News

POST TYPE

EDUCATION

ကွန်ပျူတာ ပညာရေး ကလေးတွေနဲ့ မဝေးစေချင်
25-Aug-2016 tagged as

အနာဂတ် ပညာရေးမှာ ကွန်ပျူတာကုတ်တွေ ဘယ်လိုရေးရမလဲ၊ ကွန်ပျူတာ ပရိုဂရမ်းမင်းကို ပညာရေးမှာ ဘယ်လိုထည့်သွင်း သင်ကြားရမယ်ဆိုတာ မပါမဖြစ် သင်ရိုးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ပညာရေးမှာ ကွန်ပျူတာဆိုတာ မရှိမဖြစ်၊ မသုံးမဖြစ် ပစ္စည်းတစ်ခု အနေနဲ့ ပါဝင်လာမယ်ဆိုတာနဲ့ ကွန်ပျူတာ Code နဲ့ Programming သဘောတရားတွေကို ကလေးတွေနဲ့ မိတ်ဆက်နိုင်အောင် ကြိုးစားပေးရပါလိမ့်မယ်။

ကွန်ပျူတာနဲ့ ကုတ်ရေးတယ်ဆိုတာ သင်ပေးဖို့ခက်ခဲတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ကွန်ပျူတာဆိုတာ ပညာရေး တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ လုပ်ငန်းပေါင်းစုံ နေရာပေါင်းစုံမှာ ပါဝင်ပတ်သက်လာတာ ဖြစ်တဲ့အတွက် နေရာတိုင်း အသုံးဝင်နိုင်မယ့် ဆော့ဖ်ဝဲတွေ ဖန်တီးဖို့ လိုလာပါတယ်။ ကွန်ပျူတာကုတ်နဲ့ ပရိုဂရမ်တစ်ခုကို ဖော်ထုတ်နိုင်မှ ဖြစ်မယ်ဆိုတဲ့ အသိတရား တစ်ခုလောက် ကလေးတွေကို စတင်သင်ကြားပေးဖို့ လိုပါတယ်။

ကွန်ပျူတာ သုံးစွဲနိုင်သူတွေ၊ သုံးစွဲနိုင်သူတွေ များလာပေမယ့် ကွန်ပျူတာမှာ ကိုယ်သုံးချင်တဲ့ ပရိုဂရမ်တွေ၊ ဆော့ဖ်ဝဲတွေ ဖန်တီးဖို့အပိုင်းမှာ တီထွင်ဖန်တီးပညာရှင်တွေ နည်းလာပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ STEM ဆိုတဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာဘာသာရပ် လေးခုကို အဓိက ဦးစားပေး သင်ကြားဖို့ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်တစ်ခု အနေနဲ့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ STEAM ဆိုပြီး A တစ်လုံး တိုးလာပါတယ်။ (Arts) ကိုလည်း မဖြစ်မနေ သင်ကြားပေးဖို့အတွက် ဖြစ်ပါတယ်။ အဲဒီဘာသာရပ်တွေ အားလုံးကို အလေးပေး သင်ကြားနိုင်ဖို့အတွက် ကွန်ပျူတာ သုံးစွဲနိုင်မှုမှာ အခြေခံထားပြီး ကျောင်းတွေကို ကွန်ပျူတာတွေ ထုတ်ပေးရေး၊ ကွန်ပျူတာနဲ့ ကုတ်တွေရေးသားနည်း သင်ကြားပေးရေးတွေကို သမ္မတအိုဘားမား ကိုယ်တိုင် စည်းရုံးလုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကွန်ပျူတာ သိပ္ပံဘာသာရပ်အတွက် ကလေးတွေကို ကုတ်တွေရေးတာသင်ဖို့ ပြင်ဆင်တော့ ဘယ် Programming စနစ်ကို အသုံးပြုနေသလဲလို့ ကြည့်လိုက်မိတယ်။ Pythonroom ဆိုတာ ဖြစ်နေပါတယ်။ အလွန်လွယ်ကူတဲ့ ပရိုဂရမ် နည်းစနစ်တစ်ခု ဖြစ်ပါတယ်။

ယခင်က Python လို့ အသိများတဲ့ ပရိုဂရမ်စနစ်ကို https://pythonroom.com/book/learn မှာ သွားရောက်လေ့လာကြဖို့လည်း ပညာရေးဌာနက တိုက်တွန်းထားတယ်။ အခမဲ့ လွယ်ကူစွာ လေ့လာနိုင်ပြီး အထူးသဖြင့် ဆရာတွေကို ဦးစွာသင်ယူထားကြဖို့လည်း ညွှန်ကြားထားပါတယ်။

ကျောင်းသင်ရိုးညွှန်းတမ်းထဲမှာ Python ကိုထည့်ပြီး ရေးဆွဲထားတယ်။ ပထမဦးဆုံးအကြိမ် ကွန်ပျူတာ လေ့လာတာ ဖြစ်ပေမယ့် သင်ခန်းစာထဲမှာ လေ့ကျင့်ခန်းပေါင်း ၁၃၀ လောက်ကို ထည့်သွင်းပေးထားပြီး ကိုယ်တိုင် လိုက်ရေးနိုင်အောင် ပြင်ဆင်ပေးထားပါတယ်။ သင်ခန်းစာကို လေ့ကျင့်ခန်းတွေနဲ့ ပူးတွဲထားတဲ့အတွက် ကျောင်းသားတွေဟာ Pythonroom အခက်အခဲမရှိ ပျော်ရွှင်စွာ သင်ယူနိုင်ကြပါတယ်။ ပရိုဂရမ်နဲ့ ကုတ်ရေးပြီး ကလေးတွေဟာ ဂရပ်ဖစ်ပုံတွေ ရေးဆွဲနိုင်သလို ဂိမ်းတွေကိုလည်း ပျော်ရွှင်စွာ တီထွင်ပြီး ကစားနိုင်ကြတယ်။

ကလေးတွေကို Pythonroom ပရိုဂရမ်သင်ပေးတယ် ဆိုတာ အရည်အသွေးပြည့် ပညာရေးတစ်ခုကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ဘဝမြှင့်တင်ရေးအတွက် ကွန်ပျူတာကုတ်တွေ သင်ပေးနေတာလည်း စတင်တဲ့အခါ Pythonroom ကိုပဲ သင်ပေးကြပါတယ်။ ခုဆိုရင် အဲဒီပရိုဂရမ်နဲ့ ကျောင်းတွေမှာ အကောင်အထည် ဖော်နေကြတာ သုံးနှစ်ရှိသွားပြီ။ ဆရာတွေ ထောင်ပေါင်းများစွာကို Python တတ်အောင် မွေးထုတ်ပေးနိုင်ခဲ့ပြီ။ ဆရာတွေက ကလေးတွေကို ပြန်သင်၊ ကလေးတွေက ဆရာတွေထက် လက်စောင်းထက်ပြီး ပိုပြီးတီထွင်နိုင်ကြလို့ ကွန်ပျူတာကုတ်ရေးနည်း စနစ်ကို အမေရိကန်ပြည်ထောင်စုမှာ လမ်းကြောင်းချပေးလိုက်တာဟာ လမ်းကြောင်းပေါ် ရောက်စပြုနေပြီလို့ ဆိုရလိမ့်မယ်။

Pythonroom ဆိုတဲ့ ပရိုဂရမ်ရေးနည်းကို တီထွင်ခဲ့တဲ့ ဆရာကီရှက်ဆာဟာရီးယားနဲ့ အဘီနာ့ဗ်မာသာတို့ကတော့ အမေရိကမှာသာမက ကမ္ဘာကိုပါ ဒီပရိုဂရမ် ပျံ့နှံ့ဖို့ လုပ်ဆောင်နေပါတယ်လို့ ဆိုပါတယ်။ လွယ်ကူရုံမက အခမဲ့ပါ အွန်လိုင်းပေါ်တက်ပြီး ယူနိုင်၊ လေ့လာနိုင်တဲ့ သင်ခန်းစာတွေကလည်းများ၊ လူတိုင်းစမ်းသပ်နိုင်လို့လည်း နာမည်ကျော်ကြား အကြိုက်များခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာမှာ ပညာရေးအတွက် ကွန်ပျူတာ ပရိုဂရမ်းမင်း ပညာရပ်ဟာ မရှိမဖြစ်၊ မသိမဖြစ် ဘာသာရပ် ဖြစ်လာပါပြီ။ ပညာရေးမှာ ကွန်ပျူတာနဲ့ ဝေးနေကြရတဲ့ ဘဝတွေကို ကွန်ပျူတာ အမြန်ဆုံး ကိုင်နိုင်ပြီး ကိုယ်တိုင်ပရိုဂရမ် ရေးနိုင်ကြတဲ့ ပညာရေးစနစ်ကို ကျင့်သုံးနေကြတဲ့ နိုင်ငံတွေက ကျော်ဖြတ်ပြီး အဝေးကြီး ဖြတ်ချထားကြမှာ သေချာနေပါတယ်။

မောင်ခေတ်


  • TAGS