News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (သုတေသန လွတ်လပ်ခွင့် )
10-Aug-2017 tagged as ဆရာများ

လက်ရှိ မြန်မာ့ပညာရေးတွင် သုတေသန လွတ်လပ်ခွင့် ရရှိပြီလား ဆိုသည်ကိုမူ မေးခွန်းထုတ်ရန် ကျန်နေပါသေးသည်။ ယခုအချိန်အထိ သုတေသနစာတမ်းအတွက် ယင်းစာတမ်းသည် နိုင်ငံရေး ကင်းရှင်းကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မထိခိုက်စေကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေကြောင်း အချက်များ ခံဝန်လက်မှတ်ရေးထိုးနေရဆဲဟု ဆရာများထံမှ သိရှိရပါသည်။ ယင်းသို့သော အခြေအနေများအပေါ် ဆရာများ၏ သဘောထားများကို ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“လွတ်လပ်မှန်ကန်တဲ့ ကောက်ချက်ဆွဲဖို့ ပြဿနာ ကြုံရပါလိမ့်မယ်”
ဒေါက်တာဇော်မျိုးလှိုင် (ကထိက၊ ရူပဗေဒဌာန၊ ကျောက်ဆည်တက္ကသိုလ်)

အရင်တုန်းက ပြဋ္ဌာန်းထားတဲ့ သုတေသနပြုလုပ်သူတွေအတွက် ချမှတ်ခဲ့တဲ့ စည်းကမ်းတွေကတော့ (၁) ဒို့တာဝန်အရေးသုံးပါးနှင့် ကိုက်ညီခြင်း ရှိ/မရှိ (၂) ပြည်သူ့သဘောထားလေးရပ်နှင့် ကိုက်ညီခြင်း ရှိ/မရှိ (၃) ဦးတည်ချက် ၁၂ ရပ်နှင့် ကိုက်ညီခြင်း ရှိ/မရှိ (၄) နိုင်ငံရေးဆက်နွှယ်မှု ရှိ/မရှိ (၅) နိုင်ငံတော်မှ ချမှတ်ကျင့်သုံးနေသော မူဝါဒများနှင့် ကိုက်ညီခြင်း ရှိ/မရှိ (၆) နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမည့် အကြောင်းအရာများ ပါ/မပါ (၇) နိုင်ငံတော်၏ သိက္ခာကို ထိခိုက်ခြင်း ရှိ/မရှိ (၈) တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများနှင့် သိက္ခာကို ထိခိုက်ခြင်း ရှိ/မရှိ (၉) ဘာသာရေးဆိုင်ရာ စာတမ်း ဟုတ်/မဟုတ် (၁၀) ဘာသာရေးဆိုင်ရာ စာတမ်းဖြစ်သော်လည်း ဖော်ပြရန် သင့်/မသင့် (၁၁) နိုင်ငံတကာနှင့် ဒေသတွင်းရေးများ ဖြစ်ပါက နိုင်ငံတော် ချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီခြင်း ရှိ/မရှိ (၁၂) လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် အမျိုးသမီးများ အခွင့်အရေးနှင့် သက်ဆိုက်ခြင်း ရှိ/မရှိ (၁၃) ထိုအခွင့်အရေးနှင့် သက်ဆိုင်ခြင်း ရှိသော်လည်း ဖော်ပြသင့်/မသင့် (၁၄) UN/ INGO/ NGO များနှင့် သက်ဆိုင်ခြင်း ရှိ/မရှိ (၁၅) ထိုအဖွဲ့အစည်းများနှင့် သက်ဆိုင်ခြင်း ရှိသော်လည်း ဖော်ပြသင့်/မသင့် (၁၆) ပညာရေး ဝန်ကြီးဌာန၏ သိက္ခာကို ထိခိုက်ခြင်း ရှိ/မရှိ (၁၇) အခြားဝန်ကြီးဌာနများ၏ သိက္ခာကို ထိခိုက်ခြင်း ရှိ/မရှိ (၁၈) သုတေသနစာတမ်းအဆင့် ဟုတ်/မဟုတ် (၁၉) သုတေသနဂျာနယ်တွင် ဖော်ပြရန် သင့်/မသင့် တို့ ဖြစ်ပါတယ်။ 

ဒီအချက်တွေထဲမှာ ဆက်လက်ပါဝင်သင့်တာတွေ ရှိသလို၊ ခေတ်နဲ့မညီတော့တာတွေ ဖယ်ရှာသင့်တာတွေကို ဖယ်ရှားကြရပါမယ်။ ပညာရေးမှာ နိုင်ငံရေးက သြဇာသက်ရောက်လွှမ်းမိုးနေခြင်းမျိုး မဖြစ်သင့်ပါဘူး။ ပညာရေး လွတ်လပ်ခွင့် ရှိကို ရှိရပါမယ်။ ဒါမှသာ ပညာရပ်ဆိုင်ရာအတွက် မှန်ကန်တဲ့ အကျိုးရှိတဲ့ သုတေသနစာတမ်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တက္ကသိုလ်များ သုတေသနဂျာနယ် (Universities Research Journal) ကို သုတေသနစာတမ်း ပေးပို့တဲ့အခါမှာ အပေါ်စာ (Cover letter) မှာ ပါမောက္ခ (ဌာနမှူး) ရယ်၊ စာတမ်းရှင်ရယ်က နိုင်ငံရေးကင်းရှင်းပါသည်၊ အမျိုးဂုဏ်ဇာတိဂုဏ် ထိခိုက်မှု မရှိပါ၊ ဒို့တာဝန်အရေးသုံးပါး ထိခိုက်မှု မရှိပါ၊ ခေတ်ကာလနှင့် လျော်ညီပါသည်၊ နိုင်ငံတော်နှင့် ပညာရည် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် သုတေသနစာတမ်း ဖြစ်ပါသည်လို့ ဝန်ခံလက်မှတ်ထိုးနေရပါတယ်။ 

ဒီတော့ ပညာရေးကို နိုင်ငံရေးပေတံနဲ့ တိုင်းနေဦးမှာလားဆိုတာ ဝေဖန်စရာတွေ ဖြစ်လာပါတယ်။ ပညာရေး လွတ်လပ်ခွင့်ဟာ ဘာလဲလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒီလိုကန့်သတ် သတ်မှတ်ချက်တွေဟာ သုတေသန လွတ်လပ်ခွင့်အတွက်ဆိုရင် စိတ်ပျက်ဖွယ် ဖြစ်နေပါတယ်။ အထူးသဖြင့် သိပ္ပံဘာသာရပ်တွေကတော့ သဘာဝအကြောင်းအရာများမို့ ဒီလိုကန့်သတ်မှုတွေကနေ ငြိစွန်းမှု နည်းပါးပေမယ့် ဝိဇ္ဇာဘာသာရပ်များ (အထူးသဖြင့် သမိုင်းဆိုင်ရာ စာတမ်းများ၊ ပထဝီဝင်ဆိုင်ရာ စာတမ်းများ) အတွက်ဆို အခက်အခဲ ကြုံစေပါတော့တယ်။ စာတမ်းရှင်က သူလေ့လာတွေ့ရှိသမျှကို မှတ်တမ်းတင်မယ်၊ ကောက်ချက်ဆွဲ ပါမယ်။ ဒီအခါမှာ ဘောင်ခတ်ခံထားရတဲ့အခါ လွတ်လပ်မှန်ကန်တဲ့ ကောက်ချက်ဆွဲဖို့ ပြဿနာ ကြုံရပါလိမ့်မယ်။ 

သုတေသနလုပ်ငန်းတွေ ပိုကောင်းလာဖို့ဆိုရာမှာ နှစ်ပိုင်းမြင်မိပါတယ်။ တစ်က လူ့စွမ်းအားအရင်းအမြစ်နဲ့ နှစ်ကတော့ သုတေသနပြုလုပ်ဖို့ လိုအပ်တဲ့ အထောက်အပံ့ပါ။ ဒီနေရာမှာ ပြောချင်တာက နိုင်ငံတကာမှာ တက္ကသိုလ်တွေမှာ သုတေသနရန်ပုံငွေ (Research Fund) တွေ ထူထောင်ပေးထားက သုတေသီတွေကို ထောက်ပံ့ပေးပါတယ်။ ဒီမှာကတော့ သုတေသနပြုလုပ်ရသူ အများစုက ကိုယ့်အိတ်စိုက် ငွေနဲ့ လုပ်ကြရတာ များပါတယ်။ ထောက်ပံ့မှု အားနည်းပါတယ်။ ဒီတော့ သုတေသနလုပ်ငန်းများက ထင်တိုင်းမပေါက်တာတွေ ရှိပါတယ်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်နဲ့ ပညာရေး ပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်ကတော့ အဆိုပါ အချက်တွေကို ဖြေလျှော့ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီတော့ သုတေသနတွေ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံရေးဘက်ကနေ ပညာရေးကို လွှမ်းမိုးထားချက်တွေ ပယ်ဖျက်ရပါမယ်။ သုတေသနလုပ်မယ့် ဆရာ၊ ဆရာမတွေကို အစိုးရနဲ့ ဝန်ကြီးဌာနက ထောက်ပံ့မှုတွေ အားကောင်းအောင် စီမံပေးဖို့ လိုပါတယ်။

“ဘယ်လိုမှ မကောင်းနိုင်တဲ့ ကိစ္စတွေပါ”
ဒေါက်တာစိုင်းခိုင်မျိုးထွန်း (ကထိက၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာန၊ ရန်ကုန်တက္ကသိုလ်)

သုတေသန ရှင်သန်ဖွံ့ဖြိုးဖို့ဆိုရင် လွတ်လွတ်လပ်လပ် ပြုလုပ်နိုင်ဖို့ လိုပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံတော်ပိုင်းကနေ သုတေသနလုပ်ငန်းတွေအတွက် ထောက်ပံ့မှုပေးဖို့ပါ။ ကျောင်းတွေမှာ ထောက်ပံ့မှုပေးတော့ ပေးပါတယ်။ ဒါပေမဲ့ အားကောင်းကောင်းနဲ့ လုပ်ဖို့လိုတယ်ပေါ့။ သုတေသန ဆက်လက်ရှင်သန်ဖို့ ပြောရမယ်ဆိုရင် ဆရာ၊ ဆရာမတွေကလည်း သေသေချာချာ လုပ်နိုင်ဖို့၊ လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့နဲ့ ထောက်ပံ့မှုပေးဖို့ အဲဒီအချက်တွေ အရေးကြီးပါတယ်။ 

အစိုးရသစ်လက်ထက် ပြောင်းလာသည့်တိုင်အောင် သုတေသန လွတ်လပ်ခွင့် ရှိပြီလားဆိုရင် ပြီးခဲ့တဲ့ သုံး၊ လေးလလောက်က အသံထွက်လာတာ ကြားရပါတယ်။ ကိုယ်တင်တဲ့ သုတေသနစာတမ်း အတွက် လက်မှတ်ထိုးရမယ်ပေါ့။ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မထိခိုက်စေပါဘူး။ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေပါဘူး။ ခေတ်နဲ့ညီပါတယ်။ နိုင်ငံနဲ့ပညာရပ်ကို အထောက်အကူ ဖြစ်စေပါတယ်ဆိုတဲ့ အချက်တွေအပေါ် လက်မှတ်ထိုးရတယ်ပေါ့။ 

အထက်က လက်မှတ်ထိုးရတဲ့ အချက်တွေက သုတေသနအတွက် အနှောင်အဖွဲ့ ဖြစ်နေပါတယ်။ တကယ်တမ်းက အဲဒီအချက်တွေက အုပ်ချုပ်နေတဲ့သူတွေရဲ့ နိုင်ငံရေး အသုံးချမှု ဖြစ်တယ်။ သုတေသနမှာ သူ့အကြောင်းအရာကတော့ နိုင်ငံကို အကျိုးပြုမယ့် အကြောင်းအရာတွေ ဖြစ်နေပြီးသားလေ။ အဲဒီဟာတွေအတွက် ပညာရေးပဲဖြစ်ဖြစ် အစရှိသဖြင့် အဲဒါနဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ချုပ်နှောင်ပြီး နှစ်ဦးနှစ်ဖက် အတင်းသဘောတူခိုင်းလိုက်တာက ပညာရေး သုတေသနအတွက် ဘယ်လိုမှ မကောင်းနိုင်တဲ့ ကိစ္စတွေပါ။ 

အခုနက ပြောတဲ့အချက်တွေအတွက် လက်မှတ်ထိုးရတဲ့အပေါ် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းတုန်းက ပညာရေးဝန်ကြီးနဲ့တွေ့တော့ ပြောပြတယ်။ ဝန်ကြီးက အဲဒါက အရင်အစိုးရ လက်ထက်ကဟာကို ဆက်ပြီး လုပ်နေတာပေါ့။ အထူးသဖြင့် ဖြစ်သွားတာ အထက်ဗမာပြည်မှာလေ။ လက်မှတ်ထိုးခိုင်းတာတွေ ကြားတာတော့ ကြားတယ်။ ဆိုတော့ သုတေသနဆိုတာ လွတ်လွတ်လပ်လပ် ဖြစ်ရမှာမို့ အဲဒါကို ပယ်ဖျက်ပေးမယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။ နိုင်ငံရေးကင်းရှင်းပါတယ်။ အမျိုးဂုဏ်၊ ဇာတိဂုဏ် မထိခိုက်စေပါဘူး။ ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေပါဘူးဆိုတဲ့ ဝန်ခံ ကတိလက်မှတ်ထိုးရတာကို ပယ်ဖျက်ပေးမယ်လို့ ပညာရေးဝန်ကြီးက ပြောတာပါ။ ဘယ်အချိန်မှာ လုပ်ပေးမယ် ဆိုတာတော့ မသိပါဘူး။ ပြောတာတော့ ပြောလိုက်ပါတယ်။ 

သုတေသနရဲ့ အရည်အသွေးပိုင်းနဲ့ ပတ်သက်လို့က အရင်အတိုင်းပါပဲ။ အများကြီး ပြောင်းလဲမှု သိပ် မရှိဘူး။ ဒါလည်း ပညာရေးစနစ်နဲ့ ဆိုင်တယ်။ အခုတော့ ပွင့်လင်းတာနဲ့အမျှ အကောင်းဘက်ကို ဦးတည်လာနေပါပြီ။ သင်ကြားရေးနဲ့ ပတ်သက်လို့လည်း လွတ်လွတ်လပ်လပ် ကိုယ်သင်ချင်တဲ့ အကြောင်းအရာကို ပြောလို့ ရလာပါပြီ။ သုတေသနဆိုတာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အင်မတန် အရေးကြီးတဲ့ ကိစ္စတစ်ခုပေါ့။ ဘယ်လုပ်ငန်းလုပ်လုပ် သုတေသနဆိုတာ လိုအပ်ပါတယ်။ ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူပြုနိုင်တဲ့ အဖြေတွေ ရလာတယ်။ ဒါကြောင့် သုတေသနလုပ်ငန်းကို တကယ်အားပေးဖို့လည်း အရေးကြီးတယ်ဆိုတာ ပြောလိုပါတယ်။                                             

နေဇာကျော်