News

POST TYPE

EDUCATION

ဘူးသီးတောင်တွင် စာသင်ကျောင်း ၂၀ ယနေ့ ပြန်ဖွင့်မည်
12-Sep-2017 tagged as ပညာရေး ရခိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၂၀ ကို ယနေ့ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းနှင့်အဖွဲ့သည် ဘူးသီးတောင်မြို့သို့ စက်တင်ဘာလ ၁၁ ရက်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် နယ်မြေကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ဘူးသီးတောင်မြို့ပေါ်ရှိ စာသင်ကျောင်း ၂၀ ကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စက်တင်ဘာ ၁၁ ရက်နေ့တွင် ဆရာ၊ ဆရာမများကို အစည်းအဝေး ခေါ်ယူကာ အသိပေး အကြောင်းကြားမှုများ ပြုလုပ်ထားကြောင်း ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးညွှန့်ဖေက ပြောသည်။

“အခုဖွင့်တဲ့ကျောင်းတွေက ဘင်္ဂါလီကျောင်း မပါဘူး။ တပ်က ကျောင်းကိုးကျောင်းနဲ့ ရခိုင်တိုင်းရင်းသားကျောင်း ၁၁ ကျောင်း စုစုပေါင်း ၂၀ ကို မနက်ဖြန် ဖွင့်မှာပါ” ဟု ၎င်းက ပြောဆိုသည်။

အထက စေတီတောင်၊ အလကခွဲ စည်တောင်၊ ကွန်းတောင်၊ စပါးထား၊ ကံပြင်၊ သိုင်းတပုတ်၊ အထက ၂ ဘူးသီးတောင်၊ ကျောက်ပြင်ဆိပ်၊ နွားရုံတောင်၊ အမကခွဲ(သစ်တော)၊ အထက - လက်ဝဲဒက်၊ ပုဇွန်ချောင်း၊ အလက -စကခ(၁၅)၊ အမက- ထိန်တော၊ မူလွန် -ခမရ(၃၅၂)၊ အမက- မခရ(၃၅၃)၊ အမက-မခရ (၅၅၁)၊ အမက- မခရ(၅၆၅)၊ အမက-ခမရ(၅၅၂) နှင့် အမကခွဲ-ခမရ(၅၆၄) စသည့် ကျောင်းပေါင်း ၂၀ ကို ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပြီး မရောက်ရှိသေးသည့် ဆရာ ဆရာမများကိုလည်း ဆက်သွယ်အကြောင်းကြားမှုများ ပြုလုပ်ထားကြောင်း ဦးညွှန့်ဖေက ပြောသည်။

သြဂုတ်လ ၂၅ ရက်က စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့နယ်ရှိ ကျေးရွာများမှ ရွာသူရွာသားများ၊ ဝန်ထမ်းများနှင့် ကျောင်းသားလူငယ် တိုင်းရင်းသား နှစ်သောင်းခြောက်ထောင်ကျော်သည် နေရပ်စွန့်ခွာကာ ကယ်ဆယ်ရေးစခန်းများတွင် တိမ်းရှောင်နေရသည်။

စက်တင်ဘာ ၉ ရက်က ယင်းနေ ရပ်စွန့်ခွာသူ အယောက် ငါးရာခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ဦးဆောင်ကာ ၎င်းတို့၏ နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ထံမှ သိရသည်။

J-09