News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (ရာထူးတိုးနှင့် အပြောင်းအရွှေ့ ကြန့်ကြာမှု)
ယခုပညာသင်နှစ် အခြေခံပညာဦးစီးဌာန လက်အောက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများ၏ ရာထူးတိုးနှင့် အပြောင်းအရွှေ့ စာရင်းများကို ဇူလိုင်လတွင် ထုတ်ပြန်မည်ဟု အခြေခံပညာ ဦးစီးဌာန တာဝန်ရှိသူက ပြောဆိုထားသည်။ သို့သော် လက်ရှိအချိန်အထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ ရာထူးတိုးခြင်း၊ ပြောင်းရွှေ့ခြင်းများကို ညွှန်မှူးမှ ဒုညွှန်မှူးများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်များ စသည်ဖြင့် အဆင့်ဆင့် ပြုလုပ်နေကြောင်း သိရသည်။ ရာထူးတိုးနှင့် အပြောင်းအရွှေ့များ လျှောက်ထားသော ဆရာ၊ ဆရာမများ အနေနှင့် မြေပြင်အခြေအနေတွင် မည်သည့်အချိန် ထုတ်ပြန်မည်ကို မျှော်လင့်စောင့်ဆိုင်းနေရသည်။ ယင်းသို့ စောင့်ဆိုင်းနေရသည်များအပေါ် ဆရာများ၏ သဘောထားကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံက တစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“အဆင့်ဆင့် ချိတ်ဆက်မှုလည်း အားနည်းတာ”
ဦးဝေဖြိုးအောင် (အထက်တန်းပြ၊ အ.ထ.က- ရှားပေါင်၊ ပေါင်းတည်၊ ပဲခူးတိုင်း - အနောက်)

ရာထူးတိုးတို့ အပြောင်းအရွှေ့တို့ ကြန့်ကြာတာက စီမံခန့်ခွဲမှု အားနည်းတယ်လို့ ပြောရင်လည်း မကောင်းပြန်ဘူး။ ပြောရရင်တော့ သူတို့ (ဝန်ကြီးဌာန) အလုပ် လုပ်တာကိုက မဟုတ်တာပေါ့ဗျာ။ အဲဒီအော်ဒါတွေ တင်ထားတာက ကြာပြီလေ။ တည့်ပြောရရင်တော့ သူတို့စီမံခန့်ခွဲမှု မဟုတ်တာလို့ပဲ ကျွန်တော်မြင်တယ်။ အဆင့်ဆင့် ချိတ်ဆက်မှုလည်း အားနည်းတာပေါ့။ ကျွန်တော်တို့ရဲ့ဌာနမှာ အဲဒါကြီးက ပြဿနာကြီးပဲ။ တန်းစီဇယားကို ကျွန်တော်ကတော့ သိပ်သဘောမကျဘူး။ ကျွန်တော်က လူငယ်ဖြစ်တာလဲ ပါမှာပေါ့။ လူငယ်ဆိုတော့ လုပ်သက်အား နည်းတယ်ဗျာ။ တကယ်တမ်း အလုပ်လုပ်ရတာ လူငယ်တွေက ပိုအားသာပြီး လုပ်တဲ့ လူငယ်မျိုးလည်း ရှိမှာပဲ။ အဲဒီလို လူငယ်တွေ အတွက်လည်းပဲ တန်းစီဇယားနဲ့ မဟုတ်ဘဲနဲ့ ဝန်ထမ်းအကဲဖြတ်တဲ့ အမှတ်တွေ သတ်သတ်ထပ်တိုးပေးတာမျိုးတော့ ရှိတယ် ပြောတယ်။ အဲဒါကို ထိထိမိမိ လုပ်တာတော့ ကျွန်တော် မတွေ့ဘူး။ ဒီတန်းစီဇယားစနစ်ကို ကျွန်တော်တော့ မကြိုက်ဘူး။ ဒီရာထူးတိုးတို့ အပြောင်းအရွှေ့တို့က ပွင့်လင်းမြင်သာမှု လုံးဝကို မရှိဘူး။ လစ်လပ်နေရာ ဘယ်နှခု ရှိမလဲ။ ရှိတဲ့နေရာကို CEO ရုံးမှာ ကပ်ထားရမယ်။ မြို့နယ်ပညာရေးမှူးရုံးမှာ ကပ်ထားရမယ်။ ကပ်ထားမှ အဲဒီလစ်လပ်တဲ့ နေရာတွေ လျှောက်ရမယ်လေ။ ရာထူးတိုးပြီး အပြောင်းအရွှေ့ပြီးတိုင်း အမြဲတမ်း ပြဿနာတွေ ပေါ်လေ့ရှိတယ်။ အဲဒီဟာ ပွင့်လင်းမြင်သာမှု မရှိလို့ပဲ။ ဟိုလူကတော့ ငါ့ထက် လုပ်သက်များပြီး ပါတယ်။ ဟိုလူနဲ့နီးလို့ ပိုက်ဆံပေးလို့ဆိုတဲ့ အဂတိလိုက်စားမှုတွေ ဖြစ်တာလည်း ပွင့်လင်းမြင်သာမှု မရှိလို့ပဲ။ အခုထွက်လာမယ့် အော်ဒါမှာလည်း နောက်ဆက်တွဲ ပြဿနာတွေ တက်ဦးမှာပဲ။ အော်ဒါကလည်း တစ်ခါထုတ်ပြီး သိပ်မကြာဘူး။ နောက်တစ်ခါ ပြန်ပြန်ထုတ်နေရတာ ခဏခဏပဲ တွေ့ရတယ်။ ပွင့်လင်းမြင်သာမှုကတော့ လုံးဝကို မရှိတာဗျာ။                      

“ကြော်ငြာသင်ပုန်းမှာ အမှန်အကန် ကပ်ထားပေးနိုင်မယ် ဆိုရင်တော့ ကောင်းတာပေါ့”
ဦးစိုးမင်း (အ.မ.က ဖျောက်ဆိပ်ကုန်း၊ တောင်တွင်းကြီး၊ မကွေးတိုင်း)

အမှန်ကတော့ ရာထူးတိုးနဲ့ အပြောင်းအရွှေ့တွေကို ဇွန်လမတိုင်ခင် ထုတ်ပြန်ဖို့ သူတို့ (ဝန်ကြီးဌာန) ဘက်ကလည်း လုပ်တော့လုပ်ကြတာပဲဗျ။ အဲဒီမှာမှ ဘယ်လိုဖြစ်သွားလဲဆိုတော့ ကျောင်းအဆင့်တိုးတွေပေါ့။ ကျောင်းအဆင့်တိုးတွေက ဗုံးပေါလဘော ဖြစ်သွားတဲ့အတွက် အဲဒီကျောင်းတွေမှာ လုပ်ရမယ့် ဝန်ထမ်းတွေကြောင့် အမိန့်စာထွက်ဖို့ ကြန့်ကြာနေတယ် ထင်တာပဲလေ။ တကယ်ကတော့ ဇွန်လမတိုင်ခင်ကို ရာထူးတိုးပဲဖြစ်ဖြစ်၊ အပြောင်းအရွှေ့ပဲဖြစ်ဖြစ် ထွက်ပေးမယ်ဆိုလို့ ရှိရင်တော့ ဥပမာ- ရပ်ဝေးက ဆရာ၊ ဆရာမတွေဆိုရင် သွားရလာရတာ အခက်အခဲ မဖြစ်တော့ဘူးပေါ့ဗျာ။ တချို့ဆို ရာထူးတိုး၊ အပြောင်းအရွှေ့တွေတင်ပြီး ကိုယ့်အမှတ်နဲ့ဆိုရင် ရမှာသေချာနေတယ် ဆိုပြီး အထုပ်အပိုးတွေ ပြင်ထားကြတာတောင် ရှိတယ်။ အခုက အမိန့်စာတွေ ထွက်မလာတော့ ရပ်ဝေးက သူတွေဆို ပိုပြီးတော့ နစ်နာတာပေါ့။ သူတို့ အကြီးအကဲတွေ အနေနဲ့ အစကတော့ တန်းစီဇယား၊ တန်းစီဇယားဆိုပြီးပြောနေတာပဲ။ ဒါပေမဲ့ အောက်ခြေမှာတော့ ပွင့်လင်းမြင်သာမှု အားနည်းနေသေးတယ်လို့ ကျွန်တော်ထင်တယ်။ တန်းစီဇယား ဆိုသလို သက်ဆိုင်ရာ မြို့နယ်တိုင်းက ကြော်ငြာသင်ပုန်းမှာ အမှန်အကန် ကပ်ထားပေးနိုင်မယ် ဆိုရင်တော့ ကောင်းတာပေါ့။  

“တန်းစီဇယားကလည်း သူတို့ ဘယ်လိုလုပ်မှန်းကို မသိတာ”
ဦးဆန်းမျိုးအောင် (အထက်တန်းပြ၊ အ.ထ.က (၇) ကလေးမြို့၊ စစ်ကိုင်းတိုင်း)

ကျွန်တော့်အမြင်ကတော့ B.Ed ဆင်းတွေဆိုရင် ပုံမှန်အတိုင်းဆို ၆ လပိုင်းဆို ချပေးနေကျလေ။ အခုဆို ၇ လပိုင်း ဒုတိယအပတ်ထဲတောင် ရောက်နေပြီဆိုတော့ ချပေးသင့်ပြီလေ။ တစ်ဖက်က ပြန်ကြည့်ရင် ဆရာ၊ ဆရာမတွေဘက်က လုပ်သက်နစ်နာတယ်ဗျာ။ သူတို့က ထက်ပြအနေနဲ့ ဆင်းမှာဆိုတော့လေ။ အပြောင်းအရွှေ့တွေ လျှောက်တော့မယ် လုပ်သက်တွေ လျှောက်တော့မယ်ဆိုရင် သတ်မှတ်တဲ့လက ၆ လပိုင်းလကုန်ထိ ထားလိုက်ရင် သူတို့မှာ မမီပဲ ဖြစ်သွားတော့မှာ။ ဝန်ထမ်းမှာတော့ လုပ်သက်နစ်နာတာ အဆိုးဆုံးပဲ။ သူတို့ B.Ed မှ မဟုတ်ပါဘူး။ PPTT တွေ၊ DTEC တို့မှာလည်း အခုလို အလုပ်မကျဘဲနဲ့ ဒီအတိုင်းထိုင်နေရတဲ့ ဆရာ၊ ဆရာမလောင်းတွေ အတွက်က သူတို့ကိုယ်သူတို့ အားငယ်စရာလည်း ဖြစ်စေနိုင်တယ်။ ဒီဌာနကြီးကိုလည်း စိတ်ပျက်စေနိုင်တယ်။ တော်ကြာနေ ချမယ်ပြောလိုက်၊ တော်ကြာနေ မချဘူး ပြောလိုက်နဲ့ဆိုတော့ အမျိုးမျိုး ပြောင်းလဲနေတဲ့ ညွှန်ကြားချက်တွေ အပေါ်မှာလည်း အခုမှ လုပ်ငန်းခွင်ဝင်မယ့်သူတွေ အတွက် အထင်သေးစရာလည်း ဖြစ်သွားတာပေါ့။ ပညာရေးဌာနက ဒီလိုကြီးလားလို့ သူတို့အတွေးထဲမှာ စွဲသွားလိမ့်မယ်။ တန်းစီဇယားကလည်း သူတို့ဘယ်လိုလုပ်မှန်းကို မသိတာ။ တန်းစီဇယားမှာ တကယ်ပဲ လုပ်သက်ရသွားသလား၊ ရာထူးတကယ် ရသွားသလား ဆိုတာ သိကိုမသိရဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ တန်းစီဇယားအတိုင်း ရာထူးတိုးနဲ့ အပြောင်းအရွှေ့ ချပေးမယ် ဆိုရင်လည်း ဘယ်လိုချပေးမှာလဲ။ မသမာမှု၊ ဘက်လိုက်မှုဆိုတာ အဲဒီနေရာမှာ ပေါ်လာတာပဲ။ တန်းစီဇယားကတော့ အနောက်နားလေး ရောက်နေတယ်။ 

သို့သော် ညွှန်ချုပ်နဲ့ သိတာမျိုး၊ အထက်လူကြီးနဲ့ သိတာမျိုးတွေကို ဦးစားပေးလိုက်ရတာမျိုးတွေ ရှိနေတာ။ ဥပမာ- တန်းစီဇယား နံပါတ် ၁ ကျရမှာကို နံပါတ် ၄ သမားက ညွှန်ချုပ်နဲ့ သိလို့ သူ့ကိုချပေးလိုက်လို့ ပြောရင် တိုင်းရုံးကလည်း ညွှန်ချုပ်ဖြစ်တဲ့ အတွက်ကြောင့်မို့ လုပ်ပေးလိုက်ရတာမျိုးပေါ့။ တကယ်တမ်းဆို တိုင်းရုံးကလည်း ရာထူးတိုးနဲ့ အပြောင်းအရွှေ့ကို သူပဲကိုင်ထားတယ်ဆိုရင် ညွှန်ချုပ်ဖြစ်ဖြစ်၊ ဝန်ကြီးဖြစ်ဖြစ်၊ သမ္မတဖြစ်ဖြစ် လာမပြောနဲ့ သူ့လုပ်ငန်းသူ လုပ်ရမှာလေ။ ခင်ဗျားတို့ လာမပြောနဲ့ ကျွန်တော်တို့က တန်းစီဇယားအတိုင်း လုပ်စရာရှိတာ လုပ်ရမှာပဲ ဆိုတာမျိုး ဖြစ်ရမှာ။ ကိုယ့်လုပ်ပိုင်ခွင့်နဲ့ ကိုယ်နေရမှာ။ ကျန်တဲ့သူကလည်း ဝင်စွက်စရာ မလိုဘူး။ ပညာရေးဝန်ကြီးကလည်း သူ့အလုပ်သူလုပ်၊ ညွှန်ချုပ်ကလည်း သူ့အလုပ် သူလုပ်ရမှာ။ တစ်ဌာနနဲ့ တစ်ဌာန စွက်ဖက်၊ လွှမ်းမိုးနေတာမျိုး ကျွန်တော်တို့ ပညာရေးမှာ အရမ်းဆိုးနေတယ်။ ကျွန်တော်တို့ ပညာရေးလောကထဲမှာ လိုက်ရင်လိုက်တဲ့သူကရတာ၊ အထက်လူကြီးနဲ့သိရင် သိတဲ့ သူက ရတာမျိုးတွေ ဖြစ်နေတာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) ကိုလည်း ကျွန်တော် ညီလာခံမှာ တင်ပြခဲ့သေးတယ်။ ဒါတွေကို ပညာရေး ဝန်ကြီးဌာနကို ဖိအားပေး တောင်းဆိုဖို့အတွက် တစ်ခုခုလုပ်ကြဦးစို့ ဆိုပြီး ဥက္ကဋ္ဌကို တင်ပြခဲ့သေးတယ်။ ကျွန်တော်အဖွဲ့ အနေနဲ့ အမြန်ဆုံးလည်း ထုတ်ပေးနိုင်အောင် ကြိုးစားသွား မှာပါ။                                                                                

“မှန်ကန်မျှတမှုရှိအောင် ဝန်ကြီးဌာနက နေပြီးတော့ လုပ်ပေးစေချင်တယ်”
ဒေါ်ဌေးဌေးဝေ (အလယ်တန်းပြ၊ အ.မ.က- ၁၁၊ မင်းလမ်း၊ စစ်ကိုင်းမြို့)

ကျွန်မတို့ကတော့ ရှင်းရှင်းပြောရရင် အရင်ကတည်း က ထွက်စေချင်တာပေါ့။ ဒါကလည်း ပညာရေး ဝန်ကြီးဌာနမှာ အခက်အခဲတွေရှိလို့ နေမှာပေါ့။ ပြဿနာတွေ ရှိကြရှာလို့ နေမှာပေါ့။ ကျွန်မတို့ ဆရာ၊ ဆရာမတွေကတော့ ဒီကိစ္စကိုပဲ မျှော်လင့်စောင့်စားနေရတာ။ သွားမယ့်သူကလည်း ဟိုဘက်ကို သွားချင်နေပြီးတော့ လာချင်တဲ့ သူတွေကလည်း ဒီဘက်ကို လာချင်နဲ့ အဲဒီလိုတွေ ဖြစ်နေရတယ်။ ဒါဟာ ဝန်ကြီးဌာနမှာ အခက်အခဲတွေ ရှိနေသေးလို့လို့ပဲ သုံးသပ်ပါတယ်။ ကျွန်မတို့ဆို လုပ်သက်သာ ၂၈ နှစ် ကျော်နေတာ။ ဒီမူလတန်းကျောင်းကနေ ဘယ်အလယ်တန်း၊ ဘယ်အထက်တန်းကျောင်းမှ မရောက်ဖူးဘူး။ ဒီတိုင်းလည်း ကြေညာတာပဲ။ ကျွန်မ ပြောချင်တာကတော့ ဝန်ကြီးဌာနရော နောက်တစ်ခါ ဝန်ကြီးဌာန ဆိုတာထက် ကျွန်မတို့နဲ့ အနီးဆုံးက မြို့နယ် ပညာ၊ ခရိုင်ပညာ၊ တိုင်းပညာတွေပေါ့နော်။ ဒီမြို့နယ်၊ ခရိုင်၊ တိုင်းပညာတွေကို မှန်ကန်မျှတမှု ရှိအောင် ဝန်ကြီးဌာနက နေပြီးတော့ လုပ်ပေးစေချင်တယ်။ ကြီးကြပ်စေချင်တာပေါ့။ အဓိကကတော့ မြို့နယ်၊ ခရိုင်တိုင်းပညာတွေရဲ့ သမာသမတ်မကျမှု၊ မတရားတာတွေပဲ။ ရာထူးတိုးနဲ့ အပြောင်းအရွှေ့တွေကို အစဉ်လိုက်မစီဘဲနဲ့ လုပ်ချင်ရာ လုပ်နေတာတွေကို ဝန်ကြီးဌာန သိသင့်တယ်။ သေချာဆောင်ရွက်ပေးသင့်တယ်။                               
ရွှေဖူးခင်