News

POST TYPE

EDUCATION

စာမေးပွဲရလဒ်ကို အမှတ်စာရင်းအစား အဆင့်သတ်မှတ်ချက်ဖြင့် ပြောင်းလဲထုတ်ပြန်မည်
ရန်ကုန်၊ ဇူလိုင် ၁၁

တစ်နိုင်ငံလုံးရှိ အခြေခံပညာအဆင့် ပထမတန်းမှ နဝမတန်းအထိ ကျောင်းသား၊ ကျောင်းသူများ၏ လပတ်စာမေးပွဲ၊ အတန်းတင်စာမေးပွဲ ရလဒ်များကို ယခင်စနစ်ဖြစ်သည့် အမှတ်စာရင်းအစား အဆင့်သတ်မှတ်ချက် Grade A, B, C, D ဖြင့် ပြောင်းလဲထုတ်ပြန်သွားမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဇွန်လ လပတ်စာမေးပွဲမှစ၍ ဘာသာရပ်အလိုက် အမှတ်စာရင်းများ၊ လစဉ်လပတ် စာမေးပွဲရလဒ်၊ အတန်းတင်စာမေးပွဲ ရလဒ်များတွင်လည်း ထိုစနစ်ကို ကျင့်သုံးသွားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနထံမှ သိရှိရသည်။

ဘာသာရပ်တစ်ခုချင်း ရမှတ် ၁၀၀ မှ ၈၀ အထိ Grade ‘A’၊ ရမှတ် ၆၀ မှ ၇၉ မှတ်အထိ Grade ‘B’၊ ရမှတ် ၄၀ မှ ၅၉ အထိ Grade ‘C’၊ ရမှတ် ၄၀ အောက်ကို Grade ‘D’ အဖြစ် သတ်မှတ်မည်ဖြစ်ပြီး ဘာသာရပ် အားလုံးပေါင်း Grade သတ်မှတ်ချက်ကိုလည်း ဘာသာရပ်အားလုံးပေါင်း ရမှတ်ကို စုစုပေါင်း ပျမ်းမျှရှာ၍ ယင်းသို့ Grade သတ်မှတ်မည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

ဘာသာရပ် အားလုံးပေါင်း၏ ပျမ်းမျှ Grade သတ်မှတ်ရာတွင် ဘာသာရပ်တစ်ခုချင်းစီအလိုက် Grade သတ်မှတ်ရာက တစ်ဘာသာ Grade ‘D’ အဆင့်ရခဲ့လျှင် ဘာသာရပ် အားလုံးပေါင်း Grade သတ်မှတ်ရာတွင်လည်း အခြားဘာသာရပ်များ ရမှတ် မည်မျှကောင်းစေကာမူ Grade ‘D’ အဖြစ်သာ ရမည်ဖြစ်ကြောင်း (ဥပမာ- ဘာသာရပ်ခြောက်ခု ရှိ၍ ငါးဘာသာတွင် Grade A ရပြီး ကျန်တစ်ဘာသာတွင် Grade D ရလျှင် ပျမ်းမျှရှာရာတွင်လည်း Grade D သာ ရမည်ဖြစ်သည်။) ယင်းဌာနထံမှ သိရှိရသည်။

“ဆိုးကျိုးလား မရှိနိုင်ပါဘူး။ အမှတ်တစ်မှတ်လောက် ကွာတာနဲ့ မိဘတွေက ကလေးတွေကို ဖိအားပေးတာ ရှိတယ်လေ။ ကလေးအတွက် အမှတ်ဖိစီးမှု မရှိတော့ဘူး။ ဘာသာရပ်တစ်ခုလောက်ီ ဖြစ်လို့ ပျမ်းမျှမှာလည်း D ဖြစ်ရတာ မျှတပါ့မလား ဆိုတာလည်း သူက A ကို ငါးဘာသာရပြီး D တစ်ဘာသာရတာ မရှိနိုင်လောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အကုန်တော်နေတဲ့ ကလေးက တစ်ဘာသာလောက်ကို ဒီလောက်ညံ့ညံ့ မရှိဘူး။ ဒါက အတွေ့အကြုံအရပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

လုပ်ငန်းပိုင်းဆိုင်ရာတွင် ဆရာ၊ ဆရာမများ အနေနှင့် အလုပ်ပိုရှုပ်နိုင်မည်လား ဆိုသည်ကိုမူ ဆရာများ အနေနှင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းအဆင့် စာမေးပွဲများ အလေ့အကျင့်ရှိပြီး ဖြစ်သောကြောင့် အထူးတလည် အလုပ်ပိုရှုပ်နိုင်မည် မဟုတ်ကြောင်း၊ ဆရာများ အနေနှင့်  တောက်လျှောက်အလုပ်များနေသောကြောင့် ထူးပြီး မပင်ပန်းကြောင်း အဆိုပါ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိစနစ်မှာ တစ်ဘာသာချင်း ရမှတ်စာရင်းများ၊ အဖြေလွှာ စာအုပ်များကို ကျောင်းသား၊ ကျောင်းသူများထံ ပြသပြီး ဘာသာရပ်တစ်ခုချင်းစီအလိုက် ရမှတ် စုစုပေါင်း၍ အများဆုံးကိုအဆင့် (၁)၊ ဒုတိယအများဆုံးကို အဆင့် (၂)၊ တတိယအများဆုံးကို အဆင့် (၃) ဟူ၍ ခွဲပြီး ဆုပေးစနစ်များ ရှိသောကြောင့် မိဘများအကြား ပြိုင်ဆိုင်မှုများ ရှိနေခြင်း ဖြစ်ကြောင်း ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းထံမှ သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သက္ကလ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာ ဦးအောင်ကျော်သူက “လပတ်စာမေးပွဲတွေမှာ အမှတ်မသိရတော့တဲ့ ဝေဒနာတွေ ထပ်တိုးလာမှာတော့ အသေအချာပါပဲ။ ဒါပေမဲ့ မိဘအချင်းချင်း ယှဉ်ပြိုင်ရင်းကြားက ကလေးမနားတမ်း ပြေးလွှားနေရတာလေး နည်းနည်းသက်သာလာနိုင်ပါတယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။

ထို့ပြင် အားနည်းချက်အဖြစ် ရှိလာနိုင်သည်က ဘာသာရပ်တစ်ခုချင်း အလိုက် ရမှတ် မည်မျှရသည်ကို သိခွင့် မရှိတော့သောကြောင့် ရမှတ်တက်လာခြင်း၊ ကျသွားခြင်းကို သိခွင့်ရှိမည် မဟုတ်ကြောင်း၊ အဖြေလွှာများ ကျောင်းသားများထံ ပြသခွင့် မရှိသောကြောင့် မည်သည့်ဘာသာရပ်တွင် မည်သို့ မှားသည်၊ အားနည်းသည်ကို သိခွင့်မရှိ၍ ကြိုးစားအားထုတ်မှု လျော့သွားမည်ကို စိုးရိမ်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။