News

POST TYPE

EDUCATION

ဝိုင်းမော်ရှိ အလယ်တန်းကျောင်း တစ်ကျောင်းတွင် စာရေးခုံများ အရေးပေါ်လိုအပ်
12-Aug-2017 tagged as ပညာရေး

မြစ်ကြီးနား၊ ဩဂုတ် ၁၂

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မန်ဒေါင်ကျေးရွာရှိ မန်ဒေါင် အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းသုံးစာရေးစားပွဲများ ရေထဲ မျောပါသွားသည့်အတွက် အရေးပေါ် လိုအပ်လျက်ရှိကြောင်း ယင်းကျောင်းအုပ်ဆရာမကြိး ဒေါ်စန်းစန်းဝေက ပြောကြားသည်။

အဆိုပါကျောင်းတွင် ယခုနှစ် မေလကုန်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောင်းဝင်း ရေမြုပ်ကာ စာသင်ကျောင်းအတွင်းရှိ စာရေးခုံများနှင့် ဗီရိုများ ရေထဲမျောပါသွားခြင်းဖြစ်ပြီး လက်ရှိ ကျောင်းနေကလေးများ စာသင်ကြားမှု လွယ်ကူစေရန် စာရေးခုံ အစုံ ၂၀ ခန့် လိုအပ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ အခု White Board ကတော့ ရပြီ။ အခုစာရေးခုံအစုံ နှစ်ဆယ် တင်ထားတာကို အမြန်ဆုံး လိုချင်တယ်။ ကျောင်းသားတွေအတွက် အလိုအပ်ဆုံးပေါ့”ဟု ၎င်းက ပြောဆိုသည်။

မန်ဒေါင် အ.လ.က ကျောင်းနေရာသည် မြေနိမ့်သည့်အတွက် မိုးရွာချိန်တွင် မြစ်ရေ မြင့်တက်ခြင်းနှင့် တောင်ကျရေတို့ ပေါင်း၍ ကျောင်းဆောင်အတွင်း ရေအမြင့် ၆ ပေခန့်ထိ နစ်မြုပ်ကြောင်း ယင်းကျောင်းထံမှ သိရသည်။

“ကျွန်တော့်အနေနဲ့ ဒါကို သီးသန့် လူမှုရေးဝန်ကြီးနဲ့ ပြည်နယ် ပညာရေးဌာနမှာ စာတင်ထားတယ်။ ဒါပေမဲ့ ဒီနေ့ ဒေသကို ရောက်တော့ ပျက်စီးတဲ့ထဲက White Board ပဲရတယ်လို့ ပြောတော့ စိတ်မကောင်းဘူး။ ဒါကိုလည်း ပေါင်းစပ် ညှိနိုင်းပြီးတော့ ဆောင်ရွက်သွားမယ်”ဟု ဝိုင်းမော်မြို့နယ် မဲဆန္ဒအမှတ် ၂ မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်က ပြောဆိုသည်။

မန်ဒေါင်အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် မူလတန်း ကျောင်းသား၊ ကျောင်းသူ ၅၉ ဦးနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၆၇ ဦးထိရှိပြီး ဆရာ၊ ဆရာမ ၁၀ ဦးရှိကြောင်း ယင်းကျောင်းထံမှ သိရသည်။

R-06