News

POST TYPE

EDUCATION

ပညာရေးဝန်ကြီး ပညာရေးတက္ကသိုလ် ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးမည် မဟုတ်
ရန်ကုန်၊ သြဂုတ် ၂

ပညာရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အနေနှင့် ပညာရေး ဝန်ကြီးဌာနထံသို့ တောင်းဆိုထားသည့် အချက်များအတွက် တွေ့ဆုံဆွေးနွေးလိုသည့်အပေါ် လက်ခံတွေ့ဆုံရန် အစီအစဉ် မရှိဟု ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုကြောင်း ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဌာန ဒု/ညွှန်ချုပ် ဒေါက်တာအောင်အောင်မင်းက The Voice သို့ ပြောကြားသည်။

“ကျွန်တော့်ကိုလည်း တွေ့ဆုံခွင့် မပေးရင် ဆန္ဒပြမယ် ပြောပါတယ်။ သြဂုတ် ၄ ရက် နောက်ဆုံးတဲ့။ ပြရင်လည်း ပြပေါ့နော်။ ကျွန်တော်ကလည်း လုပ်ပါလို့၊ ဘယ်သူ့ကိုမှ တားပိုင်ခွင့် မရှိဘူးလေ။ ကျွန်တော်တို့လည်း ကျွန်တော်တို့လုပ်ရမယ့် အလုပ်ကို လုပ်နေတာပါပဲ” ဟု ဒေါက်တာအောင်အောင်မင်းက ပြောဆိုသည်။

ပညာရေးတက္ကသိုလ် ကျောင်းဆင်းထားသည့် ဆရာ၊ ဆရာမလောင်းများ အနေနှင့် အခြေခံပညာကဏ္ဍတွင် ဆရာခန့်ထားရေး နောက်ကျမှုများနှင့် ပတ်သက်၍ ရန်ကုန်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂများ အပါအဝင် စစ်ကိုင်းပညာရေးတက္ကသိုလ် အမှတ်စဉ် ၁၂ ဆင်း ကျောင်းသား၊ ကျောင်းသူများက ဇူလိုင်လ ၂၄ ရက်တွင် ဝန်ကြီးဌာနသို့ စာပို့တောင်းဆိုထားခြင်း ဖြစ်သည်။

ဆရာအတတ်သင် သင်တန်းဆင်းများ လုပ်ငန်းခွင် ဝင်ရောက်ရမည့် နေ့ရက်ကို တရားဝင် အတိအကျ ထုတ်ပြန်ပေးရန်၊ ယင်းနှောင့်နှေးမှုများကြောင့် ဝန်ထမ်းလုပ်သက် နစ်နာသူများကို ယခုပညာသင်နှစ် (၂၀၁၇-၂၀၁၈) အစမှ ခန့်ထားသည့်နေ့အထိ ဝန်ထမ်းလုပ်သက် ထည့်ပေါင်းပေးရန်နှင့် နောက်ပိုင်း ပညာသင်နှစ်များတွင် စာသင်နှစ်မှစ၍ ပညာရေးတက္ကသိုလ်များနှင့် ပညာရေးကောလိပ် အသီးသီးမှ သင်တန်းဆင်းများကို လုပ်ငန်းခွင် ဝင်ရောက်နိုင်ရေး အချိန်မီ ဆောင်ရွက်ပေးရန် စသည့် အချက်များ တောင်းဆိုထားသည်။

ဝန်ကြီးဌာန အနေနှင့် တစ်စုံတစ်ရာ သဘောထားမှတ်ချက် ပေးစေလိုကြောင်း၊  ပညာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် လှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ တရားဝင် တွေ့ဆုံညှိနှိုင်းပေးရန် ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂများက သဘောထား ထုတ်ပြန်ကြေညာခဲ့သည်။

တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် သြဂုတ်လ ၄ ရက်အထိ နောက်ဆုံးထား စောင့်ဆိုင်းသွားမည်ဖြစ်ပြီး တွေ့ဆုံခွင့် မပေးပါက ကျင်းပခဲ့ပြီး တစ်ပတ်အတွင်း ဆန္ဒပြတောင်းဆိုသွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ပညာရေးကော်မတီ တာဝန်ခံ ကိုနောင်ထက်အောင်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး ကိုနောင်ထက်အောင်က “အခုလောလောဆယ်တော့ အစီအစဉ် အသေးစိတ် ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။ ဝန်ကြီးက သူ့အနေနဲ့ စီစဉ်စရာ ရှိတာတွေ အခုစီစဉ်နေတာပဲ။ ဒါကို ထူးထူးခြားခြား တစ်စုံတစ်ရာတွေ့ပြီး ရှင်းပြနေဖို့ မလိုဘူးလို့ ပြန်ဖြေထားတယ်” ဟု ၄င်းက ဆိုသည်။

တောင်းဆိုချက်များသည် မိမိတို့ အလုပ်ရရှိရေး ဆိုသည်ထက် အခြေခံပညာ ဆရာခန့်ထားရေးစနစ်နှင့် ပတ်သက်၍ တိကျသေချာမှု၊ တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုကို လိုအပ်ခြင်း ဖြစ်ကြောင်းနှင့် အခြေခံပညာဦးစီးဌာန၏ စီမံခန့်ခွဲမှု နောက်ကျမှုများကြောင့် ဆက်လက်ပညာသင်ယူခွင့် နောက်ကျခြင်း၊ ရာထူးတိုး၊ အပြောင်းအရွှေ့နှင့် လုပ်သက်ဆိုင်ရာ ကိစ္စရပ်များတွင် နစ်နာမှုများကို ပွင့်လင်းစွာ တောင်းဆိုနေခြင်း ဖြစ်ကြောင်း ကိုနောင်ထက်အောင်က ဆက်လက်ရှင်းပြသည်။

လက်ရှိတွင် တောင်းဆိုထားသည့် အချက်များ ဖြည့်ဆည်းပေးရန် ရက်အကန့်အသတ်မရှိ ဖဲကြိုးစိမ်းများ တပ်ဆင်၍ ကျောင်းတက်လျက်ရှိကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

ရွှေဖူးခင်