News

POST TYPE

EDITORIAL

ပရော်ဖက်ရှင်နယ်ကောင်းတွေ ဖြစ်စေဖို့ (Daily, Vol-5/No-57)
18-Jun-2017 tagged as

တိုင်းပြည်တစ်ခု တည်ဆောက်ရာမှာ အသိပညာရှင်၊ အတတ်ပညာရှင်တွေ များစွာ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ပညာရပ်မျိုးစုံကို သီးခြားစီ ခွဲထုတ်ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်သူတွေကို မွေးထုတ်ရပါတယ်။ ဒီလိုကျွမ်းကျင်သူတွေက ဆိုင်ရာတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ကြခြင်းဖြင့် နိုင်ငံတစ်ခုကို တိုးတက်ကြီးပွားအောင် လုပ်ဆောင်ကြရပါတယ်။

ဒီနေရာမှာ ပြောလိုတာက ပရော်ဖက်ရှင်နယ် ပီသရေး ဆိုတာပါ။ ပရော်ဖက်ရှင်နယ် ဆိုတာကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရရင် ပညာရပ်တစ်ခု၊ မိမိတာဝန်ယူ လုပ်နေတဲ့ အလုပ်တစ်ခုကို ကကြီးကနေ အ အထိ ကျွမ်းကျင် တတ်သိတဲ့ပညာရှင်လို့ အနီးစပ်ဆုံး ပြောလို့ရပါတယ်။ ပညာရှင်လို့ ပြောလိုက်ရင် မိမိအတတ်ပညာ အသိပညာကို လေးလေးနက်နက် တန်ဖိုးထား လေးစားသူနဲ့ မိမိရဲ့အတတ်ပညာကို ကိုယ်ကျိုးစီးပွားရှာရုံ သက်သက်သာ အသုံးပြုသူဆိုပြီး နှစ်မျိုးခွဲလို့ရပါတယ်။

ပရော်ဖက်ရှင်နယ်တစ်ယောက် ဆိုတာကတော့ ကိုယ်ကျိုးစီးပွားထက် ကိုယ့်ရဲ့ အသိပညာ၊ အတတ်ပညာပေါ်မှာ တန်ဖိုးထားသူတွေကို ခေါ်လေ့ရှိပါတယ်။ ဒါကြောင့်လည်း ပရော်ဖက်ရှင်နယ် ပီသရေးဆိုတဲ့ စကားက ရှေ့ရောက်လာတာပါ။

အထူးသဖြင့် တိုင်းပြည်မှာ အများနဲ့သက်ဆိုင်တဲ့ နေရာတွေဖြစ်တဲ့ ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေနဲ့ ဆိုင်တဲ့ နယ်ပယ်တွေမှာ တာဝန်ထမ်းဆောင်ကြတဲ့သူတွေ ပရော်ဖက်ရှင်နယ် ပီသဖို့ ပိုလိုအပ်ပါတယ်။

အရေးကြီးတာက လုပ်ပိုင်ခွင့် အာဏာရှိတဲ့ အဲဒီလိုနေရာတွေမှာ ရောက်နေသူတွေ ပရော်ဖက်ရှင်နယ် စိတ်ဓာတ်မရှိဘဲ ကိုယ်ကျိုးစီးပွားအတွက် အလုပ် မလုပ်မိကြဖို့ပါပဲ။
 
တရားစီရင်ရေးမှာ ရှိနေတဲ့ တရားရေးဆိုင်ရာ ပညာရှင်တွေ လော်လည် ဖောက်ပြားရင် တရားရေးမဏ္ဍိုင် ပျက်စီးမယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးလည်း အလားတူပါပဲ။ တစ်ခါတစ်ရံမှာ ပညာရပ်ဆိုတာ ထက်မြက်တဲ့ ဓားတစ်ချောင်းလိုပါပဲ။ ကျွမ်းကျင်စွာ ကိုင်တွယ်တတ်သူ လက်ထဲရောက်ရင် ပိုပြီး အစွမ်းထက်သွားပါတယ်။ ကျွမ်းကျင်တတ်မြောက်မှုလည်းမရှိ၊ ပရော်ဖက်ရှင်နယ်စိတ်ဓာတ်လည်း မရှိတဲ့သူတွေရဲ့ လက်ထဲကိုရောက်သွားရင် တတ်မြောက်ထားတဲ့ ပညာဟာ အဆိပ်အတောက်ဖြစ်ပြီး မိမိပတ်ဝန်းကျင်တစ်ခုလုံးကို ပျက်စီးသွားစေနိုင်ပါတယ်။

ဒါကြောင့် ပညာရှင်တွေ ဖောက်ပြားရင် တိုင်းပြည်ပျက်တဲ့အထိ သက်ရောက်မှုတွေ ပြင်းထန်ပါတယ်။

ပြောချင်တာကတော့ နိုင်ငံတစ်နိုင်ငံမှာ ခေါင်းဆောင်ကောင်း အနည်း အကျဉ်းရှိရုံနဲ့ ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး၊ အဲဒီနိုင်ငံ၊ အဲဒီတိုင်းပြည်ရဲ့ အရေးကြီးတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်တွေမှာ ပရော်ဖက်ရှင်နယ် ပီသတဲ့ စိတ်ဓာတ်ရှိသူတွေ ပိုမိုများပြားလာမှသာ အဲဒီနိုင်ငံရဲ့ အနာဂတ်လှပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း မိမိ အသိပညာ၊ အတတ်ပညာကို တန်ဖိုးထားသူများ ဆုံးဖြတ်ချက် ချနိုင်သော နေရာများတွင် ရောက်ရှိလာပြီး နိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းတွေ လျော့သထက် လျော့ပါးသွားအောင် ဖန်တီးနိုင်ကြလိမ့်မယ်ဆို့ ဆန္ဒပြုမိပါတယ်။

အယ်ဒီတာ (၁၇-၆-၂၀၁၇)

  • TAGS