News

POST TYPE

EDUCATION

အခြေခံပညာကျောင်းများတွင် စာမေးပွဲ စစ်ဆေးမှု ပုံစံသစ် သြဂုတ်လ စမည်
13-Jul-2017 tagged as ပညာရေး

ရန်ကုန်၊ ဇူလိုင် ၁၂

ယခုပညာသင်နှစ် (၂၀၁၇-၂၀၁၈)မှ စတင်ကျင့်သုံးမည့် စာမေးပွဲစစ်ဆေးမှု ပုံစံသစ်ဖြစ်သော Group Work စနစ် ကို သြဂုတ်လတွင် စတင် ပြောင်းလဲကျင့်သုံးလုပ်မည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန်းက The Voice သို့ ပြောကြားသည်။

ဒုတိယတန်းမှ အဋ္ဌမတန်းအထိ ကျောင်းသားများကို အခန်းဆုံး စစ်ဆေးသည့် စာမေးပွဲများကို ယခင်နှစ်များကဲ့သို့ မဟုတ်ဘဲ မေးခွန်းတစ်ခုတည်းကို အုပ်စုဖွဲ့၍ အတူတကွ ညှိနှိုင်းဖြေဆိုခြင်းပုံစံ ပြောင်းလဲမည် ဖြစ်သည်။

ထို့ကြောင့် လပတ်စာမေးပွဲ၊ အခန်းဆုံး စာမေးပွဲ စစ်ဆေးခြင်းများ ရှိတော့မည် မဟုတ်ပေ။

“ကျွန်တော်တို့ ဆွေးနွေးထားတာတော့ သြဂုတ်လတည်းကစပြီး စစ်ဆေးဖို့ လုပ်ထားတယ်။ အခုမှစတာ ဆိုတော့ နည်းနည်းလေး ဆရာ၊ ဆရာမတွေကို သင်တန်းလေး ဘာလေးပေးဖို့ လုပ်ထားလို့ပါ” ဟု ဦးမျိုးသန်းက ပြောကြားသည်။

Group Work ကို စာသင်နှစ် တစ်နှစ်လျှင် နှစ်ကြိမ် ဖြေဆိုကြရမည်ဟု အခြေခံပညာဦးစီဌာနက သတ်မှတ်ထားပြီး လေးယောက်တစ်ဖွဲ့နှုန်း ဖြေဆိုရမည် ဖြစ်သည်။ ကျောင်းသားဦးရေ ပိုနေပါက စစ်ဆေးသည့် ဆရာ၊ ဆရာမများက သင့်တော်သလို စီမံနိုင်မည် ဖြစ်သည်။ 

စစ်ဆေးရာတွင် တော်၊ သင့်၊ ညံ့ ကျောင်းသားအားလုံး ပါဝင်ရမှာဖြစ်ပြီး ဆရာ၊ ဆရာမများ အနေနှင့် ကျားနှစ်ဦး၊ မ နှစ်ဦးဖြင့် အတတ်နိုင်ဆုံး ပါဝင်စေရေး စီစဉ်ပေးရန် ညွှန်ကြားထားပြီး ကျောင်းသားအဖွဲ့ အားလုံးအတွက် မေးခွန်းတူညီရမည် ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှ မူလတန်းပြ ဆရာတစ်ဦးက “(ဇူလိုင်) လ ကုန်လို့တော့ သိရတယ်။ ရက်အတိအကျ ဘယ်နေ့ စစ်ဆေးမှု လုပ်ရမယ် ဆိုတာတော့ ကျွန်တော်တို့ကို မညွှန်ကြားသေးဘူး” ဟု ပြောကြားသည်။ 

မေးခွန်းဝေရာတွင် ယခင်နှစ်များကဲ့သို့ ကျောင်းသားတစ်ဦးကို မေးခွန်းစာရွက် တစ်ရွက်စီ မပေးတော့ဘဲ တစ်ဖွဲကို မေးခွန်းစာရွက် တစ်ရွက်သာပေး၍ ဖြေဆိုစေမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းပြသည်။

ကျောင်းသားများ အနေနှင့်လည်း တစ်ဖွဲ့လျှင် အဖြေလွှာတစ်ခုသာ ပြန်ပေးရမည်ဖြစ်ပြီး အဖွဲ့ဝင်များ ဝိုင်းဝန်းဆွေးနွေးပြီး ဖြေဆိုရမည် ဖြစ်သည်။

အုပ်စုအလိုက် စစ်ဆေးမှုအတွက် ဖြေဆိုချိန်ကို စာသင်ချိန်တစ်ချိန်စာ သတ်မှတ်ထားပြီး အဖြေလွှာတွင် ကျောင်းသားတစ်ဦးတည်းက လက်ရေးဖြင့် ဖြေဆိုရမည် မဟုတ်ဘဲ ကျောင်းသားလေးဦးလုံး ရေးသားဖြေဆိုရမည် ဖြစ်သည်။

ကျောင်းသားများ ဖြေဆိုချိန်တွင် ဘာသာရပ်ပြ ဆရာမ အပါအဝင် အကူဆရာမနှစ်ဦးက အုပ်စုလိုက် ပါဝင်ဆွေးနွေးနိုင်စေရန် ကျောင်းသားများကို လမ်းညွှန်ပေးမည် ဖြစ်ပြီး ဆရာ၊ ဆရာမနည်းသည့် ကျောင်းများတွင် အချိန်ခွဲကာ အတန်းလိုက် ဖြေဆိုရမည် ဖြစ်သည်။

ကျောင်းသားများအတွက် မေးခွန်းကို ၂၅ မှတ်ဖိုး မေးမည်ဖြစ်ပြီး ရမှတ်များကို အဖွဲ့၏ ရမှတ်အဖြစ် ဖြေဆိုသူ လေးယောက်စလုံးနှင့် သက်ဆိုင်ပြီး အဖွဲ့ရမှတ် Grade (A, B, C) ဖြင့် သတ်မှတ်ချက်ပေးမည် ဖြစ်သည်။

Group Work  မဟုတ်သည့် ကျောင်းသားတစ်ဦးချင်းအလိုက် ဖြေဆိုရမည့် စာမေးပွဲပုံစံကို အောက်တိုဘာလတွင် နှစ်ဝက်စစ်ဆေးခြင်းနှင့် ဖေဖော်ဝါရီလတွင် နှစ်ဆုံးစာမေးပွဲ စစ်ဆေးခြင်းတို့သာ ပြုလုပ်မည်ဟု အခြေခံပညာဦးစီးဌာနထံမှ သိရှိရသည်။

နှစ်ဆုံးစာမေးပွဲ၌ အောင်မှတ်မရသည့် ကျောင်းသားများအတွက် Group Work ရမှတ်များကို ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။                      

ရွှေဖူးခင်