News

POST TYPE

EDITORIAL

အားကိုးထိုက်တဲ့ မျိုးဆက်သစ်တွေ ဖြစ်ဖို့ (Daily, Vol-4/No-77)
10-Jul-2016
မျိုးဆက်သစ်လို့ ပြောလိုက်ရင် နုနယ်ပျိုမျစ်ပြီး အရာရာကို စူးစမ်းချင်စိတ်၊ လေ့လာသင်ယူချင်စိတ် အပြည့်၊ ဖြတ်သန်းလာတဲ့ ပတ်ဝန်းကျင်အပေါ် မူတည်ပြီး အတော်လေး ရိုးသားမှုရှိကြတဲ့ လူငယ်တွေကို ပြေးမြင်မိကြမယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းဆီက နိုင်ငံ့တာဝန်တွေ ပခုံးပြောင်းထမ်းဖို့ အသင့် ဖြစ်ကြပြီလား၊ ထမ်းနိုင်တဲ့ အင်အားနဲ့ အရည်အချင်းတွေရော ရှိကြပြီလား၊ ထမ်းဖို့အတွက် လုံလောက်တဲ့ အသိဉာဏ်၊ ဆင်ခြင်တုံတရား၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိကြပြီလားဆိုတဲ့ မေးခွန်းတွေ ပေါ်လာတယ်။

တချို့ ကံကောင်းတဲ့ လူငယ်တွေကတော့ မိဘ၊ ဆရာကောင်း၊ သင်ယူလေ့လာဖို့ ပတ်ဝန်းကျင် ကောင်းတွေကြောင့် အထက်ဆိုခဲ့ပါ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်နေကြပြီလို့ ပြောနိုင်ပေမယ့် သန်း ၂ဝ နီးပါးလောက် ရှိတဲ့ မြန်မာလူငယ် အားလုံးရဲ့ ရာခိုင်နှုန်း အများစုက အဲဒီ အရည်အချင်းတွေနဲ့ ခပ်လှမ်းလှမ်းမှာပဲ ရှိနေသေးတယ်။

ဒီဘက်ခေတ် လူငယ်တော်တော်များများ အိုင်တီလို၊ တစ်ကိုယ်ရေသုံး အီလက်ထရွန်နစ်ပစ္စည်းလို ခေတ်ပေါ် နည်းပညာတွေနဲ့ ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်မှု၊ ပိုင်နိုင်ကျွမ်းကျင်မှု ရှိကြပေမယ့် ဗဟုသုတပိုင်းမှာ အတော်လေး အားရစရာမရှိတာ တွေ့ရတယ်။

အနီးစပ်ဆုံး အနေနဲ့ ပြောရရင် ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ အစီအစဉ် တချို့မှာ ပရိသတ်ကိုယ်တိုင် ပါဝင်နိုင်တဲ့ ပြိုင်ပွဲတွေ၊ ပဟေဠိ ဉာဏ်စမ်း မေးခွန်းဖြေဆိုမှုတွေကို ကြည့်လိုက်ရင် လွယ်ကူတဲ့ မေးခွန်းလေးတွေတောင် မဖြေနိုင်တာတွေ၊ တလွဲတချော် ဖြေတာတွေ တွေ့နေရတယ်။

အနိုင်ရသွားတဲ့ အဖွဲ့၊ ချန်ပီယံ နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်းဖြစ်သွားတဲ့ အဖွဲ့တွေကို ကြည့်လိုက်ရင်လည်း သူတို့ တော်လို့ဖြစ်တာ မဟုတ်ဘဲ တစ်ဖက်အသင်းက သူတို့ထက် တော်တော်ကြီး ညံ့နေတဲ့အတွက် တစ်ဖက်က အမှားကြောင့် ချန်ပီယံ ဖြစ်သွားကြတာ များနေတယ်။

သူတို့ မဖြေနိုင်တဲ့ မေးခွန်းတွေကို အကြမ်းအားဖြင့် ကြည့်လိုက်ရင် ပတ်ဝန်းကျင် စူးစမ်းလေ့လာမှု အားနည်းချက်နဲ့  ပထဝီဝင်လို ဘာသာရပ်ကို အခြေခံ မပိုင်နိုင်တာက အများဆုံး ဖြစ်နေတာ သတိပြုမိတယ်။
ဥပမာ - တွင်းထွက်ပစ္စည်းလို့ ပြောရင် ဘယ်အရာတွေကို အရင်ဆုံး မြင်မိသလဲဆိုတဲ့ မေးခွန်းမျိုးကို လျှပ်စစ်၊ မီးသွေးဆိုပြီး ဖြေဆိုနေကြပြီး မြို့နာမည် ပြောလိုက်တာနဲ့ ဘယ်ပြည်နယ်၊ တိုင်းဒေသမှာ ရှိသလဲဆိုတာ မသိကြတော့တာ မြင်တော့ အခြေခံပညာ အဆင့်မှာ ပထဝီ ဘာသာရပ်ကို အနိမ့်ဆုံးအဆင့် တီးမိခေါက်မိတောင် မရှိတဲ့သဘော သွားတွေ့ရတယ်။

ဘာဖြစ်လို့ လူငယ်တွေ ဒီလောက် ဗဟုသုတ နည်းသွားရတာလဲလို့ မေးစရာ ရှိတယ်။ အကြောင်းကတော့ ဗဟုသုတ ရှိအောင် လုပ်ပေးတဲ့ ပတ်ဝန်းကျင် မဟုတ်လို့ဘဲ။ ပတ်ဝန်းကျင်လို့ ပြောတဲ့နေရာမှာ မိဘ၊ ဆရာ၊ နေထိုင်တဲ့ အရပ်ဒေသ၊ တက်တဲ့ကျောင်း၊ သင်တဲ့ ပြဋ္ဌာန်းချက် စာအုပ်၊ သင်ရိုးညွှန်းတမ်း၊ သင်ထောက်ကူပစ္စည်း၊ ကျောင်းတွင်း၊ ကျောင်းပြင် လက်တွေ့ လှုပ်ရှားမှုတွေ အားလုံး ပါနေတယ်။

မြန်မာပြည်ရဲ့ ပြည်နယ်နဲ့ တိုင်းဒေသအလိုက် ရှိနေတဲ့ လူဦးရေ၊ လူမျိုး၊ မြေမျက်နှာပြင်၊ အဓိက မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရာသီဥတု၊ သဘာဝပေါက်ပင်၊ စိုက်ပျိုးသီးနှံ၊ သယံဇာတ၊ စက်မှုလုပ်ငန်း၊ ကွန်တိုမြေပုံကြည့်နည်း၊ ဂရပ်ဖ် ရေးဆွဲနည်း၊ လက်တွေ့ စူးစမ်းလေ့လာရေးခရီး စတာတွေကို အခြေခံကျကျ၊ လက်တွေ့ပါပါ သင်ပေးတဲ့ ပထဝီဝင်လို ဘာသာရပ်မျိုး ဒီဘက်ခေတ် မျိုးဆက်သစ် လူငယ်တွေ ကျကျနန မသင်ကြရတာက အကြောင်းတစ်ခုပေါ့။

အဲဒီလိုဖြစ်စေတဲ့ အကြောင်းအရင်း နောက်ကွယ်မှာရှိတဲ့ အဓိက အကြောင်းတရားက ပညာရေးမူဝါဒလို့ ဆိုရမယ်။ အဲဒီ ပညာရေး မူဝါဒကို ပြဋ္ဌာန်းတဲ့ အုပ်ချုပ်ရေးစနစ်၊ အဲဒီ အုပ်ချုပ်ရေးစနစ်ကို အကောင်အထည် ဖော်တဲ့ အစိုးရ၊ အဲဒီအစိုးရ လုပ်ချင်သလို လုပ်နေတာကို ထိန်းညှိ မပေးနိုင်တဲ့၊ လွှတ်တော်ဆိုပြီး တစ်ပတ်လည် မြင်ကြည့်နိုင်တယ်။

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အကြံပြုချင်တာက လွှတ်တော် အသီးသီးက လွှတ်တော်အမတ်တွေ၊ ဒေသနဲ့ ပြည်ထောင်စု အစိုးရအသီးသီးက တာဝန်ရှိသူတွေ အနေနဲ့ လူကြိုက်များ၊ ပွဲဆူပြီး အပေါ်ယံဆန်တဲ့ ကိစ္စရပ်တွေထက် လူငယ်တွေအတွက် တစ်နည်းပြောရရင် အနာဂတ် မျိုးဆက်သစ်တွေအတွက် ပညာရေးကိစ္စလို အရေးကြီးတာတွေကိုလည်း လုပ်ကြဦးလို့။ 

အနိမ့်ဆုံးအဆင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ဖတ်စာအုပ်တွေ မင်ကျမင်န ကောင်းဖို့၊ ပါတဲ့ရုပ်ပုံ၊ ဓာတ်ပုံတွေ ကြည်လင်ပြတ်သားဖို့၊ အချိုးအစားမှန်ဖို့၊ သတ်ပုံ အကျအပေါက် ကင်းဖို့၊ စက္ကူ အရည်အသွေး သင့်တင့်လျောက်ပတ် ဖြစ်ဖို့လောက်ကို စစ်ဆေးကြည့်ကြဦး၊ လွှတ်တော်မှာ မေးခွန်းမေးတဲ့ အဆင့်လောက် လုပ်ပေးကြဦးလို့ ပြောလိုက်ပါရစေ။

အယ်ဒီတာ (၉-၇-၂ဝ၁၆)