News

POST TYPE

EDUCATION

ပြောင်းလဲလာသော တရုတ်တက္ကသိုလ်ဝင်တန်းစနစ်
13-Jul-2017 tagged as

တရုတ်နိုင်ငံ တက္ကသိုလ်ဝင်တန်းစနစ် (Gaokao) ကို ကျင့်သုံးနေသည်မှာ နှစ်ပေါင်း ၄၀ တိုင်ခဲ့ပြီဖြစ်သည်။ ကောင်းခေါင်စနစ်ကို ကြုံတွေ့ခဲ့ကြဖူးသူတွေလည်း မနည်း။ ကောင်းခေါင်ကို သူတို့ရင်ထဲ အသည်းထဲ စွဲကာ အမြတ်တနိုး တန်ဖိုးထားခဲ့ကြရသည်မှာလည်း ကြာခဲ့ပြီ။

“ဒီစာမေးပွဲစနစ်ကြီးက အရိပ်မည်းကြီးတစ်ခုလို လွှမ်းမိုးနေတာကြာပြီ။ တရုတ်မှာ ပြုပြင်ပြောင်းလဲဖို့ အများကြီး လိုနေပြီ။ ပိတ်ထားသလို ဖြစ်နေတာကို ဖွင့်ပေးဖို့လည်း လိုနေပြီ”

အထက်က စကားကိုပြောသွားသူမှာ တရုတ်ဖွံ့ဖြိုးရေး သုတေသနဌာန ဖောင်ဒေးရှင်းမှ အထွေထွေ အတွင်းရေးမှူး လူမေးဖြစ်သည်။ ဇွန်လ ၁၇ ရက်နေ့က ကျင်းပသွားခဲ့သည့် ကောင်းခေါင်စာမေးပွဲ နှစ် ၄၀ ပြည့် အခမ်းအနားတွင် သူက ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ လူမေးကိုယ်တိုင် ၁၉၇၇ ခုနှစ်က ကောင်းခေါင်စာမေးပွဲကို ဝင်ရောက် ဖြေဆိုခဲ့ရသူဖြစ်သည်။ သူက ၁၉၆၆ မှ ၁၉၇၆ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ယဉ်ကျေးမှု တော်လှန်ရေးကာလ ကောင်းခေါင်စာမေးပွဲကို ရပ်ဆိုင်းခဲ့ပြီး နောက်တစ်နှစ် ပြန်လည်စစ်ဆေးစဉ်ကာလ ဖြေဆိုခဲ့ရသူလည်းဖြစ်သည်။ 

ဘေဂျင်း၊ Jiaotong တက္ကသိုလ်မှ ဥက္ကဋ္ဌဖြစ်သူ နင်ပင်းကလည်း လူမေးနည်းတူ ထိုနှစ်တွင်ပင် ကောင်းခေါင် စာမေးပွဲကို ဝင်ရောက် ဖြေဆိုခဲ့ရသူဖြစ်သည်။ သူကလည်း လူမေး၏အဆိုကို ထောက်ခံခဲ့သည်။ 

“ပေါ်လစီကတော့ တရုတ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် ကောင်းပေမယ့် ခေတ်ကပြောင်းလာပြီဆိုတော့ လူမှုရေး အနေအထားတွေကို ထည့်တွက်ပြီး မစဉ်းစားလို့ မဖြစ်တော့ဘူး”ဟု သူက ထောက်ခံပြောကြားသည်။

၁၉၇၇ ခုနှစ် ကောင်းခေါင်စာမေးပွဲ ပြန်လည် စတင်ချိန်တွင် ဖြေဆိုသူပေါင်း ၅ ဒသမ ၇ သန်းခန့်ရှိသည်။ ဖြေဆိုသူများထဲတွင် အထက်တန်းကျောင်းပြီးသူများ၊ လယ်သမားများနှင့် စက်ရုံလုပ်သားများလည်း ပါဝင်ခဲ့ကြသည်။

တရုတ်နိုင်ငံတွင် ပညာရေးက ပုံမှန် အနေအထားကို ပြန်ရောက်သွားသည့်အခါ ကောင်းခေါင်စာမေးပွဲ အနေအထားကလည်း ပိုပြီးမြင့်တက်လာသည်။ တရုတ်နိုင်ငံ ပညာရေးစနစ်ကို ကိုယ့်နည်းကိုယ်ဟန်ဖြင့် အဖြေရှာရင်း ကောင်းခေါင်တက္ကသိုလ်ဝင် စာမေးပွဲစနစ်ကိုပင် ဆက်လက် အသုံးပြုခဲ့ကြရသည်။

၂၀ဝ၃ ခုနှစ်က စာမေးပွဲစနစ်တွင် ကောလိပ်ကို လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုထားသေးသည်။ ကောလိပ်ဝင်ခွင့်အဖြစ် မည်သူမဆို ဝင်ရောက်ဖြေဆိုခွင့်ရှိပြီး ဝင်ခွင့်အတွက် စိတ်နှင့် လူတွေ့ စစ်ဆေးခြင်းလောက်ကိုသာ ပြုလုပ်ခဲ့ကြသည်။ ကောလိပ်ဝင်ရောက်လိုသူတိုင်းသည် ရေးဖြေစာမေးပွဲတစ်ခု၊ လူတွေ့ နှုတ်ဖြေတစ်ခု ရင်ဆိုင်ကြရသည်။ ထိုစာမေးပွဲရမှတ်များသည် ကောင်းခေါင်စာမေးပွဲ ရမှတ်ထက်ပင် လျှော့ပေါ့ လက်ခံသည့်သဘောရှိသည်။ 

တရုတ်နိုင်ငံတွင် ကောင်းခေါင်ဖြေပြီးမှ တက္ကသိုလ် ကောလိပ်ဝင်ခွင့် ရမည်ဆိုသည့် သဘောတရားများကို လျှော့ပေါ့စဉ်းစားနေကြပြီဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ကောလိပ်ပေါင်း ၉၀ ခန့်သည် လွတ်လပ်စွာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်လာကြသည်။ ၂၀ဝ၃ ခုနှစ်ကထက် သာမန် စာမေးပွဲစစ်ဆေးခြင်းဖြင့် ကောလိပ် လက်ခံမည့်အရေအတွက် ၂၃ ကျောင်းတိုးလာခြင်း ဖြစ်သည်။

ကျောင်းသားများကို ဝင်ခွင့် အတိုင်းအတာ ဖြေလျှော့ပေးလိုက်ခြင်းက တက္ကသိုလ်၊ ကောလိပ် တက်မည့် အရေအတွက်ကိုလည်း ပိုပြီး တိုးတက်မြင့်မားစေနိုင်သည်။ ကောလိပ်အဆင့်တွင် မိမိကြိုက်နှစ်သက်ရာ ဘာသာရပ်များနှင့် ထိတွေ့ခွင့်ပေးပြီး တက္ကသိုလ်ပညာရပ်တွင် ကိုယ်နှစ်သက်သည့်လိုင်းကို ယူပိုင်ခွင့်များ ဖြစ်လာစေရန် တရုတ်တို့ စနစ်တစ်ခုဆီသို့ ဦးတည် ပြောင်းကြည့်နေကြပါသည်။ တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ်တစ်ခုတည်းနှင့် ကျောင်းသားများ၏ ဝါသနာပါမှုကို ချုပ်ကိုင်ထား သင့်၊ မသင့် တရုတ်တွေ စဉ်းစားသလို စဉ်းစားဆင်ခြင်သင့်ပြီထင်သည်။

E-01(Ref: China Daily)

  • TAGS