရုံနဲ့ ပညာရေး ကောင်းအောင် လုပ်ပေးနေတာ မဟုတ်ဘူး”ဟု ကမ္ဘာ့ဘဏ် စီးပွားရေး ပညာရှင် ပေါလ်ရိုးမားက ဆိုသည်။

“ပညာရေး ပြုပြင်ပြောင်းလဲမှုကို အားချင်း လုပ်ချင်ရင် အစိုးရ၊ မီဒီယာ၊ လုပ်ငန်းရှင်တွေ၊ ဆရာတွေ၊ မိဘတွေနဲ့ ကျောင်းသားတွေ တညီတညွတ်တည်း အားလုံး ပူးပေါင်း ပါဝင်လာမှရမှာ။ သူတို့အားလုံးက ပညာရေးကို တန်ဖိုးထားပြီး အကောင်းဆုံးဖြစ်လာအောင် လုပ်ဆောင်ချင်တဲ့ ဆန္ဒရှိမှလည်း ပြောင်းလဲလာမှာ”ဟု ကမ္ဘာ့ဘဏ် ပညာရေးစီနီယာ ဒါရိုက်တာ ဂျေမီ ဆာဗီဒရာ၏ စကားကလည်း အလေးထားစရာ ဖြစ်သည်။

E-01
(Ref: World Development Report 2018: ‘Learning to Realize Education’s Promise’)