News

POST TYPE

EDITORIAL

ပျားအုံကို တုတ်နှင့် မထိုးစေလို (Daily, Vol-4/No-78)
11-Jul-2016
ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်တင်မြှောက် ခံထားရသည့် အစိုးရသက်တမ်း ရက် ၁၀၀ ကာလသို့ ရောက်ရှိလာချိန်တွင် ထုံးစံအတိုင်း ကောလာဟလများကို အခြေခံသည့် စိုးရိမ်သောကများနှင့် အပြောအဆို မဆင်ခြင်မှုကြောင့် လှုပ်ခတ်မှုများ အစပျိုးလာခဲ့သည်ကို တွေ့ရသည်။

စင်စစ်အားဖြင့် လက်ရှိ မြန်မာနိုင်ငံသည် နယ်ပယ်အားလုံးတွင် ပြဿနာ ကြိုးစများစွာ ရှိနေသည့်အပြင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းထက် နှုတ်မိန့်ဖြင့် ထင်သလို စီမံခန့်ခွဲခဲ့သည့် အကျိုးဆက်များစွာကြောင့် အရာရာကို အစမှ ပြန်လည် ပြုပြင်ပျိုးထောင်ရမည့် ဟောင်းနွမ်းဆွေးမြည့်နေသော အိမ်အိုကြီးတစ်လုံးနှင့် အလားသဏ္ဌာန် တူပေသည်။

ယင်းအခြေအနေတွင် မည်သည့်အစိုးရမဆို သမားရိုးကျ ကြုံတွေ့ရတတ်သည့် ပြဿနာအချို့ကို တစ်ဆိတ်တစ်အိတ် လုပ်ကာ အဆိုးမြင်၊ အပြစ်ပြောနေကြသူများ ရှိသကဲ့သို့ လွန်ကဲသော ချစ်စိတ်ဖြင့် အရာရာ ထောက်ခံအားပေးနေကြသူများလည်း ရှိပေသည်။

ထိုကဲ့သို့ အစွန်းနှစ်ဖက် ရောက်နေသော ဆန့်ကျင်၊ ထောက်ခံစိတ် သို့မဟုတ် ရန်ငါစည်းခြားသည့် ဓလေ့သည် ဆန့်ကျင်ဘက် အုပ်စုများ အကြားတွင် သာမက အုပ်စုဝင် အချင်းချင်း အကြားတွင်ပင် ရှိနေတတ်သောကြောင့် အုပ်စုတိုက်ပွဲ နယ်ပယ်ကျယ်ပြန့်လာသည့် သဘော ရှိသည်။

မြန်မာ့နိုင်ငံရေးသမိုင်းမှ သင်ခန်းစာ၊ အဖြစ်အပျက်များအရ လက်ရှိ မြန်မာ့နိုင်ငံရေး လောကတွင်လည်း အုပ်စုတွင်း တိုက်ပွဲများ၊ အုပ်စုများအကြား တိုက်ပွဲများ၊ ယင်းအုပ်စုကွဲများကို ထောက်ခံ၊ ဆန့်ကျင်သူများအကြား တိုက်ပွဲများဖြင့် နိုင်ငံရေး မိုးသက်မုန်တိုင်းသဖွယ် ဖြစ်လာသည်။

အုပ်စုဝင် အချင်းချင်း အကွဲအပြဲ၊ အုပ်စုများအကြား သူသေ၊ ကိုယ်သေ တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ ပြဿနာ၊ ပဋိပက္ခကို ဦးတည်သော သွေးထိုး၊ လှုံ့ဆော်၊ ဘေးတီးမှုများ၊ ပုံကြီးချဲ့မှုများက ကောလာဟလပုံစံ၊ ဖော်ထုတ်ဖွင့်ချမှု ပုံစံမျိုးဖြင့် မီဒီယာမျိုးစုံ၊ သတင်းရင်းမြစ်မျိုးစုံမှ တစ်ဆင့် လူမှုအသိုင်းအဝိုင်းများအတွင်း ဝင်ရောက်လာတတ်သည်။

ထိုအခြေအနေမျိုးတွင် အာဏာသုံးရပ်တွင် ထိပ်တန်းတာဝန်ရှိသူများ အနေနှင့် မိမိတို့ ကြံစည်၊ တွေးခေါ်၊ လုပ်ကိုင်၊ ဆောင်ရွက်၊ ပြောဆိုသမျှ ကိစ္စရပ် အားလုံးကို ဉာဏ်ပညာ၊ သတိနှင့်ယှဉ်ကာ အများပြည်သူထံ ပြန်ကြားထုတ်ပြန်သင့်ပေသည်။

စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် အရေးတကြီး ဆောင်ရွက်လုပ်ကိုင်စရာ၊ ပြုပြင်တည်ဆောက်စရာ၊ ကိုင်တွယ်ဖြေရှင်းစရာ ကိစ္စရပ်ပေါင်းများစွာ၊ ပြဿနာပေါင်းများစွာ ရှိနေသည့်ကြားက ယမ်းအိုးနှင့်တူသော ထိရှလွယ်၊ ခံစားလွယ် ပြဿနာ ကြိုးစများကို မဆွဲမိစေရန် သတိကြီးကြီး ထားသင့်ပေသည်။

အထူးသဖြင့် အချို့ပြဿနာများသည် တမင်ဆင်ထားသော ထောင်ချောက်များ ဖြစ်နေနိုင်သောကြောင့် ထောင်ချောက်မှန်း မသိ၍ မတော်တဆ ဝင်သွားခြင်းမျိုးကို နားလည်ပေးနိုင်သော်ငြား ထောင်ချောက်ဆင်ထားမှန်း သိသာနေသည့် ပြဿနာ ပျားအုံမျိုးကို လိမ္မာပါးနပ်စွာ ရှောင်ရှားရမည့်အစား တုတ်နှင့် သွားထိုးသကဲ့သို့ ဖြစ်သွားပါက နောက်ဆက်တွဲ ပြဿနာများ ကြီးမားသွားနိုင်ကြောင်း သိစေလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁၀-၇-၂၀၁၆)