POST TYPE

EDUCATION GUIDE

ချီးဗနင်းပညာသင်ဆု သြဂုတ်လ ၆ရက် စတင်လျှောက်နိုင်မည်
04-Aug-2018

ရန်ကုန်၊ သြဂုတ် ၎

ဗြိတိန်နိုင်ငံတွင် မဟာဘွဲ့တက်ရောက်လိုသူများအတွက် ဗြိတိန်အစိုးရက ချီးမြှင့်သည့် ချီးဗနင်းပညာသင်ဆုကို ယခုလ ၆ ရက်တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးထံမှ သိရှိရသည်။

ပညာသင်ဆုရရှိသူများအနေနှင့် ဗြိတိန်နိုင်ငံ တက္ကသိုလ်များတွင် တစ်နှစ်ကြာ ပညာသင်ယူခွင့်ရရှိမည်ဖြစ်ကာ အသွား၊ အပြန်ခရီးစရိတ်များ အပါအဝင် ပညာသင်နေစဉ်ကာလအတွင်း နေထိုင်၊ စားသောက် စရိတ်အားလုံးကို ဗြိတိန်အစိုးရက ထောက်ပံ့မည်ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာဗြိတိသျှသံအမတ်ကြီး ဒန်ချက်က “ချီးဗနင်းပညာသင်ဆုအတွက် ရွေးချယ်လိုက်ပြီဆိုတာနဲ့ အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေရဖို့ တံခါးဖွင့်ပေးမယ့် ယူကေ(ဗြိတိန်)ရဲ့ ပထမတန်းစာပညာရေးကို ရရှိမှာဖြစ်ပါတယ်”ဟု ပြောကြားသည်။

ဗြိတိန်အစိုးရ၏ နိုင်ငံတကာ ပညာသင်ဆုအစီအစဉ်အဖြစ် ယခုနှစ်အတွက် မြန်မာကျောင်းသား ၁၅ ဦး အပါအဝင် ကမ္ဘာတစ်ဝန်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅၀၀ ဦးကို ပညာသင်ဆုပေးမည်ဖြစ်သည်။

ပညာသင်ဆုလျှောက်ထားသူများအနေနှင့် IELTS အနိမ့်ဆုံးရမှတ် ၆ ဒသမ ၅ ရရှိထားရမည်ဖြစ်ကာ နိုဝင်ဘာလ ၆ ရက်နောက်ဆုံးထား၍ www.chevening.org/apply တွင် ဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်သည်။

ချီးဗနင်းပညာသင်ဆု အစီအစဉ်ကို ၁၉၈၃ ခုနှစ်တွင်စတင်ခဲ့ပြီး နိုင်ငံပေါင်း ၁၆၀ ကျော်မှ ကျောင်းသား၊ ကျောင်းသူ ၅၀,၀၀၀ ကျော်ကို ပညာသင်ဆု ပေးအပ်ပြီးဖြစ်ကာ ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာရရုံး၊ အခြားမိတ်ဖက်အဖွဲ့အစည်းများက ငွေကြေး ထောက်ပံ့ပေးခြင်းဖြစ်သည်။

J-19