News

POST TYPE

EDUCATION

ဘကကျောင်းဆရာများနှင့် ကျောင်းသားများကို မောင်တောသို့ ပို့ဆောင်
ရန်ကုန်၊ စက်တင်ဘာ ၁၁

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် မောင်တောမြို့နယ် တောင်ပြို လက်ဝဲကျေးရွာတွင် ပြောင်းရွှေ့ နေထိုင်နေသည့် နံ့သာတောင် ပရဟိတစာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို စက်တင်ဘာလ ၁၀ ရက်က မောင်တောမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးထံမှ သိရသည်။

နံ့သာတောင် ပရဟိတကျောင်းမှ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ စုစုပေါင်း ၂၆၄ ယောက်ကို စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်လမ်းကြောင်းဖြင့် လိုက်ပါကာ မောင်တောမြို့သို့ တပ်မတော် မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ယင်းကျောင်းသား ကျောင်းသူများကို မောင်တောမြို့ပေါ်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ပညာဆက်လက်သင်ကြားနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောဆိုသည်။

ယင်းကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာကျောင်းများမှ မဟုတ်ဘဲ ပရဟိတကျောင်းများမှ ကျောင်းသားများဖြစ်သည့်အတွက် မောင်တောမြို့ပေါ်ရှိ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွင် စုရပ်လုပ်ကာ ပညာဆက်လက်သင်ကြားရေး ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“အဲ့ဒီကလေးတွေက ကျွန်တော်တို့ အခြေခံပညာကျောင်းက ကလေးတွေ မဟုတ်ဘူး။ ပရဟိတကျောင်းက ကျောင်းသားတွေဆိုတော့ မောင်တောမြို့က ပရဟိတကျောင်းမှာ စာပြန်သင်မှာပါ”ဟု ၎င်းက ဆိုသည်။

လက်ရှိ အခြေအနေအရ မောင်တော မြို့ပေါ်တွင် အခြေခံပညာ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရန် အစီအစဉ် မရှိသေးကြောင်း ဦးအောင်ကျော်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ကျေးရွာများတွင် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပရဟိတ ဘုန်းတော်ကြီးကျောင်း အပါအဝင် နေအိမ်များ မီးရှို့ဖျက် ဆီးခံခဲ့ရသဖြင့် နံ့သာတောင် ကျေးရွာမှ ရွာသူ၊ ရွာသားများနှင့် ကျောင်းသူ၊ ကျောင်းသားများသည် တောင်ပြိုလက်ဝဲရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြောင်းရွှေ့ခိုလှုံနေရခြင်းဖြစ်သည်။

J-09