News

POST TYPE

EDUCATION GUIDE

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ မှတ်သားဖွယ်ရာ မြန်မာစာ
09-Feb-2017 tagged as ပညာရေး

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ
မှတ်သားဖွယ်ရာ မြန်မာစာ

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသူ၊ ကျောင်းသားများအတွက်  မြန်မာစာဘာသာရပ် မေးခွန်းလွှာနဲ့ ပတ်သက်ပြီး မှတ်သားဖွယ်ရာ၊ ဂရုပြုဖွယ်ရာများကို ပြောပြချင်ပါတယ်။

မြန်မာစာမေးခွန်းဟာ (၃) နာရီ မေးခွန်းဖြစ်ပြီး မေးခွန်း (၆) ပုဒ် ဖြေဆိုရမှာ ဖြစ်ပါတယ်။

မေးခွန်း ၁(က) မှာ မြန်မာစာ မြန်မာစကားဆိုင်ရာ သိမှတ်ဖွယ်ရာများ (ကျက်မှတ်မှုဆိုင်ရာ) မေးခွန်းဖြစ်တယ်။ မေးခွန်း (၅) ခုမေးထားပြီး (၁) ခုဖြေရမှာ  ဖြစ်တယ်။ ဒီမေးခွန်းမှာ စာအမျိုးမျိုး၊  အက္ခရာပုံသဏ္ဌာန် ပြောင်းလဲပုံများ၊ ဌာန်၊ ကရိုဏ်းနဲ့ပယတ်၊ စကားသံဖြစ် အင်္ဂါများ၊ ဝါစင်္ဂ ဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊      ဝါကျဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်များထဲက မေးမှာဖြစ်ပါတယ်။ လိုအပ်တဲ့ နေရာတွေမှာ သာဓကတွေကို ထည့်သွင်းဖြေဆိုရမယ်။

မေးခွန်း ၁(ခ) ကတော့ သဒ္ဒါ (နားလည်မှုဆိုင်ရာ) မေးခွန်းဖြစ်တယ်။ မေးခွန်း (၆) ခုမေးပြီး (၄) ခု ဖြေရမှာ ဖြစ်တာမို့ မေးခွန်းကို သေသေချာချာဖတ်ပြီး မေးထားတဲ့အတိုင်း အတိအကျ ဖြေပေးရပါမယ်။ သာဓကပြရမယ် ဆိုရင် အောက်ပါတို့မှ (၄) ခုကို ရွေးချယ်၍  ဖွဲ့စည်းတည်ဆောက်ပုံအရ မည်သည့်နာမ်ဖြစ်ကြောင်း မေးထားတဲ့  နေ၊ လက်စွပ်၊ ကူညီမှု၊ အကောင်း၊  လက်ရွေးစင် တို့ကို ဖြေမယ်ဆိုရင်

နေ   =  ပင်ကိုနာမ်  (ကိုယ်လို့ရေးရင် မှားပါတယ်)
လက်စွပ် =  ပေါင်းစပ်နာမ်
ကူညီမှု = ကြိယာနာမ်
အကောင်း = ဂုဏ်ရည်ပြနာမ်
လက်ရွေးစင် = ပေါင်းစပ်နာမ်လို့ တိတိကျကျ ဖြေရပါမယ် ။

မေးခွန်း ၁(ဂ) မှာ မြန်မာသဒ္ဒါ (ကျွမ်းကျင်မှုဆိုင်ရာ) မေးခွန်း ဖြစ်ပြီး (၅) ခုမေးပြီး  (၃) ခု ဖြေရမှာ ဖြစ်တယ်။ များသောအားဖြင့် သဒ္ဒါအမျိုးအစားအလိုက်  စကားလုံးတွေကို ပေးထားပြီး ဝါကျဖွဲ့ခိုင်းလေ့ ရှိပါတယ်။ ဝါကျထဲက စကားလုံးကို မျဉ်းသားပြီး ဝါစင်္ဂအမျိုးအစား ဖြေခိုင်းတာမျိုးလည်း မေးနိုင်ပါတယ်။ 
သာဓကပြရမယ် ဆိုရင်  ကြိယာလေ့ကျင့်ခန်းထဲက ပစ်၊ သွား၊ မိ၊ သင့် တွေကို ကြိယာထောက်ပစ္စည်း အဖြစ် ဝါကျမှာ သုံးပြပါဆိုတဲ့ မေးခွန်းဆိုပါစို့။

ကျွန်မသည်  မေမေမကြိုက်သည့်  အလုပ်ကို လုပ်မိသည်။ (ဖမ်းမိဟု ပေါင်းစပ်ကြိယာမျိုး မသုံးသင့်ပါ) 

ကိုကိုသည်  မမ၏မုန့်ကို စားပစ်သည်။ ကျောင်းသားများသည် စာကို  ကြိုးစားသင့်သည်။
လို့ ဝါကျတွေကို ပြည့်စုံပြီး အဓိပ္ပာယ်ရှိအောင် ဖွဲ့ဖို့ လိုပါတယ်။ 

မေးခွန်း ၂ (က) မှာ ဝေါဟာရတွေကို အဓိပ္ပာယ် ဖွင့်ခိုင်းတဲ့ မေးခွန်းဖြစ်တယ်။ မေးခွန်း (၈) ခု ပေးထားပြီး
(၅) ခု ဖြေရမယ်။ ပြဋ္ဌာန်းစာပါအတိုင်း ဝေါဟာရရဲ့ သဒ္ဒါအမျိုးအစားနဲ့ ကိုက်ညီတဲ့ အဓိပ္ပာယ်ကို တိတိကျကျ ဖြေဆိုရမယ်။ သာဓကပြရရင်      
  
ကံကုန်  =  အနိစ္စရောက်သည်။  
ချီချယ် =  ချီချီ ကြွကြွ။
သတင်းစင် =  အကျင့်စင်ကြယ်သည်။

မေးခွန်း  ၂ (ခ) မှာတော့ စကားပြေ၊ ကဗျာ၊ ရေသည်ပြဇာတ်တွေမှာပါတဲ့ ဝေါဟာရတွေထဲက မျက်မှောက်ခေတ်တိုင် အသုံးပြုဆဲဖြစ်တဲ့ ခေတ်သုံးဝေါဟာရတွေကို ဝါကျဖွဲ့ခိုင်းတာ ဖြစ်တယ်။
(၈) ခုမေးပြီး (၅) ခုဖြေရမယ်။ ဝါကျဖွဲ့ရာမှာ ပြဋ္ဌာန်းစာမှာသုံးတဲ့ အဓိပ္ပာယ်မျိုးပဲ ဖြစ်ရမယ်။ ကတ္တားလည်းပါ၊  အနက်အဓိပ္ပာယ်လည်း ပေါ်လွင်၊ သဒ္ဒါအနေအထားလည်း မှန်ကန်တဲ့ ဝါကျမျိုး ဖြစ်ရမယ်။  သာဓကပြရမယ် ဆိုရင်-  

မြူ -  နွေဦးကာလတွင် ပတ်ဝန်းကျင်တစ်ခုလုံး မြူ များအုံ့ဆိုင်းလျက်နေသည်။
ဒလဟော  -  တောင်ကျချောင်းမှ  ရေတို့သည်  တောင်အောက်သို့ ဒလဟော စီးဆင်းနေသည်။

မေးခွန်း  ၂(ဂ) မှာ အလင်္ကာမေးခွန်း ဖြစ်ပါတယ်။ မေးခွန်း (၈) ခု မေးပြီး (၅) ခုဖြေရမယ်။ ဖြေတဲ့အခါ  ဘယ်ပြဋ္ဌာန်းစာမှာ ဘာအကြောင်းနဲ့ ဆက်စပ်သုံးတယ်၊ ဘာ့ကြောင့်  အလင်္ကာမြောက်တယ် ဆိုတာကို ဖြေရမှာ ဖြစ်တယ်။ ဥပမာ အလင်္ကာကိုဖြေရင် အနှိုင်းခံနဲ့  အနှိုင်းကို ဘယ်လိုခိုင်းနှိုင်း ဖွဲ့ဆိုကြောင်း ၊    ရူပကအလင်္ကာကိုဖြေရင် အနှိုင်းခံနဲ့ အနှိုင်းကို ဘယ်လိုထပ်တူပြုထားကြောင်း၊ ဝင်္ကဝုတ္တိအလင်္ကာကို ဖြေရင် ဘယ်လိုတိုက်ရိုက်မရေးဘဲ သွယ်ဝိုက်ရေးထားကြောင်း၊ အတိသယဝုတ္တိ အလင်္ကာကို ဖြေရင်   ဘယ်လိုအလွန်အကြူး ဖွဲ့ဆိုထားကြောင်း၊  မြည်သံစွဲ အလင်္ကာကိုဖြေရင်  ဘာမြည်သံကို ထည့်သွင်းဖွဲ့ဆိုထားကြောင်း ဆိုတဲ့ သက်ဆိုင်ရာ အလင်္ကာရဲ့ သတ်မှတ်အသုံးအနှုန်းတွေကို သုံးစွဲပြီး ရှင်းပြရမှာ ဖြစ်တယ်။ သာဓက အနေနဲ့      

ရွှေချသလိုဆိုတဲ့  ဥပမာအလင်္ကာကို ဖြေမယ်ဆိုရင်  
ဦးပုည၏ ရေသည်ပြဇာတ်တွင်  ရေသည်ယောက်ျားက မိမိဘဝအခြေအနေ တိုးတက်လာမည့် အကြောင်းနှင့်  ဆက်စပ်၍  ပြောဆိုသည့်စကား ဖြစ်ကြောင်း၊ ဘဝအခြေအနေကောင်းမွန် တိုးတက်ပြောင်လက်လာပုံ (အနှိုင်းခံ) ကို ပစ္စည်းရွှေချ၍ ပြောင်လက်လာပုံ (အနှိုင်း) နှင့် ခိုင်းနှိုင်းရေးဖွဲ့ထားသောကြောင့်  ဥပမာအလင်္ကာမြောက်ကြောင်း ရှင်းပြဖြေဆိုရမှာ ဖြစ်ပါတယ်။

မေးခွန်း ၃(က) ကတော့ ကဗျာဆိုင်ရာ ဓမ္မဓိဋ္ဌာန် မေးခွန်းတွေဖြစ်ပြီး (၈) ခု မေးပြီး (၅) ခု ဖြေရမှာဖြစ်တယ်။   ဝါကျအပြည့်အစုံရေးသည် ဖြစ်စေ၊ မရေးသည်ဖြစ်စေ၊ အချက်အလက်မှန်လျှင်  အမှတ်ပေးပါတယ်၊  သတ်ပုံမှားလျှင်၊ နံပါတ်စဉ် လွဲနေလျှင် အမှတ်မပေးပါ။ သာဓကအနေနှင့်

(၁)  ကိုးခန်းပျို့
(၂)  ကုန်းဘောင်ခေတ်  စသဖြင့်  နံပါတ်စဉ်အတိုင်း မှန်ကန်စွာ ဖြေရပါမယ်။

မေးခွန်း ၃(ခ) မှာ ကဗျာမေးခွန်းရှည်ဖြစ်ပြီး၊ ဖြေဆိုရာမှာ ကဗျာပါ အကြောင်းအရာကို မေးသလား၊ ကဗျာစာဆိုရဲ့ အဖွဲ့အနွဲ့ကိုပဲ မေးသလား၊ မိမိရဲ့ အတွေးအမြင်၊ ခံစားချက်ကိုပဲ မေးသလား စသည်ဖြင့် သေသေချာချာ ဖတ်ပြီးမှ  မေးခွန်းနှင့် ဘောင်ဝင်အောင် ဖြေတတ်ဖို့ လိုပါတယ်။ သာဓကအနေနဲ့   

တောင်သူကြီး ကဗျာမှပေးသော ရသနှင့်  အသိအမြင်ကို တင်ပြပါဆိုရင်  ရသနှင့်တကွ  ကဗျာကပေးတဲ့ အသိအမြင်ကိုပါ ဖော်ပြဖြေဆိုရမှာ ဖြစ်တယ်။ ကဗျာစာသား အကိုးအကား ကောက်နုတ်ချက်တွေကို အလျဉ်းသင့်သလို ထည့်သွင်းဖော်ပြရပါမယ်။  

မေးခွန်း ၄ (က) နှင့် (ခ) ကတော့  မြန်မာစကားပြေ လက်ရွေးစင်ထဲက မေးတာဖြစ်ပြီး၊ ရှေ့က မေးခွန်း  ၃ (က)၊ (ခ) တို့နဲ့  ဖြေဆိုရမယ့် သဘောတရား အတူတူပါပဲ။ စကားပြေတစ်ပုဒ်ကို ရှုထောင့်အမျိုးမျိုးက မေးနိုင်တဲ့အတွက် အဓိကအချက်နဲ့  ကောင်းမွန်တဲ့ စာသားကောက်နှုတ်ချက်တွေကို အမိအရ ကျက်မှတ်ထားမယ်ဆိုရင် ဘယ်လိုရှုထောင့်ကပဲမေးမေး မိမိရဲ့ ကိုယ်ပိုင်အတင်အပြနဲ့ အံဝင်ခွင်ကျ  ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ သာဓကအနေနဲ့     

စီးချင်းတိုက်ပွဲမှ  သူရဲကောင်းတို့၏ စိတ်ဓာတ်ကို ပေါ်လွင်အောင် ဖော်ပြပါ ဆိုပါစို့၊
ဗျည်းနွဲ့နှင့် ဗညားနွဲ့တို့ရဲ့ တစ်ဦးချင်း တွေ့ရသော သူရဲကောင်းစိတ်ဓာတ်တို့ကို ဖော်ပြပြီး၊ သူရဲကောင်းတို့တွင် ရှိအပ်သော လက်ရုံးရည်၊ နှလုံးရည် အရည်အချင်းတို့ကို ထင်ရှားပေါ်လွင်လာအောင် စကားပြေပါ စာသားအကိုးအကားတို့နဲ့ ဖြေဆိုတင်ပြရမှာ ဖြစ်တယ်။

မေးခွန်း ၅(က) ရေသည်ပြဇာတ် စကားစပ်မေးခွန်း ဖြစ်ပါတယ်။ ပေးထားတဲ့စာပိုဒ်ဟာ ဘယ်အခန်းက၊ ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘာအကြောင်းနှင့် ဆက်စပ်ပြီး၊ ဘယ်လိုပြောတယ် ဆိုတာကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ရေးနိုင်ရမယ်။ စာပိုဒ်ရဲ့ အဓိပ္ပါယ်ကိုဖြေတဲ့အခါ မူရင်းစာပိုဒ်အတိုင်း ပြန်မရေးရပါဘူး၊ မပါတဲ့စကားကို ဖြည့်ပြီးထည့်ရေးတာမျိုးလည်း မဖြစ်ရပါ။ ဆိုလိုရင်း အဓိပ္ပါယ်ကို ဖြေတဲ့အခါ မိမိစကားနှင့် ပြေပြေပြစ်ပြစ်  ရေးသာဖို့ လိုပါတယ်။    

မေးခွန်း ၅ (ခ) အကြောင်းအရာ မေးခွန်းမှာတော့  (၂) ပုဒ်မေး  (၁) ပုဒ် ဖြေရမဲ့ မေးခွန်းဖြစ်တယ်။ မေးတဲ့မေးခွန်းနဲ့ မသက်ဆိုင်တဲ့ အချက်အလက်တွေကို ထည့်ပြီးမရေးရပါ၊ ကိုယ်ပိုင်စကားပြေနဲ့ ရေးရမှာဖြစ်ပြီး စာဆိုဦးပုညရဲ့ စကားအသုံးအနှုန်းတွေ၊ ပြဇာတ်စာသား အကိုးအကားတွေ ထည့်သွင်းရေးသားရမယ်။  သာဓကအနေနဲ့ ရေသည်ယောက်ျားရဲ့ ပုံပန်းသွင်ပြင်နဲ့ ဘဝသရုပ်ကို ဖြေမယ်ဆိုပါစို့။ရေသည်ယောက်ျားရဲ့ ရုပ်အသွင်အပြင်၊ ဝတ်စားဆင်ယင်ပုံနဲ့  ဘဝအခြေအနေတို့ကို ပြဇာတ်ပါ ဇာတ်လမ်းနဲ့   စိတ်ဝင်စားဖွယ်  ဆက်စပ်ပြီး ဖြေပေးရမှာ ဖြစ်တယ်။ 

မေးခွန်း  (၆) ကတော့ စာစီစာကုံးမေးခွန်းပါ။ မေးခွန်း (၆) ပုဒ်မှာ နောက်ဆုံးမေးခွန်း ဖြစ်ပြီး အမှတ်အများဆုံး ပေးထားတာမို့  သေသေချာချာ ဖြေဆိုဖို့ လိုပါတယ်။ မြန်မာစာဂုဏ်ထူးရလိုသူအတွက် သော့ချက်လည်း ဖြစ်တယ်။ အကြောင်းအရာမတူတဲ့ ခေါင်းစဉ် (၃) ခု ပေးထားပြီး  နှစ်သက်ရာ တစ်ခုကိုသာ ရွေးပြီးရေးရမယ်။   စကားပြောဟန်နဲ့ မရေးရဘဲ စာဟန်နဲ့ ရှင်းလင်းပြေပြစ်စွာ ရေးသားရမယ်။  

နံနက်ဆည်းဆာ၊ ရွှေလသာသော ည လို မြင်ကွင်းတစ်ခုကို သရုပ်ဖော်ရတဲ့ စာစီစာကုံးမျိုး၊  
မိုးသည်းထန်သော နေ့တစ်နေ့၊
ကျွန်ုပ်၏ တစ်နေ့တာ လို ဖြစ်ရပ်တစ်ခုကို စီကာ စဉ်ကာရေးရတဲ့ စာစီစာကုံးမျိုး၊

မတ်ဆရာ၊  ယဉ်ကျေးသိမ်မွေ့ခြင်းတို့လို ဖွင့်ဆိုရှင်းပြ စာစီစာကုံးမျိုး၊
နှုတ်ချို သျှိုတစ်ပါး၊ ပညာသည်ဘဝရှေ့ဆောင် ကဲ့သို့   ကြောင်းကျိုးဆက်စပ်ရေးရတဲ့ စာစီစာကုံးမျိုးတွေကို လေ့ကျင့်ထားဖို့ လိုတယ်။

စာစီစာကုံး ရေးသားရာမှာ ပေးထားတဲ့  ပုံကြမ်းအချက်အလက်များကို အခြေခံပြီး ဆင့်ပွားချဲ့ထွင် တွေးမြင်ရေးသားတင်ပြရမှာ ဖြစ်တယ်။ ကိုယ်တိုင်ဖတ်၊မှတ်၊ လေ့လာဖူးတဲ့ စကားပုံ၊ ဆိုရိုး၊ ဇာတ်ဝတ္ထု၊ ပုံပြင်တွေ၊ ကျောင်းသင်ခန်းစာတွေထဲက စကားပြေ၊  ကဗျာပါ အကြောင်းအချက်တွေကိုလည်း ထည့်သွင်း၊  ကိုးကားဖြေဆိုနိုင်ပါတယ်။ နိဒါန်းရေးသားရာမှာ စာတစ်ပိုဒ်ထဲသာ ရေးရမှာဖြစ်ပြီး မတိုမရှည် ဖြစ်ရပါမယ်။

နိဒါန်းဟာ မိမိရေးတဲ့ အကြောင်းအရာရဲ့ အဖွင့်သဘော ဖြစ်တာမို့ စိတ်ဝင်စားပြီး ဆွဲဆောင်မှု ရှိအောင် ရေးနိုင်ရမယ်။ စာကိုယ်မှာတော့ ပေးထားတဲ့ ပုံကြမ်းအချက်အလက်တွေနဲ့ အညီဆီလျော်တဲ့ နေရာတွေမှာ စာတွေ့သာဓကတွေ၊ အကိုးအကားတွေ၊ ကိုယ်တွေ့အချက်အလက်တွေကို အဆက်အစပ်မိအောင် ရေးသားရမယ်။ နိဂုံးစာပိုဒ်ကိုလည်း ပေးထားတဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီမှုရှိပြီး စာတစ်ပိုဒ်ထဲဖြင့်သာ အကျဉ်းချုပ် တင်ပြရမှာ ဖြစ်တယ်။ စာစစ်သူ နှစ်သက်နိုင်လောက်အောင် အဆုံးသတ် ရေးသားရမှာလည်း ဖြစ်ပါတယ်။

မိမိစာစီစာကုံးဟာ ရှေ့ပိုင်းမှာ ဘယ်လောက်ပင်ကောင်းမွန်အောင် ရေးထားပါစေ နိဂုံးမပါခဲ့ရင်၊ စာစီစာကုံးအင်္ဂါရပ်နဲ့  မပြည့်စုံတာမို့ ရမှတ်များစွာ ဆုံးရှုံးသွားနိုင်တာကို သတိပြုရပါမယ်။

ခြုံပြီးပြောရရင် မြန်မာစာဘာသာရပ် မေးခွန်းကို ဖြေဆိုရာမှာ တိကျသေချာစွာ ကျက်မှတ်လေ့ကျင့်ထားမှု စာလုံးပေါင်းသတ်ပုံ မှန်ကန်မှု၊ ပုဒ်အထားအသိုနဲ့ ဝါကျဖွဲ့ထုံး မှန်ကန်မှု၊ ဝါကျတစ်ခုနှင့်တစ်ခု၊ စာပိုဒ်တစ်ပိုဒ်နှင့်တစ်ပိုဒ် ပြေပြစ်၊ ညီညွတ်စွာ ချိတ်ဆက်နိုင်မှု၊  လက်ရေးလက်သား သပ်ရပ်သန့်ရှင်းမှု စတဲ့ အရည်အချင်း၊ အရည်အသွေးတွေနဲ့ ကောင်းမွန်မှန်ကန်စွာ ဖြေဆိုနိုင်မယ်ဆိုရင် ဂုဏ်ထူးမှတ်နဲ့ ထိုက်တန်တဲ့  အဖြေလွှာတစ်ခု    ဖြစ်လာမှာပါ။

၂၀၁၇  ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြမယ့် မောင်တို့၊ မယ်တို့ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာစွာနဲ့ ကောင်းမွန်စွာ ဖြေဆိုနိုင်ကြပါစေ။


ဒေါက်တာစမ်းစမ်းကြည်၊ တွဲဖက်ပါမောက္ခ
မြန်မာစာဌာန၊  ရန်ကုန်တက္ကသိုလ်။