News

POST TYPE

EDITORIAL

“ကကြီး” ပြီးလျှင် “ခခွေး” ပေါ်လာစေချင် (Daily, Vol-5/No-58)
18-Jun-2017 tagged as

ယမန်နေ့က လူမှုကွန်ရက်များပေါ်တွင် မြေအောက်မြို့တော် အကောင်အထည်ဖော်မည်ဟူသည့် ရန်ကုန်မြို့တော်ဝန်၏ ထုတ်ဖော်ပြောဆိုမှုနှင့်ပတ်သက်၍ ရန်ကုန်နေ ပြည်သူများ သာမက မြန်မာနိုင်ငံသားများအကြား ပြောဆို ဝေဖန်စရာ ကိစ္စတစ်ခု ပေါ်ပေါက်လာခဲ့သည်။ မိုးသည်းထန်စွာရွာ၍ ရေကြီးရေလျှံ ဖြစ်မှုများ မကြာခဏ ကြုံတွေ့ရခြင်း၊ လျှပ်စစ်မီး ပြတ်တောက်မှု မကြာခဏဖြစ်ခြင်း၊ ယာဉ်ကြောပိတ်ဆို့ခြင်း စသော ပြဿနာပေါင်း များစွာကို ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် မြေအောက်မြို့တော် တည်ဆောက်မည်ဟူသည့် ကိစ္စမှာ ပြည်သူများအတွက် များစွာ ပြောစရာ ဖြစ်သွားစေသည်မှာ အဆန်းတော့ မဟုတ်ပေ။ သို့သော် မြို့တော်ဝန်ဖြစ်သူက လျှပ်စစ်ဓာတ်အား အပြည့်အဝ ရမည့်အချိန်သည် နံပါတ် ၁ အချက်အနေနှင့် လိုအပ်သည်ဟု ဆိုထားရာ ရန်ကုန်၏ ပထဝီမြေကြီးအောက်ဘက်တွင် မြေအောက်မြို့တော်ကြီးတစ်ခု မည်သည့်အချိန်ကာလတွင် ပေါ်ပေါက်လာနိုင်သည် ဟူသည့်အဖြေမှာလည်း ရှင်းသွားပါသည်။

နိုင်ငံတစ်နိုင်ငံတွင် စနစ်တစ်ခုဖြစ်စေ၊ အစိုးရတစ်ရပ်ဖြစ်စေ အပြောင်းအလဲ ဖြစ်သွားသည်ဆိုပါက၊ သို့မဟုတ် အပြောင်းအလဲ ဖြစ်တော့မည်ဆိုပါက ယင်းစနစ်နှင့် အုပ်ချုပ်သူ အစိုးရအဖွဲ့ဝင်များ အနေနှင့် ယခင်ရှိရင်းစွဲ လူမှုဘဝ အခြေအနေ၊ အဆင့်အတန်းထက် ပိုမိုသာလွန်ကောင်းမွန်လာအောင် လုပ်ဆောင်ပေးနိုင်လိမ့်မည် ဟူသည့်အချက်ကို ပြည်သူတိုင်းက အထူး စိတ်ဝင်စားစမြဲ ဖြစ်ပါသည်။ အခွန်အကောက်ကိစ္စ၊ လျှပ်စစ်မီတာခ၊ အခြေခံပညာရေးအတွက် ကုန်ကျစရိတ်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ တရားဥပဒေ အကာအကွယ် ပေးနိုင်မှု စသည်တို့နှင့်ပတ်သက်၍ ကြုံတွေ့နေရသော အခက်အခဲများအား မည်မျှ အတိုင်းအတာအထိ ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်မည်ဟူသည်ကို စိတ်ဝင်စားခြင်း ဖြစ်ပေသည်။ ထို့အတူ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံများကလို မိုးပျံရထားများ၊ မိုးပျံတံတားများ၊ မြေအောက်ရထားများ စသည့်စသည့် အခြေခံ အဆောက်အဦကောင်းများ အစိုးရသစ် လက်ထက်တွင် ပေါ်ထွန်းလာအောင် လုပ်နိုင်ခြင်း ရှိ၊မရှိကိုလည်း ပြည်သူများ စိတ်ဝင်စားစမြဲဖြစ်ပေသည်။ သို့သော် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများမှ ပြည်သူဖြစ်စေ၊ ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများမှ ပြည်သူပင်ဖြစ်စေ စနစ်သစ်တစ်ခု၊ အစိုးရသစ်တစ်ခု၊ အထူးသဖြင့် မိမိယုံကြည်၍ မဲပေးခဲ့သော အစိုးရသစ် လက်ထက်တွင် မိမိဘဝ လုံခြုံစိတ်ချမှုရှိသည့် အခြေအနေထဲတွင်သာ ရှိလိုသည်မှာ ပြည်သူ၏ တူညီသော သဘော သဘာဝပင်ဖြစ်ပေသည်။ သို့အတွက်ကြောင့် နိုင်ငံရေးပါတီများက အစိုးရအဖွဲ့ဟောင်း၏ နောက်ဆုံး အချိန်ကာလတွင် ယင်းအစိုးရလက်ထက် အားနည်းချက်များ၊ တစ်နည်းအားဖြင့် ပြည်သူလူထုကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့သောကိစ္စများကို ထောက်ရှုပြီး ရွေးကောက်ပွဲ မဲဆွယ်ချိန်၌ အခက်အခဲများ ပြေလည်အောင် လုပ်ပေးနိုင်မည့် အစီအစဉ်များနှင့် ဗျူဟာများ ထုတ်ဖော်ပြသကာ မဲဆွယ်ကြခြင်းဖြစ်သည်။

ထိုသို့ မဲဆွယ်ရာ၌လည်းကောင်း၊ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပြီးနောက် ကတိစကားများကို အကောင်အထည်ဖော်ရာ၌လည်းကောင်း နိုင်ငံရေးသမားများ၊ အစိုးရအဖွဲ့ဝင်များအတွက် အရေးကြီးသည့်အချက်မှာ “ဖြစ်သင့်တာ၊ ဖြစ်ချင်တာနှင့် ဖြစ်နိုင်ခြေရှိတာ”ဟူသည်တို့ကို ကွဲကွဲပြားပြား သိရှိနားလည်ထားရေးပင် ဖြစ်ပါသည်။ အကြောင်းမှာ ပြည်သူဟူသည် အမြဲပင်တစေ “ဖြစ်ချင်တာ”ဟူသည့်ဘက်တွင်သာ ရှိထားရာ လူထုထောက်ခံမှုဟူသည့် အကြောင်းကိစ္စ တစ်ခုတည်း သက်သက်အတွက် ဖြစ်နိုင်ခြေ မရှိသေးသည်များ၊ တစ်နည်းအားဖြင့် အလှမ်းဝေးကွာသည့် အချိန်ကာလရောက်မှ ဖြစ်နိုင်ခြေရှိသည်များကို ထုတ်ပြောမိပါက မိမိတာဝန်ယူထားသော အုပ်ချုပ်ရေးယန္တရားနှင့် မိမိ၏ နိုင်ငံရေးပါတီများ၏ ဂုဏ်သိက္ခာသာ ကျဆင်းသွားနိုင်ခြင်းကြောင့်ဖြစ်သည်။ 

အဓိကပြောချင်သည်မှာ အုပ်ချုပ်ရေး ယန္တရားကောင်းတစ်ရပ်ဟူသည် ယခင် အုပ်ချုပ်ရေး ယန္တရားဟောင်းက “ကကြီး” ဟူသည့်အက္ခရာ ရေးနိုင်ခဲ့လျှင် မိမိက “ခခွေး” ရေးနိုင်အောင် ကြိုးပမ်း အကောင်အထည်ဖော်ရသူဖြစ်ကြောင်း နှင့် “ကကြီး”ကို “ယ”(ယပက်လက်) ဖြစ်သွားအောင် ကြိုးစားသူ မဟုတ်သည်ကို ပြည်သူသိအောင် သက်သက်ပြသရမည်ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၁၈-၆-၂၀၁၇)

  • TAGS