News

POST TYPE

EDUCATION

ကြိမ်လုံး၊ ဂယက်များကြားက မြန်မာ့ပညာရေး

မြန်မာနိုင်ငံ ပညာရေး လောကတွင် လတ်တလော ဝေဖန်မှုများစွာနှင့် ဂယက်ရိုက်ခတ်မှု အများဆုံးမှာ ဆရာများ စာသင်ကြားရာတွင် ရိုက်နှက်ဆုံးမမှု ဖြစ်သည်။ ဆရာများ၏ ရိုက်နှက်ဆုံးမမှုများမှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားပြီးနောက် ပညာရေး ဝန်ကြီးဌာန၏ အရေးယူမှုများ၊ ခေါ်ယူညှိနှိုင်းရမှုများ ဖြစ်ခဲ့ပြီး စာသင်ကြားရာတွင် ရိုက်နှက်ဆုံးမမှုအပေါ် ကန့်သတ်မှုများလည်း ရှိခဲ့သည်။ ယင်းအပေါ် လက်ခံခြင်း၊ လက်မခံခြင်း အမြင်များစွာကလည်း ထပ်မံ ဂယက်ရိုက်ခတ်စေခဲ့သည်။ အောက်တိုဘာလ ၅ ရက်နေ့ (ယနေ့) မှာ ကမ္ဘာ့ဆရာများနေ့ ဖြစ်သည်နှင့်အညီ The Voice Daily အနေနှင့် ‘ကြိမ်လုံး၊ ဂယက်များကြားက မြန်မာ့ပညာရေး’ ဆောင်းပါးကို ရေးသားဖော်ပြအပ်ပါသည်။ (အယ်ဒီတာ)

မန္တလေးမြို့ နန်းရှေ့အရပ်တွင် ဖွင့်လှစ်ထားသော ဖောင်တော်ဦး ပရဟိတ စာသင်ကျောင်းသည်  ကျောင်းသားများကို ရိုက်နှက်ဆုံးမခြင်းကို ကန့်သတ်ထားသော မြန်မာနိုင်ငံ၏ စာသင်ကျောင်းများ အနည်းငယ်တွင် တစ်ခုပါဝင်သောကျောင်း ဖြစ်သည်။

ထိုကျောင်းကို တည်ထောင်သူ ဖောင်တော်ဦး ဆရာတော်သည် ကျောင်းသားများ ကိုရိုက်နှက်ဆုံးမသူများကို အလုပ်မှ ထုတ်ပယ်မည်ဟုလည်း ကျောင်းတွင် လွန်ခဲ့သော ၁၀ နှစ်ခန့်မှစ၍ စည်းကမ်းထုတ်ထားခဲ့သည်။

ဖောင်တော်ဦး ဆရာတော် စာသင်သားဘဝက စာချ ဦးပဉ္စင်း၏ မာန်မဲဆူပူမှုကြောင့် အကြီးအကျယ်  စိတ်ဒဏ်ရာရကာ စိတ်ဓာတ်ကျ သိမ်ငယ်ခဲ့ဖူးသည်။ စိတ်ဒဏ်ရာဖြစ်စေခြင်း၏ အကျိုးဆက်က လူထွက်ပစ်ရန်အထိ ဖြစ်ခဲ့သည်။ 

ယင်းအဖြစ်ကို သင်ခန်းစာယူ၍ ယခု ဖောင်တော်ဦး ဆရာတော် ဖြစ်လာသည့်အခါ ကျောင်းသားများကို ကိုယ်၊ စိတ်ဒဏ်ရာ မရစေရန် စည်းကမ်းသတ်မှတ်ထားသည်။ လွန်ခဲ့သော် နှစ် ၅၇ နှစ်ခန့်က သူစိတ်ထဲတွင် ဒဏ်ရာရခဲ့သည့် စကားကို သူက အခုလို ပြန်ပြောပြသည်။

“မင်းတို့ ဉာဏ်နဲ့ စာသင်တိုက် မသွားနဲ့၊ ဘယ်တော့မှ စာမတတ်ဘူး”

စာချ ဦးပဉ္စင်းက ကျက်ခိုင်းသည့်စာ ပါဠိ၊ အနက်တွဲမေးသည့်အခါ မရ၍ ဆူပူကြိမ်းမောင်းခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က စာသင်တိုက်သွားရန် အသည်းအသန် ကြိုးပမ်းနေချိန်။ သာမဏေငယ်ဘဝ။ အသက်အားဖြင့် ၁၄ နှစ်ခန့်အရွယ်။ ဝါအားဖြင့် လေးဝါ။ ငါးဝါခန့်သာ ရှိသေးသည်။
“ငါစာရော တတ်ပါ့မလား” ဟု ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်ခဲ့ရကြောင်း ဆရာတော်က မိန့်သည်။

“ရိုက်ပြီးဆုံးမတာ  ဗုဒ္ဓရဲ့သီအိုရီနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်” ဟု ဆရာတော် ဦးနာယကက မိန့်ကြားသည်။ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ကျောင်းတွင် ကျောင်းသား ၇၀၀၀ ကျော်ရှိသည်။

သို့သော် ကျောင်းသား ကလေးသူငယ်များကို မရိုက်နှက်ရန် စည်းကမ်းချထားသည်။ ရိုက်လျှင် ရိုက်သည့်ဆရာ၊ ဆရာမ ပထမအကြိမ် တစ်လ လစာမဲ့  နားရမည်၊ ဒုတိယအကြိမ်ရိုက်လျှင် သုံးလလစာမဲ့ နားရသည်။

တတိယအကြိမ် ရိုက်နှက်လျှင် အလုပ်မှ၊ ကျောင်းမှ ထုတ်ပယ်ပစ်သည်။ ယင်းမူဝါသုံးခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော်ကြာပြီ ဖြစ်သည်။

“ကလေးကို စိတ်ဒဏ်ရာ ရသွားစေတဲ့အရာဆိုရင် ဘယ်အရာမှ မလုပ်သင့်ဘူး” ဟု ဆရာတော် ဦးနာယက က မိန့်သည်။

မြန်မာ့ပညာရေးအစ ပုဂံခေတ် ဘုန်းတော်ကြီးသင် ပညာရေးကဟု ဆိုနိုင်ပါလိမ့်မည်။

ဘကကျောင်းများသည် ခေတ်အဆက်ဆက် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေခဲ့သည်။

ယခုအတိုင် ရှိနေဆဲဖြစ်သည်။ အတွေးအခေါ်ပိုင်းတွင်လည်း ကျန်နေဆဲဖြစ်သည်။ မင်းတုန်းမင်း ငယ်စဉ်ဘုန်းကြီးကျောင်းသားဘ၀နှင့် ငါးခြောက် တစ်ပြား ဇာတ်လမ်း။ ထိုဇာတ်လမ်းသည် ဘုန်းတော်ကြီးများ၏ ပညာသင်ကြားရေးတွင် ကိုးကားစရာ ဇာတ်လမ်းတစ်ပုဒ်။

နိုင်ငံကို အုပ်ချုပ်မင်းလုပ်မည့်သူက ငါးခြောက် တစ်ပြားကိုပင် လုံခြုံအောင် မစောင့်ရှောက်နိုင်လျှင်  နိုင်ငံကို မည်သို့လုံခြုံအောင် စောင့်ရှောက်နိုင်မည်လဲဆိုကာ အချက်ပေါင်းများစွာ ဆရာတော်က ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

ထိုပြင် လောကနီတိလာ “အိုးကောင်းလိုချင် နာနာခတ်” ဇာတ်လမ်း။ အိုးသားကောင်းကောင်း လိုချင်လျှင် နာနာခတ်ရမည်၊ လူတော်၊ လူကောင်းရဖို့ ရိုက်၍ ဆုံးမဖို့ လိုအပ်လျှင် ရိုက်၍ ဆုံးမရမည်၊ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲသည်ဆိုသော အတွေးအခေါ်မှားများ ယခုခေတ် ဆရာများ၏ အယူအဆ၊ အတွေးအခေါ်များတွင် ကျန်ဆဲဖြစ်သည်ဟု ဦးနာယကက  မိန့်သည်။

“အိုးသည် သက်မဲ့။ လူသည် သက်ရှိ။ အတူတူ လုပ်လို့ရလား။ နီတိမှာပါတဲ့ အိုးကို နာနာခတ်ရင် အိုးသားတက်တယ်။ လူကိုလည်း နာနာရိုက်ပုတ်ဆုံးမရင် အရည်အသွေးတက်တယ်ဆိုရင် ဒါမှားယွင်းတဲ့ အယူအဆဖြစ်တယ်” ဟု ဆရာတော်က မိန့်သည်။

သို့သော်လည်း မြန်မာယဉ်ကျေးမှုတွင် ဆရာကို မိဘနှင့် တစ်တန်းတည်းထားပြီး ရိုက်နှက်ဆုံးမခြင်း ကိုလိုလိုလားလား ခံယူကြသည်။

“ကျွန်မသားလေး မကျိုးမပဲ့ရင် တော်ပါပြီ။ ဆရာရယ် ရိုက်ပါ” ဟုပင် မိဘများက ဆရာများကို ရှေးအစဉ်အဆက်က အပ်နှံကြသည်။

လူမှုကွန်ရက်များ အားကောင်းလာသော ယခုနှစ်များတွင် ကျောင်းသားများကို ဆရာများ ရိုက်နှက်ဆုံးမမှုအပေါ် ဝေဖန်လာကြသည်။

ပြီးခဲသည်ရက်ပိုင်းကတော့ သာမန်ရိုက်နှက်တာထက် ပိုသော အပြစ်ပေးမှုက ကျောင်းသားဆရာ မိဘများကြား ပွက်လောရိုက်သွားခဲ့သည်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ကူးတို့ဆိပ်ကျေးရွာ မူလတန်းလွန်ကျောင်း၊ လပတ်စာမေးပွဲ ဖြေဆိုခါနီးအချိန်။

ဒုတိယအတန်းအရွယ် ကျောင်းသား၊ ကျောင်းသူများက စာမရ။

ဆရာမဖြစ်သူက စာသင်ခန်းရှေ့ ဘောင်းဘီ၊ စကတ်ချွတ်စေကာ အရှက်ရစေခြင်းဖြင့် အပြစ်ပေး ဆုံးမသည်၊၊

ယင်းဓာတ်ပုံများ လူမှုကွန်ရက်သို့ တင်လိုက်သည်။ မိဘများ၊ ဆရာများ ဝေဖန်သံ ပွက်လောရိုက်  ဂယက်ထသွားသည်၊၊

ယင်းဖြစ်ရပ်ကြောင့် ဆရာမကို ရက်အကန့်အသတ်မရှိ စာသင်ကြားခွင့် ရပ်ဆိုင်းထားသည်။ မြို့နယ်ပညာရေးမှူးရုံးသို့ ပြောင်းရွှေ့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည်၊၊

ယခုအထိ ပြီးပြတ်သည့်အဖြေ မထွက်သေး၊၊ စစ်ဆေးနေဆဲ ဖြစ်သည်၊၊ ပညာရေး ဝန်ကြီးဌာန အနေနှင့်လည်း ထိုကိစ္စကို ချက်ချင်းဆန်းစစ် အရေးယူရသည်အထိ ဖြစ်ခဲ့သည်။

ရှမ်းပြည်နယ် ကျောက်မဲမြို့ အလက (၃) ထခွဲ ကျောင်းမှ အထက်တန်းပြ မြန်မာစာ ဆရာမ ဒေါ်ယုယုထွေးက ဆရာမလုပ်ခါစက စာမရသည့် ကျောင်းသားများကို ရိုက်လေ့ရှိသည်။ သို့သော် ယခုအခါ စာမရ၍ မရိုက်တော့ဟု ပြောသည်
“ကျောင်းသားတွေက အရင်လို မဟုတ်တော့ဘူး ဆရာမကိုလည်း မလေးစားကြဘူး” ဟု သူမက ပြောသည်။

မန္တလေးမြို့ ပုသိမ်ကြီးမြို့ အထက်တန်းကျောင်း ဒသမတန်းတွင် ရူပဗေဒ ဘာသာရပ်သင် ဆရာမ စာသင်ကြားနေစဉ် စာလိုက်မရေးသည့် ကျောင်းသားကို ဆုံးမရာ နာခံခြင်း မရှိသဖြင့် အတန်းပိုင် ဆရာမနှင့် အတန်းမှူးတို့ကို ခေါ်ယူ၍ ထပ်မံဆုံးမနေစဉ် အဆိုပါကျောင်းသားက ရူပဗေဒ ဘာသာရပ်သင် ဆရာမကို လက်သီးဖြင့် ထိုးခဲ့သည်။ 

ယင်းဖြစ်စဉ်မျိုးသာမက၊ ကိုယ်တွေ့ဖြစ်စဉ်များကြောင့် ယခုခေတ်ကျောင်းသားများကို သင်ကြားရာတွင် တုတ်မကိုင်၍ မရဟု ဆိုသည်။ စာသင်ရသည်က လူပျို၊ အပျိုဖော်ဝင်ခါစ ဆယ်ကျော်သက်များ။ စာသင်ခန်းအတွင်းတွင် ကျောင်းသားအချို့ အတော်ရိုင်းသည်။ ဆရာမကိုလည်း လူမထင်ဟု ဒေါ်ယုယုထွေးက ဆိုသည်။

“ကျွန်မ အခန်းက ကလေး စာအုပ်မပါ စာလိုက်မရေးဘဲ စာသင်ချိန် မုန့်စားလို့ ရိုက်လိုက်တာလေ။ အဲ့ဒါပြန်လုပ်ချင်တာ။ လုပ်ရဲလုပ်ကြည့်။ မင်းတို့ထက် မိုက်လို့ ဆရာမ လုပ်နေတာ၊ လုပ်လေလို့ ပြောလိုက်တယ်။ သူလုပ်ရင်တော့ ပြန်ရိုက်ပစ်မှာ။ ဘာဖြစ်ဖြစ် အလုပ်ထွက်ချင်ထွက်ရ” ဟု သူ့ကိုယ်တွေ့ကို ပြောသည်။

ရေတာရှည် ဖြစ်စဉ်နှင့် မရှေးမနှောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ငါးလူးတုန်းကျေးရွာ အလယ်တန်းကျောင်းတွင်လည်း ဆရာ၏ အပြစ်ပေးမှုနှင့် ပတ်သက်၍ ဝေဖန်စရာတစ်ခု ဖြစ်ခဲ့သည်။

ပဉ္စမတန်း ကျောင်းသားနှစ်ဦး ရန်ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ဆရာဖြစ်သူက သစ်သားချောင်းဖြင့် ရိုက်နှက်အပြစ်ပေးသည်။

ကလေးငယ်များ၏ တင်ပါးတွင် အစင်းများဖြင့် ဓာတ်ပုံများက လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြန်သည်။ ယင်းကြောင့် လူထုကြား ပညာရေး အသိုင်းအဝိုင်းကို ပိုစိတ်ပျက်စေလာပြန်သည်။

ယင်းဖြစ်စဉ်ကိုလည်း မြို့နယ်ပညာရေးမှူးက စစ်ဆေးသည်။ မိဘများနှင့် ကျောင်းဆရာတို့ ကျေအေးပြီ ဖြစ်သည်။

ကျောင်းဆရာ၊ ဆရာမ အသိုင်းအဝိုင်းကို ဝေဖန်မှုများက ဘူးလေးရာ ဖရုံဆင့်။ ထိုသို့ အပြစ်ပေးမှုကိုမူ ဆရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက သဘောမတွေ့။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဆရာများအနေနှင့် ရိုက်၍ ဆုံးမခြင်းကို လက်ခံ၊ လက်မခံ အယူအဆကွဲပြားမှု ရှိကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖြစ်သူ ၎င်းက ဆိုသည်။
ယခင်ခေတ်အဆက်ဆက် မိဘများကိုယ်တိုင်က သား၊ သမီးကို ဆရာထံ ‘ဝ’ ကွက်အပ်သည်။

ယခုအခါ ရိုက်နှက်ဆုံးမခြင်း၊ အရှက်သိက္ခာရစေရန် ဆုံးမခြင်းကို လူမှုအသိုင်းအဝိုင်းက လက်မခံတော့။

ယခုခေတ် ကျောင်းသားများ၏ အမြင်သဘောထားကလည်း ပြောင်းလာသည်။ နည်းပညာနှင့် ပိုနီးစပ်လာခြင်းကြောင့် အမြင်ပိုကျယ်လာကြောင်း ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဆိုသည်။

“ရိုက်နှက်ဆုံးမတာကို ခေတ်ကာလအရ လူ့အသိုင်းအဝိုင်းက လက်မခံတော့ဘူး။ တခြားပုံစံ အပြစ်ပေးတာကို ပြောင်းလဲရမယ်။ ဘာကြောင့် ကျောင်းသားက ဒီလိုအပြစ်လုပ်သလဲဆိုတာ ဆရာတွေက သိအောင်လုပ်ရမယ်။ မိဘတွေနဲ့ ဆွေးနွေးရမယ်” ဟု ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဆိုသည်။

ထိုဖြစ်ရပ်ဖြစ်ပွားပြီးနောက် အခြေခံပညာဦးစီးဌာနက ညွှန်ကြားစာ ထုတ်ပြန်သည်၊၊

ကျောင်းသားကလေးငယ်များကို လက်ဖြင့် ဖြစ်စေ၊ တုတ်ဖြင့် ဖြစ်စေ မရိုက်နှက်ရ၊၊ ကာယိနြေ္ဒ ပျက်ပြား၊ အရှက်သိက္ခာရအောင် မပြုလုပ်ရ၊၊ ယင်းညွှန်ကြားချက်ကြောင့်ပင် ထပ်၍ ပွက်လောရိုက်ကြပြန်သည်၊၊

သို့သော် ယင်းညွှန်ကြားချက်ကား ယခုမှ အသစ်ထုတ်ခြင်း မဟုတ်၊၊ ယခင် ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်း လက်ထက်နှင့် ယင်းမတိုင်မီ ကတည်းကပင် ညွှန်ကြားပြီး ဖြစ်သည်၊၊

“မန္တလေးမှာ ဖြစ်တာပေါ့ဗျာ ဒီလိုဗျ။ ဆရာမ တစ်ယောက်က ကျောင်းသားကို ရိုက်လိုက်တဲ့ အခါကျတော့ ကြိမ်လုံးကပတ်ပြီး မျက်လုံးတစ်ဖက် အန္တရာယ် ဖြစ်သွားတာပေါ့။ အဲဒီကနေ စပြီးတော့ ဆရာမတွေ မရိုက်ဖို့ အမိန့်ထုတ်ခဲ့တာပေါ့။ ဝန်ကြီး ဒေါက်တာချမ်းငြိမ်း လက်ထက်တုန်းကပေါ့” ဟု အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောင်းသားများကို မည်သို့ ကိုင်တွယ်ရမည့်အကြောင်း ပညာရေး စိတ်ပညာကို ဆရာများ သင်ကြားပြီးသား ဖြစ်သည်။ သို့သော် စိတ်ပညာဆိုင်ရာများကို ဆရာများကိုယ်တိုင် စဉ်ဆက်မပြတ် လေ့လာရန်လိုသည်။

သင်ကြားပေးသော်လည်း သတိလက်လွတ် ဖြစ်သောအခါ မှားယွင်းသည့် အပြစ်ပေးမှု ဖြစ်လာသည်ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ထို့ကြောင့် ပညာရေး ဝန်ကြီးဌာန အနေနှင့် ပညာရေး စိတ်ပညာဆိုင်ရာများကို စဉ်ဆက်မပြတ် လေ့လာနိုင်စေရန် အသိပညာပေးခြင်း၊ နှိုးဆော်ခြင်း၊  မွမ်းမံသင်တန်းပေးခြင်းများ လုပ်ဆောင်ရန် အစီအစဉ်များ ရေးဆွဲနေကြောင်း ယင်းဌာနထံမှ သိရှိရသည်။

ကျောင်းသားများသည် ပတ်ဝန်းကျင်မျိုးစုံမှလာပြီး စရိုက်မျိုးစုံရှိ၍ ကျောင်းသားမိဘများနှင့် ပူးပေါင်းကြရန် လိုအပ်သည်။

မိဘများကိုယ်တိုင်ကလည်း ရိုက်နှက်ဆုံးမခြင်းဖြင့် လိမ္မာမည်ဟု အယူအဆရှိခြင်းကို ပြောင်းလဲပစ်နိုင်ရမည် ဖြစ်သည်။

ယင်းသို့ ရိုက်နှက်ဆုံးမခြင်းသည် ခဏတဖြုတ်သာ ကောင်းနိုင်သော်လည်း ရေရှည်တွင် ဆိုးကျိုးများသည်။

“အိမ်သာတက်ချင်တဲ့ ကလေးက အိမ်သာမတက်ရရင် စိတ်ကျေနပ်မှုရမှာ မဟုတ်ဘူး။ ဒီဟာကို  အလွယ်တကူ တက်လို့ရအောင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ။ ရေဆာတဲ့ကလေး ရေမတိုက်ရင်၊ ရေလုံလောက်အောင် မသောက်ရရင် စိတ်ကျေနပ်မှု ဖြစ်မလား။ စိတ်မကျေနပ်မှု ဖြစ်ရာကနေ ဒီလိုဖြစ်သွား တာ။ ပြဿနာကျောင်းသား ဖြစ်သွားတာ” ဟု အဆိုပါ တာဝန်ရှိသူက ပြောဆိုသည်။

စာအုပ်မပါ၊ စာမရေး၊ စည်းကမ်းမလိုက်နာသည့် တပည့်များကို ရိုက်မည်။ လိမ္မာစေချင်၊ တော်စေချင်၊ တတ်စေချင်၍ ဖြစ်သည်ဟု ဆရာအချို့ကလည်း ဆိုကြသည်။ ထိုသို့ အယူအဆရှိသည့် ဆရာများ၊ ယင်းအယူအဆကို ထောက်ခံသည့် ဆရာများကလည်း များစွာရှိသည်။

ယင်းသို့သော ဖြစ်စဉ်များကြောင့် ကျောင်းဆရာမအလုပ်ကို စိတ်ပျက်ငြီးငွေ့နေသူ ရှိသည်။ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်အတွင်းမှ အမည်မဖော်လိုသည့် ကျောင်းဆရာမတစ်ဦး။ အမည်မဖော်လိုသည်ကလည်း ဌာနတွင်း အကြီးအကဲများ၏ ဖိနှိပ်ခံရမည်ကို စိုးရွံ့သောကြောင့်ပင်။

“ဌာနတွင်းကို ပြောရရင် ကလေးကို -င်ချွတ်တဲ့ ဆရာမထက်ပိုတဲ့ အပြစ်တွေ ကျူးလွန်နေတာ  အများကြီးပဲ။ ဖော်ရရင် တစ်ထိုင်တည်း ပြောမကုန်ပါဘူး။ ဥပမာပြောရရင် ကျောင်းတွေ ဘက်စုံဖွံ့ဖြိုးရေးသုံးဖို့ အသေးသုံးတွေကို ကျောင်းအုပ်အချို့ ဖြောင်ပစ်တာမျိုး၊ ကျောင်းဆောင်တွေကိုချတဲ့ ဘတ်ဂျက်ရဲ့ တစ်ဝက်လောက်နဲ့ အရည်အသွေး လုံးဝမမီအောင်ဆောက်တဲ့ ကုမ္ပဏီတွေကို အထုပ်အထည်နဲ့ လက်ခံနေတဲ့ ပညာရေးမှူးအချို့၊ ဖေ့စ်ဘွတ်ခ်ပေါ်ရောက်တဲ့ ကံဆိုးသူ ဆရာမတစ်ယောက်ကို အလုပ်ထုတ်တာလောက်တော့ ဝန်ထမ်းလောကမှာ ရယ်စရာပဲ၊ ဆရာမတစ်ယောက်ဘဝကို တော်တော်စိတ်ပျက်လာတယ်” ဟု အဆိုပါ ဆရာမက ရင်ဖွင့်သည်။

ဆရာ၊ တပည့် အချိုးမညီ။ ကျောင်းသားဦးရေ များပြားသည်၊၊ ကျောင်းစာသင်ခန်း၏ မပြောင်းလဲနိုင်သေးသော အခြေအနေ၊၊

ထို့ကြောင့် စရိုက်မျိုးစုံ ကလေးငယ် ကျောင်းသားများ ရှိသည်၊၊ မူလတန်းဆင့်တွင် ပြဿနာမရှိ၊၊ အလယ်တန်းဆင့်တွင် ကျောင်းသားအချို့ ထိန်းမရ၊၊ တစ်ဖက်ကလည်း လပိုင်းမာတိကာအရ သင်ခန်းစာ ပြီးစီးအောင် သင်ရသည်၊၊ အောင်ချက်ရာခိုင်နှုန်းက ဖိအားရှိပြန်သေးသည်။ ထိုသို့သော ပြဿနာကျောင်းသားကြောင့် စာသင်ကြားရေးက ခရီးမပေါက်။

ပထမအဆင့် ချော့ရသည်၊၊ အကျိုးအကြောင်း  ပြောဆိုသည်။ မရ၊၊ မိဘနှင့် ပူးပေါင်းကြပ်မတ်သည်။ မရ။

နောက်ဆုံး ရိုက်၍ ဆုံးမရသည်၊၊ တစ်ဖန် စာမရလျှင်လည်း ရိုက်ဆုံးမရပြန်သည်၊၊

“စာမတတ်ဘူးဆိုတာ သိနေတဲ့ ဆရာတစ်ယောက်ရဲ့ စိတ်ထဲ ဒီတိုင်းလျစ်လျူမရှုလိုက်နိုင်ဘူး” ဟု အဆိုပါ ဆရာမက ပြောဆိုသည်။

မိမိကိုယ်တိုင် တုတ်မကိုင်လို။ မရိုက်လို။ ယင်းသို့ အခြေအနေကြောင့် ရိုက်ရ၊ တုတ်ကိုင်ရသည်။ သို့သော် မိမိကျူရှင် မတက်၍ ရိုက်နှက်ခြင်း၊ အသေးအဖွဲကိစ္စကိုပင် ရိုက်နှက်ခြင်းနှင့် ဒေါသဖြင့် ရိုက်နှက်ခြင်းကို မိမိကိုယ်တိုင်က ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု သူ့သဘောထားကို ပြောသည်၊၊

ဆရာ ကျောင်းသားအချိုး၊ စာသင်ခန်း အနေအထား၊ သင်ခန်းစာ သင်ကြားရမှု၊ အောင်ချက်ရာခိုင်နှုန်း။ ထိုဖိအားများကြောင့် ရိုက်၍ ဆုံးမရသည့် အခါ ဆုံးမရသည်။ ဆရာအချို့၏ ထိုအကြောင်းပြချက်ကိုမူ ဆရာတော်က လက်မခံ။

ထို့ကြောင့် ဆရာများကိုယ်တိုင်က အရည်အချင်းဖြည့်ဆည်းရမည်။ အကြောက်တရားကင်းသော ပညာသင်ကြားရေးကို ဆရာများကိုယ်တိုင်က ဖော်ဆောင်ရမည်။ ခက်ခဲမည် ဖြစ်သော်လည်း ကြိုးစားရမည်ဟု ဦးနာယက ကမိန့်သည်။

ကျောင်းသားများကို မရိုက်ရမူဝါ သုံးခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော်ကြာပြီ ဖြစ်သည်၊၊ ဆယ်စုနှစ် တစ်ခုကျော်အတွင်း ရိုက်နှက်၍ ပထမအဆင့် တစ်လ လစာမဲ့ အလုပ်နားရသူ ဆရာ ၄ ဦးခန့်သာ ရှိသည်။

ဒုတိယအကြိမ် ကျူးလွန်သူ မရှိကြောင်း ဆရာတော်က မိန့်သည်၊၊ ကျောင်းသားများ အနေနှင့်လည်း ကလေးသူငယ်အခွင့်အရေး ရစေသည်။ မိမိကို ရိုက်နှက်လျှင် ဆရာတော်ထံသို့ တိုက်ရိုက်ဖြစ်စေ၊ အကြံပြုစာပုံးမှ ဖြစ်စေ တိုင်ကြားအသိပေးနိုင်သည်၊၊

ဆရာတော်သည် ယင်းသို့သော ကြိုးပမ်းဆောင်ရွက်ချက်များကြောင့် ပြည်သူ့ဂုဏ်ရည်ဆု၊ နိုင်ငံစွမ်းဆောင်ရည်ဆုတို့ ရရှိခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ်က ကမ္ဘာ့ဆရာဆု (Global Teacher Prize) ဆန်ခါတင် ၅၀ စာရင်းတွင်လည်း ရွေးချယ်ခံခဲ့ရသည်။ 

သို့သော် မြန်မာ့ပညာရေး၏ လက်ရှိအခြေအနေကား ထို့သို့မဟုတ် ဆရာ၏ တုတ်နောက်တွင်  ကျောင်းသားများ၏ ဒဏ်ရာ။ စိတ်ဒဏ်ရာ။ တစ်ဖန် တုတ်နောက်တွင်လည်း ဆရာများအတွက် ပြစ်ဒဏ်။ ဆရာများ အတွေ့အကြုံအရကလည်း မရိုက်ဘဲ ဆုံးမ၍ ရနိုင်မည် ဆိုသည်က ကျောင်းသားတိုင်း အတွက်တော့ ဖြစ်နိုင်မည် မထင်။

မည်သို့ပင်ဆိုစေ ဆရာတော် ဦးနာယကကမူ “မရိုက်လို့ မတတ်တာ မဟုတ်ဘူး၊ မသင်တတ်လို့ မတတ်တာ” ဟု မိန့်သည်။

နေဇာကျော်