News

POST TYPE

EDUCATION

ဖဲကြိုးပြာလှုပ်ရှားမှုနှင့် မေးခွန်းထုတ်စရာ ဖြစ်သော အဆင့်မြင့် ပညာရေး
မကြာသေးမီက ပညာရေးဝန်ကြီးဌာန အောက်ရောက်သွားသော နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် အမှုထမ်းကြသော ဆရာ/ဆရာမ အများစုက ရာထူးတိုးမျှတရေးအတွက် Social Media ဖြစ်သော Facebook မှ စတင် အခြေပြုကာ ဖဲကြိုးပြာ လှုပ်ရှားမှု တစ်ရပ်အနေနှင့် စတင် လှုပ်ရှားလာခဲ့သည်။ ထိုအထဲတွင် ယခုစာရေးသူလည်း အပါအဝင် ဖြစ်သည်။ ရာထူးတိုးမျှတရေး လှုပ်ရှားမှုဟု ခေါင်းစဉ်တပ်ထားသောကြောင့် ပညာရေးနယ်ပယ်က မဟုတ်သည့် အချို့သောပုဂ္ဂိုလ်များက မိမိတို့အား နိုင်ငံအကူးအပြောင်း ကာလတွင် အနစ်နာခံ ဆောင်ရွက်ခြင်းမရှိဘဲ မိမိတို့ အကျိုးစီးပွားကိုသာ ရှေ့တန်းတင် ကြွေးကြော်သူများအဖြစ် ထင်မြင်ကောင်း ထင်မြင်လာနိုင်ပါသည်။ ရှင်းစရာ မလိုအောင် ထင်ရှားပြီးသား ဖြစ်ပေမယ့် မြန်မာလူ့အဖွဲ့အစည်းက လက်ခံထားသော စိတ်ကူးယဉ်ဝါဒ (idealism) ဆန်ဆန် အယူအဆအမှားကို အနည်းငယ်တော့ ရှင်းပြလိုပါသည်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ပညာရေးတွင် (Public Education ကို ဆိုလိုပါသည်) ဈေးဆစ်သော လူ့အဖွဲ့အစည်း ဖြစ်ပါသည်။ စွဲချက်ကြီးကြီးဖြင့် စွပ်စွဲထားသည်ဟု ထင်မြင်ကောင်း ထင်မြင်လာနိုင်ပါသည်။ တကယ်တော့ Social Justice အရ စဉ်းစားလျှင် လူ့အဖွဲ့အစည်းတစ်ခုတွင် နေထိုင်နေကြသူများ အားလုံးသည် အပြန်အလှန် အမှီသဟဲ ပြုနေကြကာ စိတ်ကူးယဉ်ဆန်ဆန် အယူအဆများကြောင့် အမှန်တကယ် အရင်းအမြစ်များ သင့်လျော်စွာ သုံးစွဲသင့်သည့်နေရာမျိုးတွင် မသုံးစွဲခြင်းသည် Reciprocity သဘောအရ လူ့အဖွဲ့အစည်း၏ အခြားတစ်ဖက်တွင် Free Riders များ ရှိနေသည်ဟု ယူဆနိုင်ပါသည်။ “တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိ၏”ဟူသော ကဗျာလေးကို ကလေးဘဝတည်းက ကြားဖူးကာ မိမိကိုယ်တိုင် တက္ကသိုလ် ဆရာတစ်ယောက် ဖြစ်လာသည့်အခါမှ နားထောင်ကောင်းသလောက် တကယ့်လက်တွေ့တွင် အလုပ်မဖြစ်ကြောင်း ကိုယ်တွေ့ သိလာရပါသည်။ ကျွန်တော် ဘောဂဗေဒ ဘာသာရပ်ကို သင်ဖူးပါသည်။ ဘောဂဗေဒဘာသာ ရပ်တစ်ခုလုံး၏ အခြေခံစည်းမျဉ်း ၁၀ ချက်ထဲမှာ “People Respond to Incentives” ဟူသော စည်းမျဉ်းတစ်ခုလည်း အပါအဝင် ဖြစ်ပါသည်။ လူတိုင်းလူတိုင်းဟာ မတူညီတဲ့မက်လုံးများ (Incentives) အပေါ် မူတည်ပြီး လုပ်ဆောင်ကြတာဖြစ်လို့ ကိုယ်ကျိုးစီးပွား အတ္တတစ်ခုတည်းကို ရှေ့တန်းတင်သော အယူအဆ တစ်ရပ်အဖြစ် စွပ်စွဲကောင်း စွပ်စွဲနိုင်ပါသည်။ ကျွန်တော်ကတော့ ပုထုဇဉ်ကို ပုထုဇဉ်လိုတွေးသော အမြင်တစ်ရပ်အဖြစ် လက်ခံယူဆပါသည်။ မက်လုံးများ (Incentives) ဟု ဆိုထားသောကြောင့် Financial Incentive တစ်ခုတည်းကိုသာ ယူဆပါက မှားယွင်းပါသည်။ လူတိုင်း မက်လုံးများ (Incentives)ကြောင့် လုပ်ဆောင်ကြတာလို့ဆိုပေမယ့် Classical Economics ကို လက်ခံထားသူတို့ပင် Moral Sentiments ကို အခြားတစ်ဖက်မှာ လက်ခံကြသည်။ ထိုအထဲတွင် ကျွန်တော်တို့ တက္ကသိုလ် ဆရာ၊ ဆရာမများအတွက် အရေးကြီးသော “ဂုဏ်”(Pride) မဟုတ်သည့် “ဂုဏ်သိက္ခာ”(Honour) သည်လည်း တစ်စိတ်တစ်ဒေသ ပါဝင်ပါသည်။ “ဂုဏ်သိက္ခာသည် လူသားတို့အား အောက်သို့ နိမ့်ကျမသွားအောင် တားဆီးပေးထားသည့်အရာ” (Honor is a great check upon mankind) ဟု စကော့လူမျိုး တွေးခေါ်ပညာရှင် David Humes က ဆိုခဲ့သည် မဟုတ်ပါလော။ ကျွန်တော်တို့အတွက် ဂုဏ်သိက္ခာဆိုသည်မှာ Professionalism နှင့် တိုက်ရိုက် သက်ဆိုင်နေပါသည်။ Professionalism ဆိုသည်မှာ မိမိ၏အလုပ်ကို တကယ်ကို လေးလေးနက်နက် အချိန်အား၊ ငွေအား စသည့် အရင်းအမြစ်များ (Resources) အသုံးပြုပြီး ပိုမိုကောင်းမွန်သည်ထက် ကောင်းမွန်အောင် လုပ်ကိုင်ခြင်းဟု တစ်စိတ်တစ်ဒေသ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါသည်။ ဆရာဆိုသည်မှာ မိမိတို့တက္ကသိုလ် ဆရာများမှ မဟုတ်ဘဲ Public Education တွင် တာဝန် ထမ်းဆောင်နေသော ဘယ်ဆရာ၊ ဆရာမများမဆို အများလက်ခံထားသလို “ဝါသနာ၊ စေတနာ၊ အနစ်နာ” ဟူသော နာသုံးနာဖြင့် ပြည့်စုံနေရုံမျှဖြင့် မပြီးသေးပါ။ ဆရာကြီး မြကေတု အဆိုအရ စာဖတ်နာဖို့လည်း လိုပါသည်။  စီမံခန့်ခွဲမှု ရှုထောင့်ကို အသာဖယ်ထားပြီး လူပြိန်းအတွေးနဲ့ပင် တွေးကြည့်ပါ မိမိတို့၏ တက္ကသိုလ်ဟူသော တတိယအဆင့် အင်စတီကျူးရှင်း (Tertiary Institution) တွင် တာဝန်ထမ်းဆောင်နေသော တကယ့် Professionalism ကို မပြည့်စုံသည့် အခြေအနေ အကြောင်းတရားများ ရှိနေသည့်တိုင် လက်ကိုင်ထားလိုသော ဆရာ၊ ဆရာမများ “စာဖတ်နာ”ဖို့အတွက် မိမိတို့ရသော လစာသည် သုတေသနလုပ်ရန် စာအုပ် ဘယ်နှအုပ်လောက်များ ဝယ်လို့ရပါသလဲ ဟူသော မေးခွန်းကို မေးကြည့်ပါ။ ဒါအဖြေပါပဲ။ တက္ကသိုလ်အဆင့် ကျောင်းများဖြစ်သော်လည်း အများစုမှာ ပြည့်စုံလုံလောက်သော စာကြည့်တိုက်ပင် ကောင်းစွာ မရှိပါ။ ဌာနအလိုက် စာကြည့်ဆိုသည်မှာ မတွေ့ဖူးသလောက်ပင် ဖြစ်သည်။ ဒီမှာ တစ်ခု နားလည်မှု လွဲသွားနိုင်သည်။ ကျွန်တော်တို့အများစုက သုတေသန (Research) လို့ပြောရင် ကျောင်းက သားသားနားနား အိတ်သွန် ဖာမှောက် ပြင်ဆင်ထားသော (အထူးသဖြင့် လူကြီးလမ်းကြောင်းသင့်လျှင်) (Practical work) များလုပ်ရာ Workshop များကိုသာ မြင်ကြသည်။ အဆင့်မြင့်ပညာတွင် သုတေသန ဆိုသည်မှာ အဆိုပါ လက်တွေ့ လုပ်ဆောင်မှုတစ်ခုတည်းကို ကန့်ထားခြင်း မဟုတ်ဘဲ) ဝိဇ္ဇာဘာသာရပ်ဖြစ်စေ၊ သိပ္ပံဘာသာရပ်ဖြစ်စေ၊ အထူးပြု ဘာသာရပ်ဖြစ်စေ အကုန်လုံး အကျုံးဝင်ပါသည်။ မိမိသင်ကြားနေသော ဘာသာရပ်နှင့်ပတ်သက်၍ ပိုမိုနားလည် သိရှိအောင် သမားရိုးကျ အမြင်များမှ သွေဖည်ကာ အမြင်သစ်များဖြင့် မြင်နိုင်အောင် ကြိုးပမ်းအားထုတ်ခြင်းသည်လည်း တစ်ဦးချင်းသည် သုတေသနလုပ်လိုစိတ် (Research Minded) ဖြစ်လာအောင် Research-based academic environment တစ်ခု ဖန်တီးပေးထားခြင်း မရှိဘဲ မည်သို့မျှ မဖြစ်နိုင်ပေ။ Innovation ဆိုသည်မှာ အဆိုပါ သုတေသန အခြေပြုသော ပညာရေး ပတ်ဝန်းကျင်မှသာ အသီးအပွင့် အနေနှင့် ဖြစ်ထွန်းလာနိုင်ခြင်းဖြစ်သည်။ ကျွန်တော် တက္ကသိုလ်ဆရာအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ၇ နှစ်ကာလအတွင်း နိုင်ငံတကာ တက္ကသိုလ်များကဲ့သို့ ခေတ်ကို အမီလိုက်၍ ခေတ်နှင့်တစ်ပြေးညီ ဖွင့်လှစ်ပို့ချလေ့ရှိသော “Innovative Course”များ ရှိသည်ဟူ၍ တစ်ခါမှ မကြားဖူးခဲ့ပေ။ ကျွန်တော်သည်ပင် Tutor ပေါက်စလေးဖြစ်သဖြင့် ဗဟုသုတ ချို့တဲ့၍လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ကျွန်တော် တင်ပြသောအမြင်မှာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှ ပညာရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု သဘောနှင့်ပတ်သက်၍ ယထာဘူတကျကျ မြင်စေလိုခြင်းဖြစ်ပါသည်။ ပညာရေး သဘောတရားနှင့်ပတ်သက်၍ ၂၀၁၃ ခုနှစ် ရန်ကုန်တက္ကသိုလ် ICOE (International Centre of Excellence) တွင် တက်ရောက်နေစဉ်အတွင်း ကျွန်တော်တို့ သင်တန်းတက်ရောက်နေသူ အားလုံး လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်၌ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါသည်။ ထိုအထဲမှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပြောသည့် ပညာရေးဆိုင်ရာ အယူအဆတစ်ရပ်ကို ယခုချိန်ထိ အမှတ်ရနေဆဲ ဖြစ်ပါသည်။ “မြန်မာ့ပညာရေးရဲ့ အဆုံးသတ်ပန်းတိုင်ဆိုတာ ကျွန်မတို့မြန်မာလူမျိုးတွေ မျှော်မှန်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ အခြေခံထားလိုတဲ့ တန်ဖိုးတွေ၊ ယုံကြည်မှုတွေ စတဲ့ နိုင်ငံအလိုက် မတူညီနိုင်တဲ့ ဝိသေသလက္ခဏာတွေ ဒါတွေကို ဖန်တီးတည်ဆောက်ပေးခြင်းမျိုး” ဖြစ်သင့်ပါတယ်။ အဆိုပါ အယူအဆမှာ အလွန် ကျယ်ပြန့်ပြီး အမှန်တကယ် အဓိပ္ပာယ် ပြည့်ဝသော အဆိုတစ်ရပ် ဖြစ်ပါသည်။ ဒီအထဲမှာ တန်ဖိုးတွေ၊ ယုံကြည်မှုတွေ ဆိုသည်မှာ နိုင်ငံရေး သိပ္ပံအယူအဆအရ (Social Checks) များပင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ လက်ခံထားသော လူ့အဖွဲ့အစည်း တစ်ခုလုံး အသွင်ဆောင်သော အမြင်အမှားများမှာ လမ်းကြောင်းလွဲမှားနေသော (Social Checks) များဖြစ်သဖြင့် ပညာရေးကဏ္ဍ နိမ့်ကျလာမှုကို တားထားခြင်း မဟုတ်ဘဲ နိမ့်ကျနေသော ပညာရေးစနစ်ကို မြှင့်တင်ရန် တားဆီးထားသော မလိုလားအပ်သည့် အတားအဆီးများ ဖြစ်နေခြင်းဖြစ်ပါသည်။ ဒါသည် လူ့အဖွဲ့အစည်း တစ်ခုလုံးက ယေဘုယျအနေနှင့် လက်ခံထားသော လုံလောက်သော အခြေအနေ အကြောင်းအရာများ (Sufficient Preconditions) မရှိသည့် အခြေအနေ (Context) တစ်ခုတွင် မှန်ကန်သောနည်းနှင့် အနစ်နာခံဖို့ ဖြစ်နိုင်၊ မဖြစ်နိုင် ကောင်းစွာ စဉ်းစားကြဖို့ ဖြစ်ပါသည်။

ကျွန်တော်ဆိုခဲ့ပြီးသလို လုံလောက်သော အခြေအနေအကြောင်း တရားများ (Sufficient Preconditions) များမရှိသော အခြေအနေတစ်ရပ်တွင် ဆရာ၊ ဆရာမများ၏ အရည်အသွေးကို အကဲဖြတ်ဖို့ရန် လွန်စွာ ခက်ခဲပါသည်။ ကျွန်တော်တို့ အများစု မှားယွင်းစွာ ယူဆထားသလို လက်ရှိ ကျဉ်းမြောင်းသော အကန့်အသတ်ဖြင့်သာ ရွေးချယ်ခွင့်ရှိသော (Limited Choice) အခြေအနေ တစ်ရပ်အတွက် ဆရာ၊ ဆရာမများတွင်သာ တာဝန်ရှိသည် မဟုတ်ပါ။ ပန်းသီးနှင့် လိမ္မော်သီးသာ ရွေးချယ်ခွင့် ပေးထားသော အခြေအနေတွင် (Rational Choice) ဖြစ် မဖြစ် ဆိုသည်မှာ ပန်းသီးရွေးလျှင်ရွေး ဒါမှမဟုတ် လိမ္မော်သီးကိုရွေး ဒီနှစ်ခုထဲက တစ်ခုသာ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် (Rational Choice) သီအိုရီကို စဉ်းစားကြည့်လျှင် အခြေအနေ ဖန်တီးပေးမှု (Contextualization) ကို မဖြစ်မနေ ထည့်သွင်း စဉ်းစားရပါမည်။ ထိုအခြေအနေ ဖန်တီးပေးမှုသည် မူဝါဒချ မှတ်သူများ၏ ဉာဏ်အမြော်အမြင်ပေါ် မူတည်ပါသည်။ တစ်ဖက်ကကြည့်လျှင် ကျွန်တော်တို့တစ်တွေ၏ အရည်အသွေး ကျဆင်းလာမှုသည် ၎င်းတို့၏ ပရိုမပီသသော ညံ့ဖျင်းသော စီမံခန့်ခွဲမှုနှင့် သက်ဆိုင်နေသောကြောင့် ၎င်းတို့ဘက်က တာဝန်တင်ရှိမှု (Accountability) ကို မဖြစ်မနေ လက်ခံရပေမည်။ မြန်မာ့အဆင့်မြင့် ပညာရေးတွင် လတ်တလောဖြစ်နေသော ဖဲကြိုးပြာလှုပ်ရှားမှု၏ အရင်းခံ အကြောင်းတရားမှာ အဆိုပါ (Rational Choice Theory) ရှုထောင့်မှ စဉ်းစားကြည့်လျှင် “ပန်းသီးနှင့် လိမ္မော်သီး” နှစ်မျိုးထဲက တစ်မျိုးသာ ရွေးခွင့်ရသော အခြေအနေတွင် သစ်တော်သီးကိုရွေးမှသာ Rational ဖြစ်မည်ဟု ချမှတ်ထားသော မူဝါဒအမှားကြောင့် ဖြစ်ပါသည်။ ကဲ ဒါဆို ကျွန်တော်တို့ကို ဘယ်သူ့ကို လက်ညှိုးထိုးရမည်လဲ။ ထိုသို့သော အခြေအနေတွင် မည်ကဲ့သို့ ဆိုးကျိုးများ ဖြစ်လာနိုင်သလဲ ဆိုတာကို အောက်တွင် ဆက်လက် သုံးသပ်သင့်သည်ဟု ထင်မြင်မိပါသည်။

အဖွဲ့အစည်းတစ်ရပ်သည် (Individuality) ပျောက်ဆုံးသွားပါက မည်သို့မျှ ရေရှည်တွင် တိုးတက်ဖို့ မဖြစ်နိုင်ဆိုတာကို ကောင်းစွာ စဉ်းစားတတ်သူတိုင်း လက်ခံကြပါသည်။ သို့သော် တစ်သီးပုဂ္ဂလသဘော များလွန်းပါက (Too Much Individualistic) လည်း မည်သို့မျှ ရေရှည်တွင် အဆင်ပြေနိုင်မည် မဟုတ်ပါ။ မူဝါဒချမှတ်သူများအနေနှင့် အဆိုပါအစွန်း နှစ်ဖက်ကြား အခြေအနေ တစ်ရပ်ကို မျှတစွာ ဖန်တီးပေးရန် လိုအပ်သည်။ မည်ကဲ့သို့ ဖန်တီးပေးနိုင်သည်ကို စဉ်းစားကြည့်သည့်အခါ အဖြေမှာတစ်ခုတည်း ဖြစ်ပါသည်။ ၎င်းမှာ အရင်းအမြစ် စီမံခန့်ခွဲမှုအရ အထိရောက်ဆုံး တွက်ချက်စဉ်းစားကာ ရွေးချယ်နိုင်ခွင့် (Choice) ကို ပို၍ ဖန်တီးပေးခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ တက္ကသိုလ် အသိုင်းအဝိုင်းမှ တောင်းဆိုလေ့ရှိသည့် Academic Freedom ကို အဆိုပါ Dimension မှ စဉ်းစားကြည့်သင့်ပါသည်။ Choice  ဆိုတာ လုံးဝမရှိဘဲ Freedom ဆိုတာ လုံးဝ မဖြစ်နိုင်ပါ။ ကျွန်တော်တို့ ကြုံတွေ့နေရသော ပြဿနာမှာ Individuality ကို အခြေခံရွေးချယ်သည့်အခါ Rational မဖြစ်ဘဲ Rational ဖြစ်သည့်အခါ Individuality သည် ပျောက်ဆုံးနေသည်။ ထိုသဘောတရားမှာ ကျွန်တော်တို့ ပညာရေး နယ်ပယ်တစ်ခုလုံးအတွက် ယေဘုယျကျသော အမှန်တရား ဖြစ်ပါသည်။

ထိုသို့ကျဉ်းမြောင်းသော ရွေးချယ်ခွင့် ဖန်တီးပေးသော အခြေအနေတွင် မူဝါဒချမှတ်သူများဘက်က လုံးဝနီးပါး တာဝန်တင်ရှိစရာ မလိုဘဲ မတရားမှုများ၊ အခွင့်ထူးခံဝါဒများ ပညာရေးစနစ်တွင် ဖြစ်ပေါ်လာသည်ဆိုတာကို ငြင်းချက် မထုတ်နိုင်ပါ။ အမှန်စင်စစ် လေ့လာကြည့်သည့်အခါ ယခင် သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာနအောက် ကျောင်းများတွင် အဆိုပါ မတရားမှုများ အထူးပြု ဘာသာရပ် သင်ကြားသော ဆရာ၊ ဆရာမများနှင့် အထောက်အကူပြု ဘာသာရပ် သင်ကြားသော ဆရာ၊ ဆရာမများကြား မူဝါဒအတိအကျ မရှိဘဲ ပညာရေး၏ သဘောထား အယူအဆကို ကောင်းစွာ နားလည်ခြင်း မရှိဘဲ ခွဲခြားကျင့်သုံးသော မူဝါဒများကြောင့် ဆရာ၊ ဆရာမများ (အထူးသဖြင့် အထောက်အကူပြု ဘာသာရပ်သင်ကြားသူများ)၏ အရည်အချင်းကြောင့် ရာထူးတိုး ချန်လှပ်ထားခြင်း မဟုတ်ကြောင်း ကောင်းစွာ စဉ်းစားဆင်ခြင်၍ နားလည်နိုင်ပါသည်။ ထိုသို့ ရွေးချယ်ခွင့် ကျဉ်းမြောင်းသော အခြေအနေတွင် တကယ့် Professionalism ဝါဒကို လက်ကိုင်ထားသော သူများအတွက် ရာထူးဟူသော Incentive သည် စနစ်တကျ စံနှုန်းစံထားများအပေါ် အခြေခံခြင်း မဟုတ်ဘဲ ဘွဲ့နှင့် လုပ်သက်ကိုသာ အဓိကထား၍ တိုးပေးသော မူဝါဒကြောင့် စိတ်ဓာတ်ကို ရိုက်ချိုးလိုက်သလိုဖြစ်ကာ တိုင်းပြည်အတွက် အမှန်တကယ် လူ့စွမ်းအား အရင်းအမြစ် ဆုံးရှုံးနစ်နာမှုကို ဖြစ်စေပါသည်။ တက္ကသိုလ် ဖြစ်သည့်အတွက်ကြောင့် Benchmark တစ်ခုအနေနှင့် Bachelor တစ်ခုတော့ အနည်းဆုံး ရရမည်ဟု သတ်မှတ်သည်ကို လက်ခံပါသည်။ သို့သော် လက်ရှိမူဝါဒမှာ Research-Based academic environment ကို ဖန်တီးပေးခြင်း အမှန်တကယ် မိမိဘာသာရပ်နှင့်ပတ်သက်၍ ဆက်လက် လေ့လာကာ သုတေသန လုပ်ဆောင်ခွင့်များ ဖန်တီးပေးခြင်းမရှိဘဲ ဘွဲ့အပေါ် အခြေခံကာ သို့မဟုတ် လုပ်သက်အပေါ် အခြေခံကာ တိုးပေးသောစနစ်ဖြစ်သောကြောင့် Free Riders များ ဖြစ်ပေါ်လာအောင် တွန်းအားပေးလို ဖြစ်နေပါသည်။ ထိုမူဝါဒ အမှားများကြောင့်ပင် Individuality သဘောပျက်ယွင်းလာကာ (ဒဿနိက ရှုထောင့်မှကြည့်လျှင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ လုံးဝနီးပါး ပျောက်ဆုံးနေသည်ကို အရေးတကြီး စဉ်းစားသင့်သင်ဟု ယူဆပါသည်။) ပညာရပ်နယ်ပယ်အလိုက် ထူးချွန်ထက်မြက်လာနိုင်မည့် Potential ကို အစဉ်အလာ နှပ်ကြောင်းအတိုင်း လိုက်ရင်း သင်းသတ်လိုက်သလိုဖြစ်ကာ ဘာသာရပ်တစ်ခုထက် အခြား ဘာသာရပ်တစ်ခုက ပိုမြင့်သည်ဟု မှားယွင်းစွာ ယူဆခြင်း (ကျွန်တော်တို့နိုင်ငံ၌ လူအများစု လက်ခံထားသော အသုံးလုံး မကြေသေးသည့် အယူအဆ) ထို့ထက်ပိုလာပါက အဖွဲ့အစည်းအလိုက် Encroach လုပ်ခြင်း၊ ပညာတက်ရောက်နေသော ကျောင်းသားများပါ ပညာရပ်များ အပြန်အလှန် တစ်ခုနှင့်တစ်ခု ပေါင်းစပ်၍ အကျိုးဖြစ်ထွန်းမှု (Cross-Fertilization beween Disciplines) ကို ကောင်းစွာ နားမလည်နိုင်သောကြောင့် သင်ကြားသင်ယူမှု ဖြစ်စဉ်တစ်ခုလုံးတွင် အန္တရာယ်များသော အကျိုးဆက် (Harmful Backwash) များ ဖြစ်ပေါ်လာခြင်း၊ အဆိုးဆုံးမှာ မည်သည့် ဘာသာရပ်မဆို Professionalism လက်ကိုင်ထားသောသူများအတွက် အခေါ်တွင် လမ်းဆုံးနေသော စနစ်ကြောင့် ဂုဏ်သိက္ခာ (Honour) ကို ထိခိုက်လာရာ အကျိုးဆက်အနေနှင့် ပညာရေး အင်စတီကျူးရှင်းကြီးတစ်ခုလုံး နိမ့်ဆင်းလာခြင်း ဖြစ်သည်ဆိုသည်ကိုတော့ ငြင်း၍ မရနိုင်ပါ။ “Honour is a great check upon mankind” ဟူသော David Humes ၏ ပညာရှိစကားကို အမှတ်ရသင့်ပါသည်။ ဒါသည် လက်ရှိဖြစ်နေသော ပညာရေးစနစ် တစ်ခုလုံး၏ အရွေ့ဟု ရိုးသားစွာ ယူဆမိပါသည်။ အင်စတီကျူးရှင်း ဆိုတာနှင့်ပတ်သက်၍ Oxford တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံပါရဂူ တစ်ဦးကို ကျွန်တော် မေးကြည့်ဖူးပါသည်။ ၎င်းအမြင်အရ အင်စတီကျူးရှင်း၏ ဗဟိုတွင် စနစ်တစ်ခုလုံးကို Dynamic ဖြစ်အောင် တွန်းတိုးရွေ့ရှားစေသော တန်ဖိုးများ အခြေခံထားကြောင်း ပြောပြဖူးပါသည်။ ဒါဆိုရင် ကျွန်တော်တို့ ပညာရေး အင်စတီကျူးရှင်း အထူးသဖြင့် အဆင့်မြင့်ပညာတွင် မှားယွင်းစွာ ကျင့်သုံးသော မူဝါဒကြောင့် တလွဲတန်ဖိုးများ ဖြစ်လာကာ Structural Level တစ်ခုတည်းမဟုတ်ဘဲ Societal Level အထိ ယဉ်ကျေးမှုတစ်ရပ်အနေနှင့် အမြစ်တွယ်လာသည်ကို မိမိလုပ်သက်နှင့် မမျှအောင် အံ့အားသင့်စွာ မြင်တွေ့ရပါသည်။

ကျွန်တော် တရုတ်ပြည် ပီကင်းတက္ကသိုလ်သို့ ရောက်ခဲ့စဉ်က ကျောင်း၏ Logo ဖြစ်သော လူတစ်ယောက်၏ ပခုံးထက်တွင် အခြား လူတစ်ယောက်ကို သယ်ပိုးထားသောပုံ၏ အဓိပ္ပာယ်ကို မေးကြည့်သောအခါ “ပညာတတ်ဆိုတာ လူ့အဖွဲ့အစည်းတစ်ခုမှာ အခွင့်ထူးခံ လူတန်းစား မဟုတ်ဘူး၊ လူ့အဖွဲ့အစည်းရဲ့ တာဝန်တွေကို ပခုံးထမ်းဖို့ တာဝန်ရှိပါတယ်”ဟု ဆရာတစ်ယောက်က ဖြေခဲ့ဖူးပါသည်။ ဒါသည် ပညာရေး သဘောထား အမှန်လား၊ ပူလစ်ဇာဆုကို ဆွတ်ခူးခဲ့သော အမေရိကန် ကဗျာဆရာကြီး Robert Frost က “Education without common sense is useless” လို့ ဆိုပါတယ်။ တစ်ခါ Albert Einstein ကလည်း ပညာရေးဆိုတာ ကျောင်းမှာ သင်တဲ့အရာတွေ မေ့သွားတဲ့အခါ ကျန်ခဲ့တဲ့အရာဟု ဆိုပါသည်။ ဒါဆိုရင် ပညာရေးရဲ့ သဘောတရား အမှန်က အဘယ်နည်း၊ ကျွန်တော်ကတော့ ဒိုင်မန်းရှင်းနှစ်ခုနှင့် မြင်ပါသည်။ ပထမတစ်ခုက ပကတိသဘော (Absolute Dimensiton) ဖြစ်ပြီး ဒုတိယတစ်ခုကတော့ နှိုင်းရသဘော (Relative Dimenstion) ဖြစ်ပါသည်။ ကျွန်တော်ကတော့ ပညာရေး၏ ပကတိသဘောကို “Education is received only for the sake of intellectual attainment”ဟု အဓိပ္ပာယ် ဖွင့်ဆိုလိုပါသည်။ ဒါပေမဲ့ အဆိုပါ ပကတိသဘောတွင် တန်ဖိုးများ (နိုင်ငံရေးအရ၊ လူမှုရေးအရ၊ စီးပွားရေးအရ) ပေါင်းစပ်ခြင်း မရှိဘဲ ပညာရေးစနစ် တစ်ခုသည် မဖြစ်နိုင်ပါဟု ရိုးသားစွာ ထင်မြင်မိပါသည်။ ထို့ကြောင့် လက်ရှိ တက္ကသိုလ် အဖွဲ့အစည်းများတွင် ယူဆထားသော ပညာရေးဆိုင်ရာ တန်ဖိုးများကို မှန်ကန်စွာ ရှုမြင်နိုင်အောင် ဝေဖန်ပိုင်းခြားနိုင်သော အကွာအဝေး (Critical Distance) ကို ခွာထားပေးရမည်ဟု ယူဆပါသည်။ အဆိုပါ (Critical Distance) ကို ခွာထားပေးမှ Profession alism ပြန်လည် အသက်ဝင်လာကာ ထိုမှတစ်ဆင့် ဂုဏ်သိက္ခာ Honour (ကျွန်တော်တို့ တက္ကသိုလ် ဆရာ၊ ဆရာများ လူ့အဖွဲ့အစည်းအတွင်း အမှန်တကယ် ငတ်မွတ်နေသော “မှန်ကန်သော ဂုဏ်သိက္ခာ” ကို အခြေပြုသော အဖွဲ့အစည်းတစ်ခုဖြစ်လာမည်ဟု ယူဆပါသည်။ သို့ဆိုလျှင် (Critical Distance) ကို မည်ကဲ့သို့ ခွာထားပေးမည်နည်း။ အဖြေမှာ အခြေအနေ ဖန်တီးပေး (Contextualized) သော မူဝါဒချမှတ်သူများမှ ဖြစ်နိုင်သရွေ့ တန်းတူညီမျှသော ရွေးချယ်ခွင့် များများစားစားရှိသော အခြေအနေတစ်ရပ်မှာ Individuality ကို တွန်းတင်ပေးဖို့သာ ရှိပါသည်။ ဒါသည် လက်ရှိ ရာထူးတိုး မူဝါဒ အမှားနှင့်ပတ်သက်၍ Academic Touch သုံးကာ သက်သေပြခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ရွေးချယ်ခွင့် များများစားစား မရှိသော အခြေအနေတွင် အမှန်တကယ် Pro ပီသစွာ ဘယ်လောက်အတိုင်းအတာထိ Commitment လုပ်သည်ကို မတိုင်းတာဘဲ Seniority နှင့် ဘွဲ့ကိုသာ အခြေပြု၍ သတ်မှတ်သောစနစ်သည် ကောင်းကျိုးထက် ဆိုကျိုးကိုသာ ဖြစ်စေသည်ဟု ယူဆမိပါသည်။

ယခုအချိန်တွင် မတူညီသော ဝန်ကြီးဌာန နှစ်ခုကို တစ်ခုတည်းအဖြစ် ဘဏ္ဍာရေးပေါ်လစီ (Fiscal Policy) အရ ပေါင်းစပ်သည့်အခါ မတူညီသော Frame work နှစ်ခုကြား ညှိယူရန် Structural Adjustment ပြန်လုပ်သင့်သည်ဟု ယူဆပါသည်။ ယခင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်တွင် ရှိစဉ်က စနစ်တကျ မရှိသောမူဝါဒကို အခြေပြု၍ တိုးချင်သလို တိုးပေးခဲ့မှုများကြောင့် မတိုးရသေးသော ဆရာ၊ ဆရာမများ၏ Upward mobility အတွက် အပေါ်တွင် ပိတ်ဆို့မှုများဖြစ်ကာ Bottle Necks အကျပ်အတည်း ဖြစ်လာသော အခြေအနေတွင် ပညာရေးဝန်ကြီးဌာနကို များစွာ နားလည်၍ ရပါသည်။ လက်ရှိအချိန်တွင် ရာထူးတိုးပေးစေဦးတော့ ရေရှည်တွင် အလားတူ ပြဿနာ သေချာပေါက် ပြန်လည် ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် ယခုအချိန်တွင် နည်းပညာကျောင်းများတွင် အမှုထမ်းနေကြသော ဆရာ၊ ဆရာမများအတွက်ဖြစ်စေ ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်များတွင် အမှုထမ်းနေကြသော ဆရာ၊ ဆရာမများအတွက်ဖြစ်စေ တန်းတူညီမျှသော နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော Frame Work တစ်ခုကို အမြန်ဆုံး ပြင်ဆင် ပြောင်းလဲသင့်ပါပြီဟု ယူဆမိပါသည်။

စာရေးသူအနေနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို တိုင်းသည့်အခါ efficiency = ability × opportunity ဟူသော သဘောတရားကို ချပြလိုပါသည်။ စွမ်းဆောင်ရည်ကို တိုင်းသည့်အခါ အရည်အချင်းနှင့် အခွင့်အလမ်း ဖန်တီးပေးမှုကို မြှောက်ခြင်းဖြစ်၍ မူဝါဒ ချမှတ်သူများဖြစ်၍ သင့်တင့်လျောက်ပတ်သော အခြေအနေတစ်ရပ် ဖန်တီးပေးခြင်းနှင့် ပတ်သက်ပြီး ရာနှုန်းပြည့်တာဝန် တင်ရှိစေခြင်းဖြစ်ပါသည်။ ထို့ကြောင့် အကျိုးဆက်အနေနှင့် စီမံခန့်ခွဲမှုသည် ပို၍ ပရိုဆန်လာနိုင်ပါသည်။ သို့သော်လည်း အရည်အချင်း သတ်မှတ်ချက် စံများကို အဓိပ္ပာယ် ဖွင့်ဆိုသည့်အခါ Policy Maker ဘက်မှ စဉ်းစားသော Descriptive Approach နှင့် ဘာသာရပ် တစ်ခုချင်းစီအလိုက် မတူညီသော စံနှုန်းစံထားများ တန်ဖိုးများဘက်မှ စဉ်းစားသော Normative Approach ဟူ၍ စံနှုန်း စံထား နှစ်ခုကို အချေအတင် ဆွေးနွေးကာ အဓိပ္ပာယ် ဖွင့်ဆိုဖို့ လိုအပ်သည်ဟု ယူဆပါသည်။ အဆိုပါ Frame Work ကို ဖန်တီးသည့်အခါ အာဆီယံနိုင်ငံများတွင်သုံးသည့် နည်းစနစ် Methodology ကို သုံးသင့်ပါသည်ဟု ယူဆမိပါသည်။ ၎င်းနည်းစနစ်ထဲတွင်

1. Documentary analysis 
2. Key informant interview (KII)
3. Focus group discussion (FGD)
4. Comparative policy analysis စသည့် နည်းစနစ် အစုကို အသုံးပြုရန် စဉ်းစားမိပါသည်။

နည်းစနစ် တစ်ခုချင်းစီ၏ အကျယ်ဖွင့်ဆိုချက်ကိုတော့ စာရှည်လွန်းသွားမည်စိုး၍ အကျယ် မရှင်းတော့ပါ။ စိတ်ဝင်စားသူများ အင်တာနက်တွင် ရှာကြည့်နိုင်ပါသည်။ 

Key Research Questions များအဖြစ် အောက်ပါတို့ကို စဉ်းစားသင့်ပါသည်။

၁။ ရာထူးတိုးမြှင့်ရေးမူသည် အဆင့်မြင့်ပညာကဏ္ဍ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် မည်သို့ အထောက်အကူပြုနိုင်သနည်း၊
၂။ ဆရာ၊ ဆရာမများ၏ လုပ်ငန်းခွင် အခြေအနေများမှာ အဘယ်နည်း၊
၃။ ရာထူး တိုးမြှင့်ရေးအတွက် စံနှုန်းစံထားများမှာ အဘယ်နည်း၊ စံနှုန်းစံထားများအား Professional Grade အပေါ် မူတည်ပြီး ခွဲခြားထားခြင်း ဟုတ်မဟုတ်၊
၎။ ဆရာ၊ ဆရာမများ၏စိတ်ဓာတ် (Morale) ပညာရပ်အရ လုပ်ဆောင်နိုင်မှု (Professional Performance) နှင့် ၎င်းတို့၏ လုပ်ကိုင်ဆောင်ရွက်မှုများကို အထမြောက်အောင် လုပ်ဆောင်ရာတွင် အင်စတီကျူးရှင်း တစ်ရပ်လုံး၏ အရည်အသွေးတို့ကို ဝေဖန် သုံးသပ်သော စံနှုန်းစံထားများနှင့် 
၅။ ရာထူးတိုး မူဝါဒနှင့်ပတ်သက်၍ အခြား ကြုံတွေ့လာနိုင်သည့် ပြဿနာများ၊ စိန်ခေါ်မှုများ စသည်တို့ကို စနစ်တကျ ထည့်သွင်းစဉ်းစားကာ အမှန်တကယ် Bottom-up Process မှတစ်ဆင့် ပို၍ထိရောက်သော မူဝါဒတစ်ခုကို ချမှတ်သင့်ပါကြောင်း တင်ပြအပ်ပါသည်။

သူရဇ္ဇ