News

POST TYPE

EDUCATION

သုတေသနဆိုင်ရာ ကန့်သတ်ချက်အချို့ ဖြေလျှော့မည်
ရန်ကုန်၊ သြဂုတ် ၉

ပညာရပ်ဆိုင်ရာ သုတေသနစာတမ်းများ တင်သွင်းရာတွင် ဝန်ခံလက်မှတ်ရေးထိုးရသည့် ကန့်သတ်ချက်အချို့ ပညာရေး ဝန်ကြီးဌာနက ဖြေလျှော့ပေးတော့မည် ဖြစ်သည်။

ပညာရေးဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ အဆင့်မြင့်ပညာဦးစီးဌာန ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဌာန ဒု/ချုပ် ဒေါက်တာအောင်အောင်မင်းက ယင်းသို့ ပြောကြားသည်။

ယင်းသို့ ရေးထိုးရခြင်းသည် ယခင်အစိုးရလက်ထက်က မူဝါဒဖြစ်ပြီး သုတေသန၏ အသက်ဖြစ်သည့် လွတ်လပ်ခြင်း၊ မှန်ကန်ခြင်းကို ကန့်သတ်ချက် ဖြစ်စေသဖြင့် ခေတ်နှင့်မလျော်ညီသည့် ကန့်သတ်ချက်များကို ပယ်ဖျက်၊ ဖြေလျှော့ပေးမည်ဟု ၄င်းက ဆိုသည်။

“သုတေသနဖွံ့ဖြိုးဖို့အတွက် ကန့်သတ်ချက်အချို့ ဖြေလျှော့မယ်လို့ ဝန်ကြီးက ပြောပါတယ်။ ဒါပေမဲ့ ဘယ်အချက်တွေ ဖြေလျှော့ပြီး ဖြေလျှော့ကြောင်း ဘယ်အချိန်မှာ တရားဝင် စာထုတ်ပြန်ပေးနိုင်မယ် ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး” ဟု ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

ပညာရပ်ဆိုင်ရာ သုတေသနစာတမ်း တင်သွင်းရာတွင် စာတမ်းတင်သွင်းသူနှင့် ပါမောက္ခ ဌာနမှုးက ယင်းစာတမ်းသည် နိုင်ငံရေး ကင်းရှင်းကြောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မထိခိုက်စေကြောင်း၊ တို့တာဝန် အရေးသုံးပါးကို မထိခိုက်စေကြောင်း စသည့်အချက်များ စိစစ်၍ ဝန်ခံလက်မှတ် ရေးထိုးကြရသည်။

ပညာရေးဝန်ကြီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်တို့ ဇူလိုင်လကုန်ပိုင်းက တွေ့ဆုံစဉ် ယင်းသို့ ကန့်သတ်ချက်များ ရှိနေခြင်းအပေါ် တင်ပြခဲ့သည်။

ထို့ကြောင့် ပညာရေးဝန်ကြီးက ကန့်သတ်ချက်အချို့ ဖြေလျှော့ပေးမည်ဟု ပြောဆိုသည်မှာ မှန်ကန်ကြောင်း ဆရာအဖွဲ့ချုပ် အဆင့်မြင့်ပညာ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောကြားသည်။

“ပညာရေးမှာ နိုင်ငံရေးက သြဇာသက်ရောက် လွှမ်းမိုးနေခြင်းမျိုး မဖြစ်သင့်ပါဘူး။ ပညာရေး လွတ်လပ်ခွင့် ရှိကို ရှိရပါမယ်။ ဒါမှသာ ပညာရပ်ဆိုင်ရာအတွက် မှန်ကန်တဲ့ အကျိုးရှိတဲ့ သုတေသန စာတမ်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်” ဟု ကျောက်ဆည်တက္ကသိုလ် ရူပဗေဒဌာန ကထိကလည်းဖြစ်သူ ဒေါက်တာဇော်မျိုးလှိုင်က ပြောကြားသည်။

နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမည့် အကြောင်းအရာများပါ၊ မပါ၊ နိုင်ငံတော်၏ သိက္ခာကို ထိခိုက်ခြင်းရှိ၊ မရှိ၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် သိက္ခာကို ထိခိုက်ခြင်းရှိ၊ မရှိလည်း ပါဝင်သည်။

ထို့ပြင် လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် အမျိုးသမီး အခွင့်အရေးတို့နှင့် သက်ဆိုင်ခြင်းရှိ၊ မရှိ စသည့် သတ်မှတ်ချက်များ ပါဝင်ကြောင်း ဒေါက်တာဇော်မျိုးလှိုင်က ရှင်းပြသည်။