News

POST TYPE

EDUCATION

ဆရာအတတ်သင်ကျောင်းသားများ ရန်ကုန်နှင့် မန္တလေးတွင် ဆန္ဒပြမည်
05-Aug-2017 tagged as ဆရာများ

ရန်ကုန်၊ သြဂုတ် ၅

တောင်းဆိုချက်များနှင့် ပတ်သက်၍ မတွေ့ဆုံနိုင်ကြောင်း ပညာရေးဝန်ကြီးက ငြင်းပယ်ပြီးနောက် ဆရာအတတ်သင် ကျောင်းသားများက သြဂုတ်လ ၆ ရက်တွင် ရန်ကုန်နှင့် မန္တလေး၌ တစ်ပြိုင်တည်း ဆန္ဒပြမည် ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ကော်မတီထံမှ သိရှိရသည်။

ရန်ကုန်မြို့တွင် စိုက်ပျိုးရေးမှတ်တိုင်မှ ပြည်လမ်းအတိုင်း လှည်းတန်းမီးပွိုင့်၊ ထိုမှတစ်ဆင့် တက္ကသိုလ်ရိပ်သာလမ်း၊ စာတိုက်ဝင်းရှေ့အထိ ကျောင်းသား၊ ကျောင်းသူဦးရေ ၅၀ ခန့် စုပေါင်း၍ သြဂုတ်လ ၆ ရက် နံနက် ၇ နာရီခွဲတွင် ဆန္ဒပြမည် ဖြစ်သည်။

မန္တလေးမြို့တွင် လမ်း ၈၀၊ ၃၂ လမ်းထောင့်မှ စတင်ပြီး ၂၇ လမ်း၊ ၈၂လမ်းအထိ၊ ၈၂ လမ်းမှ ၃၂ လမ်း၊ လမ်း ၈၀ ထောင့်အထိ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ခန့် စုပေါင်း၍ သြဂုတ်လ ၆ ရက် နံနက် ၉ နာရီတွင် ဆန္ဒပြမည် ဖြစ်သည်။

ဆရာအတတ်သင် သင်တန်းဆင်းများ လုပ်ငန်းခွင်ဝင်ရမည့် နေ့ရက်ကို အတိအကျ ထုတ်ပြန်ပေးရန်၊ ဝန်ထမ်းလုပ်သက် နစ်နာသူများကို ယခုပညာသင်နှစ် (၂၀၁၇-၂၀၁၈) ပညာသင်နှစ်အစမှ ခန့်ထားသည့် နေ့အထိ ဝန်ထမ်းလုပ်သက် ထည့်ပေါင်းပေးရန် ဆရာအတတ်သင် ကျောင်းသားများက ဝန်ကြီးဌာနကို တောင်းဆိုထားသည်။

ထို့ပြင် နောက်ပိုင်း ပညာသင်နှစ်များတွင် စာသင်နှစ်မှစ၍ ပညာရေး တက္ကသိုလ်များနှင့် ပညာရေးကောလိပ် အသီးသီးမှ သင်တန်းဆင်းများကို လုပ်ငန်းခွင် ဝင်ရောက်နိုင်ရေး အချိန်မီ ဆောင်ရွက်ပေးရန် အချက်များကို ဇူလိုင်လ ၂၄ ရက်က စာပေးပို့ တောင်းဆိုပြီး တွေ့ဆုံဆွေးနွေးခွင့်ကို သြဂုတ်လ ၄ ရက် နောက်ဆုံး အကြောင်းပြန်ကြားပေးရန် ရက်သတ်မှတ် တောင်းဆိုခဲ့ကြသည်။

လက်ရှိတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်က ဆရာအတတ်ပညာ သင်တန်းပြီးဆုံးထားသည့် တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ်ဆင်းများ၊ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်ဆင်းများ လုပ်ငန်းခွင်ဝင်ရန် စောင့်ဆိုင်းနေသူ ခုနစ်ထောင်မှ တစ်သောင်းခန့် ရှိသည်ဟု ကျောင်းသားများထံမှ သိရှိရသည်။

ရွှေဖူးခင်