News

POST TYPE

EDUCATION

မျှော်လင့်ချက်
ယခုတစ်လော ဝန်ကြီးဌာန အသီးသီးအတွက် ဝန်ထမ်းအဆင့် မျိုးစုံခေါ်ယူနေတာကို တွေ့နေရပါတယ်။ ဝန်ထမ်းရွေးချယ်ရေးအဖွဲ့မှ ခေါ်ယူနေသလို သက်ဆိုင်ရာ ဌာနများမှလည်း ခေါ်ယူနေကြပါတယ်။ ဌာနအသီးသီး၊ အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ငန်းဆောင်ရွက်မှု ကောင်းမွန်စေဖို့၊ စွမ်းရည် ပြည့်ဝနေစေဖို့ တစ်နည်းအားဖြင့် Instutionalization ဖြစ်စေဖို့ ဝန်ထမ်းအင်အား ပြည့်ဝရန် လိုအပ်သလို စွမ်းရည်မြင့် ဝန်ထမ်းများလည်း လိုအပ်မှာ ဖြစ်ပါတယ်။

ဦးနှောက်ယိုစီးမှု

မြန်မာနိုင်ငံဟာ ၂၀၁၀ နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲ တွေ့ကြုံရတဲ့ အခက်အခဲများထဲမှာ လူသားအရင်းအမြစ် ရှားပါးခြင်းဟာလည်း အဓိကကဏ္ဍမှ ပါဝင်လျက်ရှိတာကို တွေ့ရပါတယ်။ မိမိတို့ရဲ့ပညာရှင်များကို တန်ဖိုးမထားခြင်း၊ စီမံအုပ်ချုပ်မှု အားနည်းခြင်း၊ ပညာရေးစနစ် အားနည်းလာခြင်း၊ ကြိုးနီစနစ် ကျင့်သုံးခြင်း၊ လူမှန်နေရာမှန် မရှိခြင်း၊ အဂတိလိုက်စားခြင်း၊ လစာနည်းပါးခြင်း၊ လူမှုဘဝများ နိမ့်ကျလာခြင်း စတဲ့ အခြေခံ အကြောင်းတရားများကြောင့်လည်း မြန်မာနိုင်ငံဟာ Human Capacity Flight သို့မဟုတ် External/ internal brain drain များ မြင့်မားစွာ ဖြစ်ပေါ်လျက်ရှိတာကို တွေ့ရပါတယ်။ World Economic Forum Human Capital Report 2015 အရ နိုင်ငံပေါင်း ၁၂၄ နိုင်ငံအနက် မြန်မာနိုင်ငံရဲ့ Human Capital Index ဟာ အဆင့် ၁၁၂ ဖြစ်ကြောင်း တွေ့ရပါတယ်။ ဂျပန်အဆင့် ၅ ၊ နီပေါအဆင့် ၁၀၆၊ အင်ဒိုနီးရှားအဆင့် ၆၉၊ လာအိုအဆင့် ၁၀၅၊ စင်ကာပူအဆင့် ၂၄ ဖြစ်တာကို တွေ့ရပါတယ်။ World Economic Forum Human Capital Report 2016 မှာတော့ မြန်မာနိုင်ငံရဲ့ Human Capital Index ဟာ အဆင့် ၁၀၉ သို့ တက်လာပေမယ့် နီပေါနိုင်ငံ၊ လာအိုနိုင်ငံ၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ထက် နိမ့်ကျနေဆဲဖြစ်တာကို တွေ့ရပါတယ်။ အဓိကအားဖြင့် မြန်မာနိုင်ငံမှာ Learning and Employment ကွာဟချက် ကြီးမားနေတာကို တွေ့ရခြင်းပဲ ဖြစ်ပါတယ်။

ပညာရေးမြှင့်တင်မှု

မြန်မာနိုင်ငံဟာ နိုင်ငံရေး အပြောင်းအလဲများနဲ့အတူ ပညာရေးကဏ္ဍကိုလည်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်လျက်ရှိရာမှာ ပညာရေးကဏ္ဍအတွက် အသုံးစရိတ်ကိုလည်း နှစ်စဉ် တိုးမြှင့်ချထားပေးလျက် ရှိပါတယ်။ ၂၀၁၀-၂၀၁၁ မှာ ကျပ်ဘီလီယံ (၂၆၆.၈၉၇)၊ ၂၀၁၁-၂၀၁၂ မှာ ကျပ် ဘီလီယံ (၃၀ဝ.၄၀၂)၊ ၂၀၁၂ -၂၀၁၃ မှာ ကျပ် ဘီလီယံ (၆၄၇.၈၉၄ )၊ ၂၀၁၃-၂၀၁၄ မှာ ကျပ်ဘီလီယံ ( ၉၀၉.၄၅၉)၊ ၂၀၁၄-၂၀၁၅ မှာ ကျပ်ဘီလီယံ (၁၁၉၈.၂၈)၊ ၂၀၁၅-၂၀၁၆ မှာ ကျပ်ဘီလီယံ (၁၄၀၅.၈၅)၊ ၂၀၁၆-၂၀၁၇ မှာ ကျပ်ဘီလီယံ (၁၇၂၆.၅၃၉ )၊ ၂၀၁၇-၂၀၁၈ မှာ ကျပ် ဘီလီယံ (၁၇၅၆.ဝ၄၁) တိုးမြှင့် သုံးစွဲလာခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံ၏ ပညာရေးအတွက် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း ၂၀၁၆-၂၀၂၁ ကိုလည်း ချမှတ် ဆောင်ရွက်နေသည်ကို တွေ့ရပါတယ်။

ယင်းကို ကြည့်ခြင်းအားဖြင့် ပညာရေးအတွက် နိုင်ငံတော်က သိသိသာသာ နှစ်စဉ် တိုးမြှင့် ရင်းနှီးမြှုပ်နှံလာတာကို တွေ့ရပါတယ်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံ၏ ပြောင်းလဲမှုဖြစ်စဉ်အတွက်လည်းကောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းကောင်း လူသား အရင်းအမြစ်ဟာ အဓိက လိုအပ်ချက် တစ်ရပ်ဖြစ်ကြောင်း ဖွံ့ဖြိုးပြီးနိုင်ငံများကို လေ့လာသုံးသပ်နိုင်ပါတယ်။ ယင်းလိုအပ်ချက် ပညာရေးကဏ္ဍက အများဆုံး ဖြည့်ဆည်းပေးကြရပါတယ်။ တစ်နည်းအားဖြင့် ပညာရေးဟာ နိုင်ငံ၏ လူသားအရင်းအမြစ်များ မွေးထုတ်ပေးနေတဲ့ နေရာများ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍကို မြှင့်တင်ခြင်းဖြင့် လူသားရင်းမြစ်တွေကို မွေးထုတ်ပေးနေပေမယ့် တစ်ဖက်မှာ Human Capacity Flight ဖြစ်နေတာ၊ Learning and Employment ကွာဟချက် ကြီးမားနေတာတွေကြောင့် လက်ရှိ အခြေအနေမှာ လူသားရင်းမြစ် ရှားပါးခြင်းများနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါဟာ ထုတ်လုပ်မှုနဲ့ ဈေးကွက် မချိတ်ဆက်မိဘဲ ထုတ်လုပ်မှုကသတ်သတ် ဈေးကွက်ကသတ်သတ် ဖြစ်နေတာ၊ မြန်မာနိုင်ငံ ကျောင်းသား၊ ကျောင်းသူတွေ ဘွဲ့ရအလုပ်လက်မဲ့ ဖြစ်နေတာ၊ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေမှာ လူသားရင်းမြစ် ရှားပါးနေတာဟာ ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်းလို့ မြင်မိပါတယ်။

ကျောင်းနှင့် ကျောင်းသားများ

ဒီနေရာမှာ သတိထားရမှာက မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က ထူးချွန်ထက်မြက်တဲ့ ကျောင်းသားများဟာ တက္ကသိုလ်တွေ၊ အသက်မွေးဝမ်းကျောင်းတွေမှာ တက်ရောက် ပညာသင်ကြားနေကြခြင်းပဲ ဖြစ်ပါတယ်။ အရည်အချင်းရှိပြီး ထူးချွန်တဲ့ ကျောင်းသားတွေဟာ ကျောင်းပြီးပေမယ့် အလုပ်မရရှိလို့ နိုင်ငံတော်အတွက် လူ့စွမ်းအား အရင်းအမြစ်တွေ  ဆုံးရှုံးနေရသလို ကျောင်းသား လူငယ်များအတွက်လည်း မျှော်လင့်ချက် ကင်းမဲ့နေပါတယ်။ ဒါဟာ လူ့စွမ်းအား အရင်းအမြစ်တွေကို ဘယ်လောက်ပဲ ထုတ်ပေး ထုတ်ပေး အသုံးမပြုဘူးဆိုရင် နိုင်ငံတော်အတွက် အလွန်တရာ ကြီးမားတဲ့ ဆုံးရှုံးမှုပဲလို့ မြင်မိပါတယ်။ ယခုဆိုရင် တက္ကသိုလ်တွေမှာ Center of Excellent တွေ ဖွင့်လှစ် သင်ကြားနေခြင်းကြောင့် ပိုမိုထူးချွန်ထက်မြက်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒီထူးချွန်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို အစိုးရဌာနတွေ၊ အဖွဲ့အစည်းတွေမှာ ခန့်ထားတာဝန်ပေးဖို့ အစီအမံတွေ ချမှတ်ထားသင့်ပါပြီ။ တက္ကသိုလ် အသီးသီး၊ ကျောင်း အသီးသီးက ပေါ်ထွက်လာမယ့် ထူးချွန်ကျောင်းသားတွေကို ကျောင်းမပြီးခင်ကတည်းက ရွေးချယ် ခန့်အပ်ထားမယ်ဆိုရင် 

(၁) အစိုးရဌာနများနဲ့ အဖွဲ့အစည်းများမှာ ပညာရပ်နယ်ပယ်အလိုက် ထက်မြက်တဲ့ လူ့စွမ်းအား အရင်းအမြစ်များ စဉ်ဆက်မပြတ် ရရှိနိုင်ခြင်း၊
(၂) ဘွဲ့ရ အလုပ်လက်မဲ့ ဦးရေ လျော့နည်းသွားနိုင်ခြင်း၊
(၃) လူမှန် နေရာမှန် အလုပ် ခန့်ထားနိုင်သည့်အတွက် လုပ်ငန်း စွမ်းဆောင်ရည် တိုးမြင့်လာနိုင်ခြင်း၊
(၄) Internal brain drain, enternal brain drain လျော့နည်းသွားနိုင်ခြင်း၊
(၅) တက္ကသိုလ်များရဲ့ အရည်အသွေး တိုးတက်လာနိုင်ခြင်း၊
(၆) ဌာနဆိုင်ရာများနဲ့ တက္ကသိုလ်များ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိလာနိုင်ခြင်း၊
(၇) ကျောင်းသားများအတွက် မျှော်လင့်ချက်များ ရှိလာနိုင်မည် ဖြစ်တဲ့အတွက် ထူးချွန်ထက်မြက်သော ကျောင်းသားများ ပိုမိုပေါ်ထွက်လာနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဝန်ထမ်းခန့်ထားရေး

မြန်မာနိုင်ငံ ဝန်ထမ်းခန့်ထားရေး စနစ်ဟာ လက်ရှိ အချိန်အထိ ဝန်ထမ်းရွေးချယ်ရေး အဖွဲ့ကတစ်ဆင့် သို့မဟုတ် ဌာနများက လျှောက်လွှာ ခေါ်ယူမှုကတစ်ဆင့် ခန့်ထားနေခြင်း ဖြစ်ပါတယ်။ ဒီစနစ်ဟာ လာရောက် လျှောက်ထားသူတွေထဲကမှ ရွေးချယ်ခန့်ထားရတာ ဖြစ်ပါတယ်။

ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများအတွက် ထူးချွန်ထက်မြက်တဲ့ လူ့စွမ်းအား အရင်းအမြစ် ဖြည့်တင်းဖို့ဆိုရင် လက်ရှိ ကျင့်သုံးနေတဲ့ လျှောက်လွှာခေါ်ယူ ခန့်ထားမှုစနစ်အပြင် တက္ကသိုလ်များ၊ အသက်မွေးပညာ ကျောင်းများမှ အရည်အသွေးရှိပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေကို ကျောင်းမပြီးဆုံးမီကပင် သက်ဆိုင်ရာ တက္ကသိုလ်၊ ကျောင်းများနဲ့ ချိတ်ဆက်ခေါ်ယူဖို့ ဖြစ်ပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ ဝန်ထမ်းခန့်ထားရေးစနစ်ဟာ လျှောက်လွှာ ခေါ်ယူပြီး လျှောက်ထားသူတွေထဲကမှ ရွေးချယ်ရတာဖြစ်လို့ အရည်းအချင်း ကန့်သတ်ချက် ရှိနေပါတယ်။ တက္ကသိုလ်၊ ကျောင်းများနဲ့ ချိတ်ဆက် ခေါ်ယူမယ်ဆိုရင် အထူးချွန်ဆုံးနဲ့ အသင့်တော်ဆုံးသူများကို စိတ်ကြိုက်ရွေးချယ် ခန့်ထားနိုင်မှာဖြစ်လို့ ဌာနများအတွက် ပညာရပ်နယ်ပယ်အလိုက် ကျွမ်းကျင်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဌာနတွေမှာ စဉ်ဆက်မပြတ် လူ့စွမ်းအား အရင်းအမြစ်တွေကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါမှလည်း စွမ်းဆောင် ရည်ပြည့်ဝတဲ့ ဌာနများ ဖြစ်လာမှာဖြစ်ပြီး နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးကို မြန်ဆန်ထက်မြက်လာစေနိုင်မှာ ဖြစ်ပါတယ်။

ပညာရေး မြှင့်တင်မှုနဲ့အတူ ထွက်ပေါ်လာမယ့် ထူးချွန်လူ့စွမ်းအား အရင်းအမြစ်များကို နိုင်ငံတော်က အပြည့်အဝ အသုံးချနိုင်ဖို့ အထူးလိုအပ်လျက်ရှိပါတယ်။ Learning ကသတ်သတ်၊ Employment ကသတ်သတ် ဆက်လက်ဖြစ်နေဦးမယ်ဆိုရင် Internal Brain Drain, External Brain Drain များ ဆက်လက်ဖြစ်ပေါ်နေဦးမှာ ဖြစ်ပါတယ်။ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းကိုလည်း တိုက်တွန်းလိုပါတယ်။ ဒါကြောင့် ကျောင်းသားနဲ့ ဌာနများအကြား ထောက်ပံ့မှု၊ သဘောတူညီမှုများနဲ့ ကျောင်းမပြီးဆုံးမီက အလုပ် ခန့်ထားပေးနိုင်မယ်ဆိုရင် နိုင်ငံတော်၊ ဌာနများနဲ့ ကျောင်းသားများအတွက် win-win-win ဖြစ်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်။

သိန်းထွန်း (IR)