News

POST TYPE

EDUCATION

သမ္မတပညာသင်ဆု ရရှိထားသူ ဒေါ်စောစန္ဒီဆွေနှင့် တွေ့ဆုံခြင်း
င်ငံခြားပညာတော်သင်များ စေလွှတ်ရန် နိုင်ငံတော်သမ္မတ ပညာသင်ဆုကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ပြန်လည် ပေးအပ်ခဲ့သည်။ ယခင်အစိုးရ လက်ထက်ကတည်းက သမ္မတပညာသင်ဆု အောင်မြင်ပြီး ကျောင်းဝင်ခွင့်လည်း ရရှိထားသူများ ယခုအချိန်ထိ သွားရောက် ပညာသင်ယူရခြင်း မရှိသေးကြောင်း ၎င်းတို့ထံမှ သိရှိရသည်။ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီ အစိုးရအဖွဲ့ အပြောင်းအလဲတွင် နိုင်ငံတော်သမ္မတ ပညာသင်ဆု လျှောက်လွှာများကို လက်ခံထားသော်လည်း ဆက်ပေး၊ မပေး ဆုံးဖြတ်ချက် မရသေးကြောင်း ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်က ပြောကြားထားသည်။ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း ယင်းကိစ္စရပ်နှင့် ပတ်သက်၍ သမ္မတ၏ မူဝါဒခံယူ ဆောင်ရွက်နေဆဲ အဆင့်ဖြစ်ကြောင်း ပြောကြားသည်။ သို့သော် လျှောက်ထားသူ၊ ကျောင်းဝင်ခွင့် ရရှိထားသူများဘက်က ယင်းသို့လိပ်ခဲတည်းလည်း အခြေအနေကြောင့် ကျောင်းဝင်ခွင့် အပြောင်းအရွှေ့များ အပါအဝင် သို့လောသို့လောဖြင့် စောင့်မျှော်နေကြရသည်။ ယင်းအခြေအနေများနှင့် ပတ်သက်၍ သမ္မတပညာသင်ဆု ရရှိထားသော်လည်း ပညာသင်စရိတ် မရရှိသေးသူ တိုင်းရင်းဆေးတက္ကသိုလ် အင်္ဂလိပ်စာဌာန နည်းပြ ဒေါ်စောစန္ဒီဆွေနှင့် The Voice တို့ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ပထမဆုံးအနေနဲ့ ဆရာမနာမည်၊ အလုပ်အကိုင်ကို ပြောပြပေးပါ။

DSSS : ကျွန်မနာမည် စောစန္ဒီဆွေပါ။ တိုင်းရင်း ဆေးတက္ကသိုလ် အင်္ဂလိပ်စာဌာနက နည်းပြပါ။

Voice : သမ္မတပညာသင်ဆုကို ဘယ်တုန်းက (နှစ်၊ လ၊ အပတ်စဉ်) လျှောက်ခဲ့တာလဲ။ ဘယ်နိုင်ငံက ဘယ်တက္ကသိုလ်ကို ဘယ်ဘာသာရပ်သင်ဖို့ လျှောက်ထားခဲ့တာပါလဲ။

DSSS : သမ္မတပညာသင်ဆုက တစ်ကြိမ်တည်း ခေါ်တာပါ။ ၂၀၁၄ ဩဂုတ်လမှာ ခေါ်တာပါ။ အောင်စာရင်းကသာ အမှတ်ပေါ်မူတည်ပြီး အဆင့်ဆင့် ထုတ်ပေးတာပါ။ ၂၀၁၄ ဩဂုတ်လမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သတင်းစာထဲကနေ ခေါ်တာပါ။ ဩဂုတ်လမှာ ဖောင်တင်ပြီး ဒီဇင်ဘာလထဲမှာ APTIS Test ဖြေရတာပါ။ British Council က ကြီးကြပ်တာပါ။ ကျွန်မဖြေခဲ့တာ ဒီဇင်ဘာ ၈ ရက်နေ့ပါ။ ကွန်ပျူတာတက္ကသိုလ် ဒဟတ်တောမှာ ဖြေခဲ့ပါတယ်။ ရတဲ့အမှတ်ပေါ် မူတည်ပြီး ရေးဖြေအောင်စာရင်း အဆင့်ဆင့် ထုတ်ပေးရာမှာ ကျွန်မ ပထမဆုံးအသုတ်မှာ ပါခဲ့ပါတယ်။ ၂၀၁၅ ဖေဖော်ဝါရီ ၇ ရက်နေ့စွဲနဲ့ အောင်စာရင်း ထုတ်ပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ အင်တာဗျူးဖြေခဲ့ပါတယ်။ အင်တာဗျူး အောင်စာရင်းကို မတ်လ ၁၃ ရက်နေ့မှာ ထုတ်ပေးခဲ့ပြီး မိမိနှစ်သက်ရာ တက္ကသိုလ်ကို လျှောက်ထားခွင့် ပေးခဲ့ပါတယ်။ တက္ကသိုလ်က လက်ခံတဲ့စာ ရရချင်း နိုင်ငံတော်သမ္မတ ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့ကို ဆက်သွယ်ဖို့ ပြောခဲ့ပါတယ်။ ကျွန်မ အမေရိကန်နိုင်ငံ Wyoming University ကနေ Curriculum အထူးပြုနဲ့ Ph.D ဝင်ခွင့် ရရှိခဲ့ပါတယ်။

Voice : သမ္မတပညာသင်ဆု လျှောက်ထားတဲ့ အခါနဲ့ သွားဖို့ ဘယ်လိုအဆင့်ဆင့် လုပ်ရတာလဲ၊ ဘာတွေ သတိထားရမလဲ ရှင်းပြပေးပါဗျ။

DSSS : အဆင့်တိုင်းမှာ အခက်အခဲတွေနဲ့ပါ။ ကျွန်မတို့ နိုင်ငံတကာတက္ကသိုလ်တွေ လျှောက်တဲ့ အတွေ့အကြုံမရှိပါဘူး၊။ အတွေ့အကြုံတွေ အများကြီး ရသလို စိတ်ဓာတ်တွေလည်း အခါခါကျခဲ့ပါတယ်။ ကျွန်မကိုယ့်ဘာသာလည်း လျှောက်သလို အေးဂျင့်နဲ့လည်း ဆက်သွယ်ပြီးလျှောက်ပါတယ်။ အခု ဝင်ခွင့်ရတာက ကိုယ့်ဘာသာလျှောက်တဲ့ ကျောင်းပါ။ သူတို့ နိုင်ငံတွေက နည်းပညာ မြင့်မားတဲ့အခါ ကျောင်းလျှောက်လွှာ တင်ရာမှာ နောက်ဆုံးပေါ် နည်းပညာ တွေသုံးထားတာပါ။ အီးမေးပို့တာကစ လိုင်းကျနေတဲ့ အခါ စိတ်ရှည်လက်ရှည်နဲ့ ပို့ရတာပါ။ တစ်ခါကဆို မရောက်ဖူးထင်ပြီး ထပ်ထပ်ပို့တာ ငါးစောင်လောက် ရောက်သွားပါတယ်။ ကိုယ်လက်လှမ်းမီသလောက် အကူအညီတွေတောင်း၊ မရတဲ့အခါ သူတို့ဆီ အီးမေး ပို့ပြီးမေးနဲ့ ကိုယ်တတ်စွမ်းသမျှ လုပ်ရတာပါ။ မသိလို့ မေးသမျှ စိတ်ရှည်ရှည်နဲ့ ဖြေပေးကြသလို တတ်နိုင်သမျှလည်း အကူအညီပေးကြပါတယ်။ ဒါ့အပြင် လိုအပ်ချက်ကလည်း တစ်ကျောင်းနဲ့တစ်ကျောင်း မတူပါဘူး။ ကျွန်မလျှောက်တဲ့ ကျောင်းတွေ (၁၀) ကျောင်းလောက် ရှိပါတယ်။ ကျောင်းတစ်ကျောင်းက ငြင်းပယ်တဲ့ စာရတိုင်း စိတ်ဓာတ်တွေလည်း ကျရပါတယ်။ အခုဝင်ခွင့်ရခဲ့တဲ့ ကျောင်းက အရင်ဆုံး လျှောက်တဲ့ကျောင်းပါ။ သတိထားရမယ့် အချက်တွေ ကတော့ ကျောင်းရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ နိုင်ငံတကာကျောင်းသားတွေ အတွက် ကျောင်းဘယ်လို လျှောက်ရမယ်၊ ဘာတွေလိုအပ်တယ် ဆိုတာတွေ သေသေချာချာဖတ်ဖို့နဲ့ မသိရင် သူတို့ဆီကို အီးမေးပို့ပြီးမေးဖို့ မကြောက်ဖို့ပါ။ မေးတယ်ဆိုတဲ့အခါမှာလည်း သူတို့ ရှင်းရှင်းလင်းလင်း ရေးထားပြီးသားကို သေသေချာချာဖတ်ပြီးမှ မေးပါ။

Voice : ပထမအသုတ် ကတည်းက အောင်ထားပေမယ့် မသွားရသေးဘူးလို့ ပြောတယ်။ ဘာကြောင့် မသွားရသေးတာလဲ။

DSSS : ကျွန်မ အဓိကလျှောက်တဲ့ကျောင်း အခု ဝင်ခွင့်ရတဲ့ ကျောင်းက Ph.D ကျောင်းလျှောက်လွှာတွေကို တစ်နှစ်မှာ နှစ်ကြိမ်ပဲ စိစစ်ပါတယ်။ ဖေဖော်ဝါရီနဲ့ စက်တင်ဘာမှာပါ။ ကျွန်မတို့ အောင်စာရင်းက မတ်လမှထွက်တာ ဆိုတော့ ဖေဖော်ဝါရီကို မမီပါဘူး။ ကျွန်မ စက်တင်ဘာလထဲမှာ ကျောင်းဝင်ခွင့် ရရချင်း နိုင်ငံတော်သမ္မတပညာသင်ဆု ရွေးချယ် ရေးအဖွဲ့ကို ဆက်သွယ်ပါတယ်။ ကျွန်မကို အဲ့ဒီနှစ်အတွက် (၂၀၁၅) ပိတ်သွားပြီဖြစ်လို့ ဘတ်ဂျက်ပြန်ဖွင့်မယ့် ဧပြီလမှ ပြန်တင်ဖို့ စာပြန်ပို့ပါတယ်။ ဩဂုတ်လမှာ မရရင် နောက်နှစ်မှ စဉ်းစားမယ် (ဧပြီမှ ပြန်တင်ရမယ် ဆိုတာ) (ပေးမယ်ဆိုတာ) ကျွန်မတို့ ကြိုမသိခဲ့ပါဘူး။

Voice : သမ္မတပညာသင်ဆုနဲ့ ပတ်သက်ပြီး ပညာသင်ဆုလျှောက်ထားသူတွေ ဘာအခက်အခဲ ကြုံနေရတာလဲ။

DSSS : ကျွန်မတို့ အခုကြုံနေရတာက ဘာဆက်လုပ်ရမှန်း မသိတာပါ။ ဒီပညာသင်ဆုကြီးက ရပြီးသားဆိုပြီး ကျန်တဲ့ ပညာသင်ဆုတွေ မလျှောက်တော့ အခွင့်အလမ်းတွေ ဆုံးရှုံးရပါတယ်။

Voice : အခက်အခဲကြုံရတာတွေနဲ့ ပတ်သက်ပြီး အစိုးရက တာဝန်ယူ ဖြေရှင်းပေးဖို့ ဘာများအကြံပြု တိုက်တွန်းမလဲ။

DSSS : နိုင်ငံတော်အစိုးရမှာ အရေးကြီးတဲ့ လုပ်စရာ လုပ်ငန်းစဉ်တွေ အများကြီးရှိမှန်း သိပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့ရဲ့ အစီအစဉ်လေးကိုလည်း ဆက်ပေးဖို့ ထည့်စဉ်းစားပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

Voice : သမ္မတပညာသင်ဆုနဲ့ ပတ်သက်ပြီးပညာရေး ဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို စာတင်တယ်လို့ သိရပါတယ်။ ဘယ်နေ့က ဘာအကြောင်းအရာတွေ တင်တယ်ဆိုတာ အကျဉ်းချုပ် ပြောပြပေးပါ။

DSSS : သမ္မတပညာသင်ဆုနဲ့ ပတ်သက်တဲ့ ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်းတဲ့ စာတင်တာပါရှင့်။ အသနားခံစာ တင်တာပါ။ မေလ ၁၆ ရက်နေက တင်တာပါ။ ပညာရေးဝန်ကြီးဌာနကို စာတိုက်ကနေ အမြန်ချောပို့နဲ့ ပို့တာ ဘာမှ အကြောင်းမပြန်သေးဘူးရှင့်။ သမ္မတရုံးကိုတော့ သမ္မတရုံးဝက်ဘ်ဆိုက်ရဲ့ အကြံပြုစာပေးပို့တဲ့ နေရာကနေ စာပို့တော့ ဒီကိစ္စကို စဉ်းစားပြီး ချက်ချင်းအကြောင်း ပြန်ပေးမယ့်အကြောင်း ချက်ချင်း အီးမေးလ်ပြန်တာက လွဲရင် ကျန်တာ ကျွန်မတို့ဆီ ဘာမှမရောက်ဘူးရှင့်။

Voice : သမ္မတပညာသင်ဆုနဲ့ ပတ်သက်ပြီး ခုနောက်ဆုံး အခြေအနေ ဘာတွေ သိထားရသေးလဲ။

DSSS : အခုထိ ကျွန်မတို့ ဘာမှ မသိရသေးပါဘူးရှင့်။

Voice : သမ္မတပညာသင်ဆုနဲ့ ပတ်သက်ပြီး ကျွန်တော်မေးတာ တွေအပြင် ဘာတွေ ထပ်ဖြည့်ပြောချင်သလဲ။

DSSS : ကျွန်မ ပထမဆုံး ဝင်ခွင့်ရခဲ့တာက ၂၀၁၆ ဇန်နဝါရီမှာ ဖွင့်မယ့် Spring Term (နွေဦးရာသီ) စာသင်နှစ်အတွက်ပါ။ စက်တင်ဘာမှာ ရရချင်းတင်တော့ နောက်နှစ် ဧပြီမှ ပေးမယ်ဆိုတာနဲ့ ကျွန်မ မေလကုန်မှာဖွင့်မယ့် Summer Term (နွေရာသီ) စာသင်နှစ်ကို ပြောင်းခဲ့ရပါတယ်။ အမှန်ဆို ကျောင်းတွေက စာသင်နှစ်ပြောင်းခွင့် တစ်ကြိမ်သာ ခွင့်ပြုပါတယ်။ မေလကုန် ကျောင်းဖွင့်ခါနီးမှာ ပညာသင်ဆုနဲ့ ပတ်သက်တဲ့ ဘာသတင်းမှ မရတဲ့အတွက် ကျွန်မ ဝင်ခွင့်ရထားတဲ့ ကျောင်းကို အကျိုးအကြောင်း ထပ်ပြောပြီး နောက်တစ်တန်း ရွှေ့ခွင့် ထပ်တောင်းရပါတယ်။ ကံအားလျော်စွာပဲ ကျွန်မကို ခွင့်ပြုပေးခဲ့တဲ့ အတွက် အခု (Fall Term) ဆောင်းဦးရာသီတန်း- ကျောင်းဖွင့်ရက် ဩဂုတ်လ ၂၉ ကို ထပ်ပြောင်းထားပါတယ်။ ကျွန်မ ကျောင်းဝင်ခွင့် အပြည့်အဝ (Full Offer) ရပြီးပါပြီ။ Unconditional Acceptance Letter ရပြီးပါပြီ။ ဗီဇာလျှောက်ဖို့ လိုအပ်တဲ့ အချက်အလက် စာရွက်စာတမ်း တွေလည်း အကုန်ရပြီးပါပြီ။ ကျောင်းကတောင်းတဲ့ စာရွက်စာတမ်းတွေ ပို့ရတာနဲ့ လိုအပ်တဲ့ စာမေးပွဲတွေ ထပ်ဖြေရတာနဲ့ ပိုက်ဆံတွေလည်း ၁၀ သိန်းလောက် ကုန်ပြီးပါပြီ။ 

နောက်တစ်ခုက ကျောင်းဝင်ခွင့်က Undergraduate, Master နဲ့ Ph.D မတူပါဘူး၊ တစ်ဆင့်ချင်း ပိုခက်သွားတာပါ။ အခုသွားပြီးသားတွေ ပြန်ကြည့်ရင် Ph.D က ပညာသင်ဆု အောင်ထားပြီးသားထက် စာရင် တော်တော်နည်းပါတယ်။ ၁၀ ယောက်လောက်ပဲ ရှိပါသေးတယ်။ ဒါကိုလည်း ထည့်စဉ်းစား ပေးစေချင်ပါတယ်။ (ကျွန်မပြောတာ တရုတ်ကို သွားတဲ့ သူတွေမပါပါဘူး။ သူတို့က တရုတ်အစိုးရက ပေးတာပါ။) 
နိုင်ငံတော်တာဝန်ရှိ လူကြီးမင်းများအနေနဲ့ ကျွန်မတို့ရဲ့အခြေအနေတွေကို စဉ်းစားပေးဖို့ အနူးအညွတ် မေတ္တာရပ်ခံချင်ပါတယ်ရှင့်။

Voice : ခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်ဗျ။

နေဇာကျော်

ABOUT AUTHOR

(နေဇာကျော်)