News

POST TYPE

EDUCATION

သေရေးရှင်ရေး စင်ကာပူပညာရေး

၂၀၁၅ ခုနှစ် PISA စာမေးပွဲရလဒ်ထုတ်ပြန် ချက်တွင် စင်ကာပူနိုင်ငံက နံပါတ်တစ် ဖြစ်သွားသဖြင့် နိုင်ငံတကာက အံ့အားသင့်စရာ ဖြစ်သွားခဲ့ရသည်။ အထူးသဖြင့် စင်ကာပူသည် သင်္ချာနှင့် သိပ္ပံရလဒ်တွင် အကောင်းဆုံးနိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်သွားနိုင်ခဲ့ခြင်းမှာ အဘယ်ကြောင့်နည်းဟု မေးခွန်းများ ထုတ်လာကြသည်။ 

ကမ္ဘာ့ပညာရေးလောကမှာ ပညာရှင်များ စင်ကာပူနိုင်ငံကို ပြေးကြသည်။ အဘယ်ကြောင့် ပညာရေးတွင် ကမ္ဘာက အသိအမှတ်ပြုထားသော PISA ရလဒ်တွေ ထိပ်တန်း ရောက်လာရသနည်း။ စာရေးသူ ဘန်ကောက်မှ ဆရာမ Rattana Lao နှင့် စင်ကာပူနိုင်ငံ HEAD ဖောင်ဒေးရှင်းမှ ပညာရေးဒါရိုက်တာ ပါမောက္ခ S. Gopinathan တို့ ဆွေးနွေးခန်းကို လေ့လာကြည့်စေချင်ပါသည်။

မေး - စင်ကာပူ ပညာရေးကို ကမ္ဘာ့နံပါတ်တစ် အဆင့်ဖြစ်နေပြီလို့ ဆိုနိုင်မလားရှင်။

ပညာရေးမှာ အားလုံးထိပ်ဖြစ်နေမှ နံပါတ် တစ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ နိုင်ငံတကာအကဲဖြတ် အဆင့်ဖြစ်တဲ့ PISA လောက်နဲ့တိုင်းတာရင်တော့ စင်ကာပူဟာ အကောင်းဆုံး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခုတည်းနဲ့လည်း အကောင်းဆုံးလို့ မပြောနိုင်သေးပါဘူး။ နှစ်ပေါင်းများစွာ လေ့လာ စောင့်ကြည့်ချက်တွေအရ ဖင်လန်နိုင်ငံကသာ ထိပ်တန်း နံပါတ်တစ်နေရာမှာ ရှိနေပါတယ်။ ခင်ဗျားမေးတဲ့မေးခွန်းကို ဖြေရမယ်ဆိုရင် ရလဒ်ကိုကြည့်ပြီး ပြောသလိုဖြစ်နေပါတယ်။ စင်ကာပူကို ပညာရေးစနစ် တစ်ခုကို အကောင်းဆုံး ကျင့်သုံးနေတဲ့ နိုင်ငံတွေထဲမှာ ထိပ်တန်း စာရင်းဝင်တဲ့ နိုင်ငံတစ်နိုင်ငံလို့တော့ ပြောနိုင်ပါတယ်။

မေး - စင်ကာပူနိုင်ငံ ပညာရေးစနစ် အောင်မြင်ရခြင်းရဲ့ အချက်အချို့ကို ရှင်းပြပေးနိုင်မလား။

ကျွန်တော် ခင်ဗျားကို C သုံးလုံးနဲ့ ပြောချင်တယ်။ Context, Culture, Capacity ပေါ့။

စင်ကာပူမှာ စီးပွားရေးနဲ့ ယဉ်ကျေးမှုအရ လူသားရင်းမြစ်ကိုပဲ အားကိုးအားထားပြုရမယ့် အနေအထားပါ။ နိုင်ငံက သေးတယ်။ လူဦးရေ နည်းတယ်။ သဘာဝ သယံဇာတ ရှားပါးတယ်။ ဒါကြောင့် နိုင်ငံကို ကယ်တင်နိုင်ဖို့ အဓိက ကျတာဆိုလို့ ပညာရေးပဲ ရှိတော့တယ်။ စီးပွားရေး တောင့်တင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ စင်ကာပူကို ပညာရေး ကောင်းအောင် လုပ်ရမယ်။ ယဉ်ကျေးမှုနဲ့ ဆက်စပ်ပြီး စဉ်းစားရမယ့် အကြောင်းအရာ (Context) တွေကတော့ နိုင်ငံကသေးပေမယ့် ယဉ်ကျေးမှုမှာ မတူကွဲပြားမှုတွေ အများကြီး ပေါင်းစည်းနေတာတွေကို ထည့်သွင်း စဉ်းစားထားရတယ်။ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု ကွဲပြားတဲ့အရာတွေ အားလုံး ပေါင်းစုနေတဲ့ နိုင်ငံဖြစ်နေတယ်။ တရုတ်က ၇၅ ရာခိုင်နှုန်း၊ မလေးမွတ်ဆလင်က ၁၅ ရာခိုင်နှုန်းနှင့် အိန္ဒိယက ၇ ကနေ ၈ ရာခိုင်နှုန်းလောက် ရှိတယ်။ ကမ္ဘာ့အဓိက ဘာသာကြီးတွေ ရှိနေတဲ့နိုင်ငံဖြစ်သလို၊ အဓိက ယဉ်ကျေးမှုတွေ ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်နေတယ်။ ဒီလောက် ကွဲပြားမှုတွေ များနေတဲ့နိုင်ငံကို ဘယ်လို စည်းလုံးညီညွတ်အောင် လုပ်ဆောင်ကြရမလဲ။ ပညာရေးကသာ အဖြေပဲ။ စင်ကာပူကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော ကယ်တင်ရှင်ဟာ ပညာရေးသာ ဖြစ်တယ်။

ဒုတိယ C ဖြစ်တဲ့ (Culture) ကိုပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ တစ်ဦးချင်းမှာရော၊ အဖွဲ့အစည်းအတွင်းမှာပါ ယဉ်ကျေးမှုကို ညှိယူနိုင်ရင် အောင်မြင်ပြီလို့ ဆိုရမယ်။ စင်ကာပူမှာ အများစုက တရုတ်တွေနဲ့ အိန္ဒိယတွေ။ အဲဒီ ယဉ်ကျေးမှုတွေကို အများကြီး လေ့လာ သင်ယူနိုင်အောင် ကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်တော်တို့က ကိုယ်လုပ်မှကိုယ်ရ၊ ကိုယ် ကြိုးစားမှ ကိုယ်အောင်မြင်မှု ရမယ်ဆိုတဲ့ သဘောတရားတွေကို အခြေခံပေးထားရတယ်။

တတိယ C ဖြစ်တဲ့ (Capicity) ဆိုတာကတော့ ပညာရေးမှာ လုပ်ဆောင်နိုင်စွမ်းတွေ ဖြစ်လာအောင် ပြုပြင်ပြောင်းလဲမှုတွေ၊ လုပ်ဆောင်နိုင်တဲ့ အဆင့်အထိ လုပ်ငန်းစဉ်တွေကို ချမှတ်ပေးထားနိုင်ရမယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒါအရေးကြီးတယ်။ ပြောင်းလဲမှုတွေတိုင်းမှာ ပြောင်းလဲနိုင်တဲ့အဆင့်ကို ရောက်ပြီလားဆိုတာ ပြန်ပြီးတော့ သုံးသပ်နိုင်ရမယ်။ ပြောင်းလဲမှုတိုင်းမှာ အရေးကြီးတာက ပြောင်းလဲနိုင်တဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ရှိနေပြီလားဆိုတာပဲ။ Capacity ကောင်းကောင်းမရှိဘဲ ပြောင်းလဲနေလို့ မရဘူး။

E-01 
(Ref: The key to Singapore’s Educational Success, Rattana Lao)