News

POST TYPE

EDUCATION

အကျဉ်းစံများရဲ့ ပညာ့အားမာန်
၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အင်းစိန်အကျဉ်းထောင် အတွင်းရှိ ဗဟိုအကျဉ်းထောင် (အင်းစိန်) အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ အကျဉ်းကျနေသူ ဆယ်တန်းကျောင်းသား ၁၉ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ ယင်းအနက် ၁၁ ဦး အောင်မြင်ပြီး ဘောဂဗေဒ ဂုဏ်ထူးရှင်တစ်ဦးနှင့် ရူပဗေဒ ဘာသာရပ် ဂုဏ်ထူးရှင်တစ်ဦးတို့ ထွက်ပေါ်ခဲ့သည်။ ယင်းကြောင့် အကျဉ်းထောင်အတွင်း ပညာသင်ကြားမှုများကို သိရှိနိုင်စေရန် အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာ ဓာတုဗေဒ ဘာသာရပ် မဟာဘွဲ့ရ ဦးဇေယျာလင်းမြတ်နှင့် ကျောင်းသားများကို The Voice က တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

“၁၅ မိနစ် တရားထိုင်ပြီးတော့မှ စာသင်ချိန်တွေ စပါတယ်”
ကျောင်းအုပ်ဆရာ ဓာတုဗေဒ ဘာသာရပ် မဟာဘွဲ့ရ ဦးဇေယျာလင်းမြတ်နှင့် တွေ့ဆုံခြင်း

Voice : ဆရာ့နာမည်လေး သိပါရစေ။ နောက်ပြီး ဒီအကျဉ်းထောင်ကို ဘယ်လိုရောက်လာတယ် ဆိုတာ ပထမဆုံး ပြောပြပေးပါ ခင်ဗျ။

UZYLM : ကျွန်တော်က ကျောက်ပန်းတောင်း ဇာတိပါ။ ခုလက်ရှိ အကျဉ်းထောင်ထဲ မူးယစ်ဆေးဝါးမှုနဲ့ ရောက်လာတာ အားလုံးပေါင်း ဒီမှာ ငါးနှစ်ရှိပါပြီ။ ကျွန်တော့်ပြစ်ဒဏ်က ၂၃ နှစ် ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် နိုင်ငံတော် လွတ်ငြိမ်းသက်သာခွင့် နှစ်ကြိမ် ရခဲ့ပါတယ်။ လေးဖို့တစ်ဖို့ နှစ်ခါရတော့ တစ်ဝက်လျော့သွားခဲ့ပြီ။ အပြင်မှာတုန်းက ကျောင်းတက်နေစဉ်မှာ ကျွန်တော် ကိုးတန်း၊ ဆယ်တန်း ဓာတုဗေဒ ဘာသာရပ်ကို စာသင်ပါတယ်။

Voice : ဒီနှစ်အောင်ချက်က ဘယ်လိုအခြေအနေရှိတယ် ဆိုတာ ရှင်းပြပေးပါ။

UZYLM : ကျွန်တော် ဒီကျောင်းကို ၂၀၁၂ ခုနှစ် ကတည်းက စရောက်တာပါ။ ကျွန်တော် စရောက်တဲ့ အချိန်မှာပဲ ဆယ်တန်းတွေ စပြီးဖြေကြတယ်။ ဆယ်တန်းစပြီးတော့ သင်ရတယ်။ ပထမဆုံး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာ ကျောင်းသားလေးယောက် ဖြေပါတယ်။ အဲဒီတုန်းက လေးယောက်စလုံး ကျခဲ့တယ်။ နောက်နှစ်ကျတော့ ၂၀၁၃-၂၀၁၄ပညာသင်နှစ်မှာ ခုနစ်ယောက် ဖြေတယ်။ ခုနစ်ယောက်ဖြေတော့ နှစ်ယောက်အောင်တယ် (၂၈ ဒသမ ၅၇ ရာခိုင်နှုန်း- အောင်ချက်)။ ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာကျတော့ အားလုံး ၁၇ ယောက်ဖြေတယ်။ ခုနစ်ဦး အောင်တယ် (အောင်ချက်ရာခိုင်နှုန်း ၄၁ ဒသမ ၁၈ ရာခိုင်နှုန်း)။ ဒီနှစ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာဆိုရင် အားလုံး ၁၉ ဦး ဖြေတယ်။ ၁၁ ဦး အောင်တယ်။ ဂုဏ်ထူးနှစ်ယောက် ထွက်တယ်။ အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၈၉ ရာခိုင်နှုန်းပေါ့။ တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီးတော့ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။

Voice : အကျဉ်းထောင်ထဲမှာ ရှိနေပြီး ဘာလုပ်လို့ အောင်ချက်က တိုးလာတာလဲဗျ။

UZYLM : အမြဲတမ်း သူတို့ကို ကျွန်တော် အနီးကပ်နေပြီး လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ မသိနားမလည်တဲ့ ဟာတွေကို အနီးကပ် ပြုစုပျိုးထောင်ပေးနေတော့ တဖြည်းဖြည်းနဲ့ ဒီအောင်ချက်က တိုးတိုးလာတာပေါ့။ ကျွန်တော်တို့ ပထမနှစ် စရောက်တဲ့ အချိန်တုန်းက ဒီကလေးတွေနဲ့ ဒီလိုစိတ်ဓာတ်ကြမ်းတမ်းနေတဲ့ ကလေးတွေနဲ့ စာသင်ဖူးတဲ့ အတွေ့အကြုံ မရှိတော့ ကျွန်တော်တို့ စာသင်တဲ့အခါ သိပ်ပြီးတော့ သဟဇာတ မဖြစ်တဲ့အတွက် အဲဒီမှာ ကျွန်တော်တို့ အောင်မြင်မှု မရခဲ့ဘူး။ နောက်နှစ်ကျတော့ ကျွန်တော်တို့ သူတို့ စိတ်ခံစားချက်တွေကို နားလည်သွားတော့ သူတို့စိတ် ခံစားချက်ပေါ် မူတည်ပြီး သူတို့စိတ်ဓာတ်ကို ပြုပြင်ပြီး အဓိက သူတို့ ဆိုဆုံးမမှု နည်းခဲ့တာလေးတွေကို အဲဒါတွေကို ပြန်ပြီးပြင်ပေးတယ်။ ဆိုဆုံးမပေးတယ်။ သူတို့က မေတ္တာတွေ ငတ်တယ်။ ကျွန်တော်တို့လည်း အကျဉ်းသားပေမယ့် တတ်နိုင်သရွေ့ သူတို့ မိဘမေတ္တာမျိုး ရအောင်ပေးပြီးတော့ ကိုယ့်ဘက်ကိုပါအောင် စည်းရုံးပြီးတော့ တဖြည်းဖြည်း သင်ခဲ့တယ်။ တစ်ခုကံကောင်းတာက ကျွန်တော်က သူတို့နဲ့ အနီးကပ် နေခွင့်ရတော့ အချိန်တိုင်း သူတို့ကို ပြောဆိုဆုံးမ သွန်သင်ခွင့်ရတယ်။ နောက်ပြီးတော့ သူတို့ရဲ့ အားနည်းချက်ကို ပြန်ပြင်ပေးလို့ ရပါတယ်။

Voice : သူတို့ အားနည်းချက်ဆိုတာ အဓိကဘာလဲ ဆရာ။ ကျွန်တော် နားမလည်ဘူးဗျ။

UZYLM : သူတို့အားနည်းချက်က အဓိက သူတို့ ပညာနဲ့ ဝေးလာတာ။ ဒီစာကို တတ်ချင်စိတ်၊ စိတ်ပါဝင်စားမှု မရှိတာပေါ့။ စိတ်ဝင်စားမှု မရှိတာကို စိတ်ဝင်စားအောင် ပညာကို ဆက်သင်တဲ့အခါမှာ ကိုယ့်ဘဝအတွက် ဘယ်လိုတိုးတက်မှု ရှိတယ် ဆိုတာပေါ့။ ကျွန်တော့်ဘဝနဲ့ ယှဉ်ပြီးတော့ ပြောပြရပါတယ်။ ကျွန်တော် ပညာတတ်ခဲ့တဲ့အတွက် သူတို့ကို ဒီမှာ ပြုပြင်ပြောင်းလဲပေးလို့ ရခဲ့တယ်။ ထောင်ကျနေပေမယ့်၊ အကျဉ်းသား ဖြစ်နေပေမယ့် ကျွန်တော့်အနေနဲ့ သူတို့ကို ပြန်ပြီး ဦးဆောင်ခွင့်ရတဲ့ အကျဉ်းသားမျိုး ဖြစ်တယ်။ ဒါ ပညာရဲ့ အကျိုးကျေးဇူးကြောင့် ဒီမှာတောင် ဒီလိုနေရတယ် ဆိုတာတွေ ပြောပြရတာပေါ့။

Voice : ဒီအကျဉ်းထောင်ထဲက အလယ်တန်းကျောင်းခွဲမှာ ဘယ်အတန်းကနေ ဘယ်အတန်းထိ ကျောင်းသားတွေ ဘယ်လောက်ရှိတာလဲ။

UZYLM : ဒီကျောင်းက သူငယ်တန်းကနေ ဆယ်တန်းအထိပေါ့။ ကျောင်းသားအရေအတွက်ကတော့ နှစ်စဉ်နဲ့အမျှ ပြောင်းလဲမှုကတော့ ရှိတာပေါ့။ အခုနှစ် ကျောင်းစဖွင့်တဲ့ အချိန်မှာတော့ ဆယ်တန်းကျောင်းသား ၂၀ ရှိတာပေါ့။ နောက် ခု အောင်စာရင်းလည်း ထွက်လာပြီဆိုတော့ ဒီမှာကျခဲ့တဲ့ ကလေးတွေနဲ့ ထပ်ပေါင်းမယ်ဆိုရင် ၂၇ ဦးလောက် ဖြစ်သွားဦးမှာပေါ့။ နောက်ပြီးတော့ ဒီမှာ ဆယ်တန်းတက်နေတဲ့ ကျောင်းသားတွေက ဗမာပြည်အရပ်ရပ်က အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသားတွေထဲက ပညာလိုလားတဲ့ ကလေးတွေ ဖြစ်တယ်။ ထပ်ပြီးတော့ ပညာဆက်လက်သင်ကြားချင်တဲ့ ကလေးတွေကို မန္တလေးတို့၊ သာယာဝတီတို့ စုပြီးတော့ ဒီကိုပို့ပြီးတော့ ပညာသင်ကြားခွင့် ပေးတာပေါ့။ ပညာဆက်လက် သင်ယူစေတာပေါ့။ ဒီမှာ ကျောင်းသားအင်အားလည်း များတာပေါ့။ အကုန်လုံးက ဒီကိုပဲ ပို့ကြတာပေါ့။

Voice : အကျဉ်းထောင်ထဲက စာသင်ကျောင်းက အခြားအပြင်က အစိုးရကျောင်းတွေလို တခြားဘယ်လို လှုပ်ရှားဆောင်ရွက်မှုတွေ ရှိပါသလဲ။

UZYLM : ကျွန်တော်တို့ ကျောင်းလှုပ်ရှားမှု မနက် ကျောင်းစတက်ပြီ ဆိုတာနဲ့ အခန်းနဲ့ ကိုယ့်အတန်း သန့်ရှင်းရေးလုပ်တယ်။ သန့်ရှင်ရေး လုပ်ပြီးတာနဲ့ ကျွန်တော်တို့ ဘုရားရှိခိုးကြပါတယ်။ ဘုရားရှိခိုးပြီးရင် ၁၅ မိနစ် တရားထိုင်ခိုင်းပါတယ်။ ၁၅ မိနစ် တရားထိုင်ပြီးတော့မှ စာသင်ချိန်တွေ စပါတယ်။ ၁၀ နာရီခွဲရင် ထမင်းစားနားပါတယ်။ ၁၂ နာရီခွဲမှာ ပြန်ပြီးတော့ စပါတယ်။ ခု ဒီကျောင်းမှာ စာသင်ကြားပေးနေတဲ့ ဆရာအရေအတွက်ကတော့ အခုနှစ်ကတော့ ဆရာ ၁၂ ဦး ရှိပါတယ်။ အရင်နှစ်တွေကလည်း ဆရာ ၁၂ ဦး ကနေ ၁၅ ဦး ဝန်းကျင်ကတော့ ရှိပါတယ်။

Voice : အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ ဖြစ်နေတော့ စာသင်ကျောင်းမှာ စာသင်ရတဲ့အခါ ဘာအကန့်အသတ်တွေ ရှိပါသလဲ။

UZYLM : မရှိပါဘူး ခင်ဗျ။ ကျွန်တော်တို့ စိတ်ထဲရှိသလိုပဲ သူတို့အပေါ်ကို စိတ်ဆန္ဒရှိတဲ့အတိုင်း သင်ကြားခွင့် ရပါတယ်။ ကျွန်တော်တို့ သူတို့ကို ဘာသာရပ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပဲသင်သင်၊ ဘယ်လိုနည်းလမ်းပဲ သုံးသုံး၊ ဒီထောင်အာဏာပိုင်တွေ အနေနဲ့က ဘာမှကန့်သတ်ထားခြင်း မရှိပါဘူး။ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်နှစ်သက်တဲ့ နည်းလမ်းအတိုင်း သင်ကြားလို့ ရပါတယ်။ သင်ကြားခွင့် ရှိပါတယ်။ ကျွန်တော်က အကျဉ်းသားကျောင်းအုပ်မို့လို့ ကျောင်းနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲရေးမှာလည်း မရှိပါဘူး ခင်ဗျာ။ ဒီကျောင်းတိုးတက်ဖို့ ကျွန်တော် ဘာပဲလုပ်ဆောင် လုပ်ဆောင် ကျောင်းအကျိုးရှိမယ့်ဟာ မှန်သမျှ သူတို့ ခွင့်ပြုပါတယ်။ သူတို့ကိုတော့ ကျွန်တော်က တင်ပြရတာပေါ့။ ဥပမာ- သူတို့ အင်္ဂလိပ်စာ အားနည်းနေရင် ကျွန်တော် အပြင်ကနေ ကျူရှင်ခေါ်ချင်ပါတယ်။ အပြင်ကနေ စေတနာရှင်လေးတွေ၊ သင်ပေးမယ့်လူတွေ လိုချင်ပါတယ်ဆိုရင် ထောင်အာဏာပိုင်တွေ အနေနဲ့ အဲဒါကို ရအောင် စီစဉ်ပေးပါတယ်။ ကျွန်တော်တို့ အကျဉ်းထောင်ထဲက ကျောင်းလေးကို အပြင်က စေတနာ၊ သဒ္ဓါတရားရှိတဲ့ လူတွေက အဲလို သင်ကြားပေးတာတွေလည်း ရှိပါတယ်။

Voice : ကျွန်တော်မေးတာတွေအပြင် တခြားဘာများ ထပ်ဖြည့်ပြောချင်ပါသေးသလဲ။

UZYLM : ကျွန်တော်ကတော့ အထူးအထွေ ပြောစရာ မရှိပါဘူး။ ဒီကလေး အားလုံးက တူတွေ၊ သားတွေလိုပဲ ဖြစ်နေတဲ့အတွက် ကျွန်တော်ကိုယ်တိုင်လည်း အနီးကပ် ဆိုဆုံးမခွင့် ရနေတဲ့အတွက် ကျွန်တော် ဖြစ်စေချင်တဲ့အ တိုင်းအတာလေးထိ ပြုပြင်ခွင့်ရတဲ့ အတွက်လည်း ကျွန်တော် ကျေနပ်ပါတယ်။ သူတို့ကို ထိန်းသိမ်းရတာမှာလည်း ဒီလောက်ကြီး ခက်တာလည်း မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာရောင်ပြန်ဟပ်ပါတယ်။ ကိုယ်ကလည်း မေတ္တာ၊ စေတနာထားတော့ သူတို့လည်း ဘယ်လောက်ပဲ ဆိုးလာခဲ့၊ ဆိုးလာခဲ့ ဒါကို ခံစားတတ်ပါတယ်။

“လူသတ်မှုနဲ့ ကျွန်တော့်ကို ထောင်ငါးနှစ် ချလိုက်တာပါ”
ရူပဗေဒ ဂုဏ်ထူးရှင် မောင်သန်းထိုက်အောင်နှင့် တွေ့ဆုံခြင်း

Voice : ထောင်ထဲက ဘယ်လိုရောက်လာတာလဲ။

MTHA : ကျွန်တော် ၂၀၁၃ တုန်း ဆယ်တန်းကျောင်းသား ဘဝတုန်းက သူငယ်ချင်းတွေနဲ့ လျှောက်သွားရင်းနဲ့ ဟိုဘက်၊ ဒီဘက် ရန်ဖြစ်ကြတယ်။ ကျွန်တော်က ဓားနဲ့ထိုးလိုက်တယ်။ ဓားနဲ့ထိုးတော့ သေရော။ လူသတ်မှုနဲ့ ကျွန်တော့်ကို ထောင်ငါးနှစ် ချလိုက်တာပါ။ အမှုဖြစ်တော့ ကျွန်တော် စာမေးပွဲဖြေဖို့ ဖောင်တောင် မတင်လိုက်ရပါဘူး။ ကျွန်တော် အခုဆိုရင် ၂ နှစ်နဲ့ ၇ လ ရှိပါပြီ။ ကျွန်တော် မနှစ်က ဒီမှာပဲ ဆယ်တန်းဖြေသေးတယ်။ အင်္ဂလိပ်စာ တစ်ဘာသာနဲ့ ကျခဲ့ပါတယ်။ အဲဒီလိုကျတော့ ကျောင်းအုပ်ကြီးက ဖြေဖျောက်ပေးတယ်။ အားမငယ်ဖို့ ပြောပြပါတယ်။ ဒီနှစ်မှာတော့ ရူပဗေဒ ဘာသာရပ်နဲ့ ဂုဏ်ထူးထွက်ပါတယ်။

Voice : စာသင်ကြားတဲ့အခါ၊ လေ့လာတဲ့အခါ ဘယ်လိုလေ့လာလဲ။

MTHA : အင်္ဂလိပ်စာကို ပုံမှန်လုပ်ဖြစ်တယ်။ ကျွန်တော် စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ပိုလုပ်ဖြစ်တယ်။ ကျွန်တော်က အတွက်အချက် ဝါသနာပါတယ်။ အဲဒီတော့ သင်္ချာနဲ့ ရူပ ပိုလုပ်ဖြစ်တယ်။ ကျွန်တော်ကတော့ စာသင်တာ ဆရာညွှန်ကြားတဲ့အတိုင်း အကုန်လုပ်တယ်။ အပြင်က ဆရာက မသိတာရှိရင် မေးလှည့်တဲ့။ မသိတာရှိရင် မေးတာပါပဲ။ အဲဒါတွေကို ကြိုးစားမှတ်ထားတာပါပဲ။ မနက် ၅ နာရီထတယ်။ ၆ နာရီအထိ စာလေ့လာတယ်။ တစ်နာရီက ရေချိုး၊ သွားတိုက်ပေါ့။ နောက်ပြီး ၇ နာရီထိုးတော့ ကျောင်းလာရတယ်။ ၇ နာရီကနေ ၁၁ နာရီအထိ ကျောင်းတက်။ ၁၁ နာရီခွဲကနေ ၁ နာရီခွဲအထိ နား။ နားပြီး ကျောင်းပြန်တက်။ စာဆက်သင်။ နေ့လယ် ၃ နာရီအထိပေါ့။ ညနေကျ ရေပြန်ချိုးတယ်။ ညနေ ၅ နာရီ ထိုးတာနဲ့ ကမ့်ထဲ ပြန်ဝင်တယ်။ ည ၁၁ နာရီအထိ။ ညမှာတော့ လိုအပ်ရင် လိုအပ်သလို ထားပေးတယ်။ ဆရာတွေက စာပြန်ပြပေးတယ်။ ကျောင်းအုပ်ကြီးရယ်၊ ရူပဗေဒ ဆရာရယ်၊ မြန်မာစာဆရာရယ် သုံးယောက် နီးနီးကပ်ကပ် သင်ပေးတယ်။

Voice : ဒီမှာ ဘာသာစုံသင်တဲ့ ဆရာတွေ ရှိသလား။

MTHA : ဘာသာစုံသင်တဲ့ ဆရာရှိတယ်။ ကျန်တဲ့ဆရာတွေက လူကြီးဆောင်ထဲကနေ လာသင်ပေးတယ်။ ကျွန်တော်တို့ ထောင်ထဲမှာ လူကြီးဆောင်ရယ်၊ လူငယ်ဆောင်ရယ် သက်သက်ရှိတယ်။ လူငယ်တွေက လူငယ်တွေသက်သက် နေရတာ။ လူကြီးတွေက လူကြီး သက်သက်နေရတာ။ အသက် ၁၈ နှစ်အောက်တွေက လူငယ်တွေပေါ့။ ၁၈ နှစ်အထက် လူကြီးဖြစ်သွားပြီ။ အဲဒီအခါကျ သူတို့ကို လူကြီးဆောင်မှာ သက်သက်ထားရတယ်။ အဲဒီကနေမှ ဆရာတွေက ဒီကိုလာသင်ပေးတယ်။

Voice : ထောင်ထဲမှာ စာသင်ပြီး ကြိုးစားရတဲ့ အခါ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှု မရှိဘူးလား။

MTHA : အရင်တုန်းကတော့ ရှိပါတယ်။ နောက် တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ဖြေတဲ့စာကို ထပ်ခါထပ်ခါ စစ်ပေးတယ်လေ။ အဲဒီတော့ ကျွန်တော်တို့ အောင်နိုင်ခြေ ရှိတယ်။ ဂုဏ်ထူးထွက်နိုင်ခြေ ရှိတယ် ဆိုပြီးတော့ စနေနေ့တိုင်း အထက (၁) အင်းစိန်က ဆရာမတွေ လာပြီးတော့ စာသင်ပေးတယ်။ လိုအပ်တာတွေ လုပ်ပြတယ်။ စာသင်တဲ့အခါ အပြန်အလှန်မေးခွင့် ရပါတယ်။ သူတို့လည်း ရှင်းပြပါတယ်။ ဥပမာ- ရူပဗေဒဆရာ၊ ဆရာမတွေ အုပ်စုမှာဆို အုပ်စုခေါင်းဆောင်တွေက လာသင်ပေးတယ်။

Voice : ရူပဗေဒ ဘာသာရပ်နဲ့ ဂုဏ်ထူးထွက်တယ်။ ဘာဆက်လုပ်မှာလဲ။

MTHA : အပြင်ရောက်ရင် ကျွန်တော်က ကျောင်းတက်ဖို့ပဲ စိတ်ကူးရှိတာပါ။ ဒီကနေ မလွတ်သေးဘူး ဆိုတော့ ဒီကနေ ဖောင်တင်ပြီး တက်ရမှာပေါ့။ အပြင်ရောက်မှ ကျောင်းတက်တာပေါ့။ အဝေးသင်ပဲ တက်ရမှာပေါ့။ ကျွန်တော်စိတ်ကူးတာ သင်္ချာနဲ့ ရူပဗေဒ အထူးပြုယူဖို့ စိတ်ကူးထားတယ်။

Voice : မိဘနဲ့ တခြားကျောင်းသားတွေ၊ သူငယ်ချင်းတွေကို ဘာပြောလိုက်ချင်သလဲ။

MTHA : ကျွန်တော်တို့ ထောင်ထဲရောက်လာတာ ခံစားချက်တွေနဲ့ အကုန်လုံး ရောက်လာတာ။ နောက်လာမယ့် ဆယ်တန်းကျောင်းသားတွေကို တစ်နေ့စာ တစ်နေ့လုပ်သွားဖို့ ပြောချင်တယ်။ ဘယ်လိုခံစားချက်လဲဆို ပြောရမယ်ဆို အိမ်နဲ့ဝေးတာပေါ့။ ကျွန်တော်ဆို အိမ်နဲ့အဝေးကြီးပဲ။ တစ်ခါတစ်ခါ ဖျားတာ နာတာရှိရင် လွမ်းတာပေါ့ဗျာ။ အဲဒါတွေကို အားတင်းပြီး စာလုပ်ခဲ့တယ်။ အဲဒီတော့ ခုလို ဂုဏ်ထူးထွက်ခဲ့တာပေါ့။ ဒီနှစ်ကျရင် နောက်နှစ် ဂုဏ်ထူးထွက်ရမယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့တာပေါ့။

“ခုကျသွားတာ နောက်ထပ်ပြုပြင်ဖို့၊ ကြိုးစားဖို့ပါပဲ။ ကျွန်တော့်အမှားကို ကျွန်တော် ပြင်ဆင်နိုင်မှာပါ” 
တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျရှုံးကျောင်းသား မောင်သူထက်အောင်နှင့် တွေ့ဆုံခြင်း

Voice : ဒီနှစ် အကျဉ်းထောင်ထဲကနေ ဆယ်တန်းစာမေးပွဲဖြေတာ ရှုံးတယ်ဆိုတော့ ဘာပြောချင်ပါသလဲ။

MTHA : ကျွန်တော် ရှုံးသွားတာ ကျွန်တော် နောက်ထပ် ဂုဏ်ထူးနဲ့ အမှတ်များများရအောင် ဖြေဆိုနိုင်ဖို့ နောက်ထပ်အခွင့်အရေး တစ်ခုလို့ ထင်မြင်ပါတယ်။ ကျွန်တော် ခုကျသွားတာ နောက်ထပ်ပြုပြင်ဖို့၊ ကြိုးစားဖို့ပါပဲ။ ကျွန်တော့်အမှားကို ကျွန်တော် ပြင်ဆင်နိုင်မှာပါ။ ဒါက ကျွန်တော် အမှတ်များများနဲ့ အောင်အောင်ဖြေနိုင်ဖို့ အခွင့်အရေးပါပဲ။

Voice : ဒီအထဲ ဘယ်လိုရောက်လာတာပါလဲ။

MTHA : နေပြည်တော်၊ လယ်ဝေးမြို့နယ်ကပါ။ ထောင်ခုနစ်နှစ် ကျပါတယ်။ ၃၀၂ နဲ့ပါ။ နေခဲ့တာတော့ ၂ နှစ်ခွဲ ရှိသွားပါပြီ။ ကျွန်တော် ဘယ်လိုနဲ့ ဒီရောက်လာတာလဲဆိုတော့ ထောင်ကျတော့ ကျွန်တော့်ကို အသက်မပြည့်လို့ မန္တလေးထောင် ပို့ပါတယ်။ အဲဒီကနေ ထောင်ပိုင်ကြီးက ကျွန်တော့်ကို ဆယ်တန်းဖြေဖို့ ဆိုပြီးတော့ အင်းစိန်ထောင်ကို ပို့ပေးလိုက်တာပါ။ ဟိုဘက်မှာတော့ သူငယ်တန်းကနေ ကိုးတန်းအထိ ရှိပါတယ်။ ဆယ်တန်းအထိ မရှိဘူး ခင်ဗျ။ ဆယ်တန်းဆိုတာ အင်းစိန်အကျဉ်းထောင်မှာပဲ ရှိပါတယ်။

Voice : အခွင့်အရေးလို့ ပြောတော့ ဘယ်လိုပုံစံ ဆက်လုပ်သွားဖို့၊ ကျော်လွှားသွားဖို့ စဉ်းစားထားလို့လဲ။

MTHA : ကျွန်တော့်အမှားကို ပြင်ဖို့ စာနဲ့ပဲ ဒီ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အမှတ်ကောင်းအောင် ကြိုးစားမှာပါပဲ။

Voice : အောင်သွားရင် ဘာလုပ်ချင်လို့လဲ။

MTHA : အောင်သွားရင် ကျွန်တော်ဝါသနာပါတဲ့ ကျွန်တော့်အိပ်မက် ဖြစ်တဲ့ အနုပညာတက္ကသိုလ်ကို ဆက်ပြီးတက်သွားမှာပါ။ ကျွန်တော်က အဆို၊ အတီး ဂီတဘက် ရူးရူးသွပ်သွပ်၊ မြတ်မြတ်နိုးနိုး ဝါသနာပါ ပါတယ်။ ကျွန်တော်တို့ အသိုင်းအဝိုင်းထဲမှာ ဒီလိုမျိုး မရှိပါဘူး။ ကျွန်တော်က ပထမဆုံး စကြိုးစားသွားမယ့် လူတစ်ယောက်ပါ။ ကျွန်တော် ငယ်ငယ်ကတည်းက ဝါသနာ ပါတာပါ။ ကျွန်တော် အဲဒီသတင်းစာကို ဖတ်မိပြီးတော့ အဲဒါလေးကို ခုထိ ကျွန်တော့် ဓာတ်ပုံအယ်လ်ဘမ်ထဲမှာ ညှပ်ပြီး သိမ်းထားတုန်းပါ။ နေပြည်တော်က အိမ်မှာ ခုထိရှိပါတယ်။ သတင်းစာထဲမှာ ရေးထားတာ အနုပညာကျောင်း ဖွင့်လှစ်လိုက်ပြီ။ ရန်ကုန်နဲ့ မန္တလေးမှာ ဖွင့်လှစ်လိုက်ပြီဆိုတဲ့ အကြောင်းပါ။ အဲဒီမှာ B.A (Music), သဘင်၊ ပန်းချီ၊ ပန်းပု အကုန်အစုံ ရှိပါတယ်။ အဲဒီကတည်းက ကျွန်တော် B.A (Music) ဘွဲ့ကို ရအောင်ယူမယ်လို့ ဆုံးဖြတ်ထားတာပါ။ ဒါကြောင့် ကျွန်တော် တက္ကသိုလ်ဝင် စာမေးပွဲကို အောင်အောင် ဆက်ကြိုးစားသွားမှာပါ။

Voice : ထောင်ကလွတ်ရင် ပထမဆုံး ဘာလုပ်ချင်သလဲ။

MTHA : ကျွန်တော် ထောင်ကလွတ်ရင် ပထမဆုံး အမေ့ဆီ ပြန်ချင်ပါတယ်။ ပြီးရင် ဘုရားတွေ အစုံပတ်ဖူးချင်ပါတယ်ခင်ဗျ။ ခုစာသင်ရတာ အခက်အခဲကတော့ မရှိပါဘူး။ အားလုံးပြည့်စုံပါတယ်ဗျာ။ ကျွန်တော်တို့ကို ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်က ထောင်ပိုင်ကြီးကလည်း အပြင်ကနေ ကျောင်းဆရာတွေ၊ ဂိုက်တွေ ငှားပေးပါတယ်။ စားစရာ၊ သောက်စရာကအစ လိုလေးသေး မရှိအောင် ထားပြီးတော့ ပညာသင်ပေးပါတယ်။ အဓိက ကိုယ်ကြိုးစားရင် ကိုယ့်အတွက်ချည်းပါပဲ။

နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)