News

POST TYPE

EDUCATION GUIDE

တက္ကသိုလ်ဝင်တန်းလမ်းညွှန် (ပထဝီဝင်)
19-Feb-2017 tagged as ပညာရေး

တက္ကသိုလ်ဝင်တန်း ပထဝီဝင် ဘာသာရပ် မေးခွန်းလွှာတွင် အပိုင်း (က) မှ အပိုင်း (စ) အထိ အပိုင်းခြောက်ခု ပါဝင်သည်။ အပိုင်း (က) သည် ဓမ္မဓိဋ္ဌာန်မေးခွန်း ဖြစ်ပြီး မေးခွန်းနံပါတ် (၁) တွင် (က) မှား/မှန်၊ (ခ) ကွက်လပ်ဖြည့်၊ (ဂ) အဖြေမှန်ရွှေး (၅) မှတ်စီဖြင့် စုစုပေါင်း ၁၅ ခု ၁၅ မှတ်ပေးထားသည်။ သဘာဝပထဝီဝင်၊ စီးပွားရေး ပထဝီဝင်၊ မြန်မာနိုင်ငံ ပထဝီဝင်၊ ကမ္ဘာ့ပထဝီဝင်နှင့် လက်တွေ့ပထဝီဝင် အခန်းများမှ အစဉ်အတိုင်း တစ်ခုစီ မေးထားခြင်း ဖြစ်သည်။ အခန်းငါးခန်း၏ ဓမ္မဓိဋ္ဌာန် အချက်များကို ကြေညက်လျှင် အမှတ်  ၁၅ မှတ် စလုံးရနိုင်သည်။ မှား/မှန်ကို ပီသစွာရေးရန် လိုသည်။ ကွက်လပ်ဖြည့်ရာတွင် အပိုအလိုမရှိ တိတိကျကျဖြေရန် လိုသည်။ အမှန်ရွေးဖြေဆိုရာတွင် က သို့မဟုတ် ခ သို့မဟုတ် ဂ တစ်ခုခုကို မေးခွန်းနံပါတ်နှင့်တွဲ၍ ဖြေဆိုရန်သာ လိုအပ်သည်။ အပိုင်း (ခ) သည် သဘာဝပထဝီဝင် မေးခွန်း ဖြစ်သည်။

မေးခွန်းနံပါတ် (၂)၊ (၃)၊ (၄) ပေးထားပြီး ကြိုက်ရာတစ်ပုဒ်သာ ရွေးဖြေရန် ဖြစ်သည်။ နံပါတ် (၄) ကို ရွေးမိလျှင် မှတ်စုတို နှစ်ပုဒ်ဖြေမှ ၁၅ မှတ်ဖိုး ပြည့်မည်ဖြစ်သည်။ သရုပ်ပြပုံနှင့် မြေပုံလိုအပ်လျှင် ဆွဲသားရမည်။ အပိုင်း (ဂ) သည် စီးပွားရေး ပထဝီဝင်အခန်းကို မေးခွန်းနံပါတ် (၅)၊ (၆)၊ (၇) တို့ဖြင့် မေးထားခြင်း ဖြစ်သည်။ နှစ်သက်ရာ တစ်ပုဒ် ရွေးဖြေရမည်။ မေးခွန်းနံပါတ် (၇) သည် မှတ်စုတို လေးပုဒ်ပေးထား၍ နှစ်ပုဒ်ရွေးဖြေရမည်။ သရုပ်ပြပုံနှင့် မြေပုံများကို လိုအပ်သလို ဆွဲသားဖြေဆိုနိုင်လျှင် အမှတ်ပြည့်ရနိုင်သည်။ ၁၅ မှတ် ပေးထားသည်။ မေးခွန်း အပိုင်း (ဃ) သည် မြန်မာနိုင်ငံ ပထဝီဝင်မေးခွန်း ဖြစ်သည်။ မေးခွန်း နံပါတ် (၈)၊ (၉)၊ (၁၀) မှ နှစ်သက်ရာတစ်ပုဒ် ရွေးဖြေရမည် ဖြစ်သည်။

နံပါတ် (၁၀) မေးခွန်းသည် နှစ်သက်ရာ မှတ်စုတို နှစ်ပုဒ်ရွေးဖြေရန် ဖြစ်သည်။ မြန်မာနိုင်ငံမြေပုံဆွဲ လေ့ကျင့်ထားဖို့ လိုပါသည်။ မေးခွန်းမေးထားသော အကြောင်းအရာနှင့် ဆက်စပ်၍ ဆွဲသားတင်ပြနိုင်က အမှတ်ပြည့်ရနိုင်သည်။ ၁၅ မှတ် ပေးထားသည်။ မေးခွန်းအပိုင်း (င) သည် ကမ္ဘာ့ပထဝီဝင်အခန်းမှ မေးထားခြင်းဖြစ်ပြီး နှစ်သက်ရာတစ်ပုဒ် ဖြေဆိုခိုင်း၍ ၁၅ မှတ်ပေးသည်။ မေးခွန်းနံပါတ်မှာ (၁၁)၊ (၁၂)၊ (၁၃) ဖြစ်သည်။ မေးခွန်းနံပါတ် (၁၃) သည် မှတ်စုတိုလေးခုကို နိုင်ငံလေးနိုင်ငံမှ ရွေးထုတ်မေးထားသည်။ နှစ်သက်ရာ မှတ်စုတို နှစ်ပုဒ်ကို မြေပုံနှင့်တကွ ဖြေဆိုရန်ဖြစ်သည်။ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ သြစတြေးလျ၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံ မြေပုံများကို လေ့ကျင့်ထားဖို့ လိုအပ်သည်။ မေးခွန်းအပိုင်း (စ) သည် လက်တွေ့ပထဝီဝင်အခန်းမှ မေးထားခြင်း ဖြစ်သည်။ မေးခွန်းနံပါတ် (၁၄) ဖြင့် မေးထားခြင်းဖြစ်ပြီး (က) နှင့် (ခ) ခွဲ၍ မေးထားသည်။ စုစုပေါင်း ၂၅ မှတ် ပေးထားသည်။ မေးခွန်း နံပါတ် ၁၄ (က) သည် စကေးအခန်းမှမေးခြင်း ဖြစ်ပြီး စကေးစိပ် သို့မဟုတ် စကေးကျဲကိုသာ မေးလေ့ရှိသည်။ တစ်ခါတစ်ရံ စကေးပြောင်းခြင်းကိုလည်း မေးတတ်၍ စကေးပြောင်းခြင်းကို လေ့ကျင့်တွက်ချက်ထားရန် လိုအပ်သည်။ ပေးထားသော မိုင်စကေးကို ပြခိုင်းသော ပေ သို့မဟုတ် ကိုက် ယူနစ်သို့ ပြောင်းရန် အရေးကြီးသည်။ ပေ ယူနစ်ပြောင်းလိုလျှင် ၅၂၈၀’ ဖြင့် မြှောက်ရမည်။ ကိုက်ယူနစ်ပြောင်းလျှင် ၁၇၆၀ ကိုက်ဖြင့် မြှောက်ပေးရမည် ဖြစ်သည်။ စကေးပုံဆွဲလျှင် ခေါင်းစဉ်တပ်ရမည်။ အပိုင်းတန်ဖိုးများ ရေးပေးရမည်။ စကေးကျဲပုံတွင် ထပ်ဆင့်ပိုင်း တန်ဖိုးကို တိတိကျကျ မြှားထိုးပြနိုင်ရမည်။ ၁၀ မှတ် ပေးသည်။

မေးခွန်းနံပါတ် ၁၄ (ခ) သည် ကွန်တိုမြေပုံကို လေ့လာဖြေဆိုခိုင်းခြင်း ဖြစ်ပြီး ၁၅ မှတ်ပေးသည်။ မေးခွန်းနံပါတ် ၁၄ (ခ) (၁) သည် ‘က’ မှ ‘ခ’ သို့ ဖြတ်ပိုင်းပုံဆွဲခိုင်းခြင်း ဖြစ်သည်။ ကွန်တိုဖြတ်ပိုင်းပုံ ဆွဲရာတွင် ပေးထားသော ဂရပ်ဖ်စာရွက်ကိုသာ အသုံးပြု၍ ဆွဲသားရမည် ဖြစ်သည်။ ‘က’ မှ ‘ခ’ အရှည်အတိုင်း အခြေမျဉ်းယူ၍ ဆွဲရမည်။ ခေါင်းစဉ် ‘က’ ‘ခ’ အမှတ်၊ အလျားလိုက် စကေး၊ ဒေါင်လိုက်စကေး၊ မြို့၊ မြစ်၊ အင်း၊ အိုင်၊ ကား၊ ရထားလမ်းများ ရေးပေး၊ တပ်ပေးရန် လိုသည်။ ဒေါင်လိုက်စကေး တန်ဖိုးကိုပါ ရှာတွက်ပေးရမည်။ ၁၄ (ခ) (၂) သည် မြေပုံပါဒေသ၍ ဧရိယာ အကျယ်အဝန်း သို့မဟုတ် လတ္တီကျုဒ်နှင့် လောင်ဂျီကျုဒ်တို့ကို ဖော်ပြခိုင်းလေ့ ရှိသည်။ ဧရိယာ တွက်ရာတွင် မြေပုံ၏ အတွင်းဘောင်ကို တိုင်း၍ ရလာသော အလျားလက်မနှင့် အနံလက်မများကို စကေးနှင့် မြှောက်ပြီး ထပ်ဆင့် ရလာသော အလျားမိုင်နှင့် အနံမိုင်များကို ပြန်မြှောက်၍ ရှာလျှင် ဧရိယာ စတုရန်းမိုင်ကို ရမည်ဖြစ်သည်။ ၁၄ (ခ) (၃) တွင် ကွန်တိုမြေပုံပါ အကြောင်းအရာများ ဖြစ်သော သဘာဝပထဝီဝင်၊ လူမှုရေး ပထဝီဝင်၊ စီးပွားရေး ပထဝီဝင် အချက်အလက်များကို ရွေးထုတ်မေးလေ့ ရှိသည်။ သို့ဖြစ်၍ ကွန်တိုမြေပုံကို သေချာလေ့လာ ဖြေဆိုရန်သာ ဖြစ်သည်။ ၁၄ (ခ) (၁)၊ (၂)၊ (၃) ကို (၁၅) မှတ်ပေးသည်။ သို့ပါ၍ ပထဝီဝင် ဘာသာရပ်သည် အတိအကျပုံနှင့်တကွ ဖြေဆိုလျှင် အတိအကျ အမှတ်ပြည့်ရနိုင်သော ဘာသာရပ် ဖြစ်သဖြင့် ဂုဏ်ထူးထွက်ရန် လွယ်ကူသည်။ ဂုဏ်ထူးအောင်ပန်း ဆွတ်ခူးနိုင်ကြပါစေ။ 

ဆရာသိန်း
ကထိက
ပထဝီဝင်ဌာန
ပုသိမ်တက္ကသိုလ်