News

POST TYPE

EDITORIAL

ပြန်လည်ငယ်ရုပ်ဆင် အသက်ဝင်ဖို့ လိုနေသော သမိုင်းဘာသာ
07-Jul-2016
‘ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၅-၁၆ ပညာသင်နှစ်၌ သမိုင်းဘာသာဖြင့် တက်ရောက်သူမရှိ’ ဟူသော သတင်းထွက်လာအပြီးတွင် အံ့ဩထိတ်လန့်သံ၊ ဝေဖန်သံ စသည့်မှတ်ချက်မျိုးစုံ ထွက်ပေါ်လာပြီး အပြင်လောက ရပ်ဝန်းတွင်သာမက လူမှုကွန်ရက်နယ်ပယ် အထိပါ ပျံ့နှံ့ ဆူညံသွားတော့သည်။ အဓိကအားဖြင့် ထိုဆူညံသံသည် သက်ကြီးပိုင်းနှင့် လူလတ်အရွယ်တို့၌ ပို၍ပင် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။ တက်ရောက်သင်ကြားရမည့် လူငယ်ကျောင်းသားတို့ ကြားတွင်ကား လှုပ်လှုပ်ခတ်ခတ် မဖြစ်လှ။ ခေတ်စကားနှင့် ပြောရလျှင်မူ ထိုသတင်းမှာ လူငယ်တို့ အသိုင်းအဝိုင်း၌ ဟော့မဖြစ်ဟု ဆိုရမည်ပင်။ ထိုအတွက်လည်း ကျောင်းသားလူငယ်တို့ကို အပြစ်မဆိုအပ်ပေ။ ပညာသင်ကြားရေး ဆိုသည်မှာ အနာဂတ် အချိန်အခါတွင် အလုပ်အကိုင်အခွင့် အလမ်းနှင့် လက်တစ်ကမ်းနီးစပ်ဖို့ အဓိကပင် မဟုတ်ပါလား။ သေချာ လေ့လာကြည့်လျှင်မူ သမိုင်းဘာသာမှမဟုတ်။ လတ်တလောရေပန်းစား နေသည့် အင်ဂျင်နီယာများတွင်လည်း အလုပ်အကိုင် ပွင့်လန်းသည့်မေဂျာ များသာ သင်ကြားလိုသူ ကျောင်းသားများ စုပြုံတိုးနေလျက်ရှိပြီး ဤသို့မဟုတ်ဘဲ အခွင့်အလမ်းနည်းသော မေဂျာများတွင် လျှောက်ထားလိုသူ ကျောင်းသားနည်းတတ်သည်မှာ၊ ပညာရေးလောကတွင် ဖြစ်ပျက်နေ သည်မှာ အချိန်ကာလ ကြာညောင်းနေပြီ ဖြစ်ပါသည်။ မဖြစ်မနေ အပြစ်တင်ရရင် သမိုင်းဘာသာ ဤကဲ့သို့ အဖြစ်မျိုး တိုးအောင်လုပ်သွားသည်မှာ ခေတ်အဆက်ဆက် အုပ်စိုးသူများ၊ ကျင့်သုံးခဲ့သည့် ပညာရေးစနစ်နှင့် ယခု အချိန်တွင် ထိုသတင်းနှင့်ပတ်သက်ပြီး အံ့ဩထိတ်လန့်နေကြသည့် လူလတ်အရွယ်၊ လူကြီးများကိုသာ လက်ညှိုးထိုးရပါလိမ့်မည်။

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ တည်ဆောက်ရေး၊ လူမှုစီးပွားယဉ်ကျေးမှု စသည့် အခန်းကဏ္ဍမျိုးစုံအတွက် အလွန်တရာ အရေးပါလှသော ဘာသာရပ်တစ်ခု ဖြစ်သည့် သမိုင်းပညာကြီးတစ်ခုလုံး နေညိုနေရသည်မှာ ပြန်လည်ထူထောင်စ တိုင်းပြည်တစ်ပြည် အတွက် ဘယ်ရှုထောင့်က ကြည့်ကြည့် အားတက်ဖွယ်အရေးတစ်ခု မဟုတ်ပါ။ အမှန်တော့ သမိုင်းဆိုသည်မှာ နားလည်သလို ပြောရမည်ဆိုပါက အရင်မျိုးဆက်များ၏ ပခုံးပေါ် နှောင်းလူ တို့က တက်ကြည့်ခွင့်ရသည့် ပညာကြီးတစ်ခုပင် ဖြစ်ပါသည်။ သည်လို မျိုးဆက်ဟောင်းတို့၏ ပခုံးပေါ် တက်ကြည့်ရင်းဖြင့်ပင် ရှိရင်းစွဲ သိပ္ပံပညာတွေ ပိုတိုးတက်လာသည်။ ရှိရင်းစွဲ စီးပွားရေးစနစ် နဂိုကထက် ပိုကောင်းလာသည်။ ရှိရင်းစွဲ ပညာရေးစနစ်လည်း ပိုမြင့်လာရသည်။

ထိုအကျိုးကျေးဇူးများသည် သမိုင်းကိုသိမှ၊ လေ့လာနိုင်မှ ခံစားရမည်ဖြစ်သော အရာများ ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ မျိုးဆက်ဟောင်းတို့၏ ပခုံးကို အသုံးမချနိုင်သည်ဆိုပါက လူသားမျိုးနွယ် တစ်ခုလုံး၏ တိုးတက်မှုဖြစ်စဉ် ရပ်တန့်သွားရပါလိမ့်မည်။ သို့အတိုင်းဆိုပါက မျိုးဆက်ဟောင်း များ၏ ပခုံးပေါ်တက်၍ သူတို့တစ်တွေ ‘ဘာတွေမှားခဲ့သည်၊ ဘယ်အရာတွေ မှန်ခဲ့သည်’ စသော သင်ခန်းစာများ၊ အတုယူစရာများကို မယူတတ်ပါလျှင်မူ သမိုင်းဘာသာမတတ်ဟု ကောက်ချက် ချရပါလိမ့်မည်။ ဤအတိုင်းဆိုလျှင် ကျွန်တော်တို့နိုင်ငံတွင် သမိုင်းဘာသာ အရောင်မှိန်လာခဲ့သည်မှာ ယခုအချိန်မှ မဟုတ်။ အတော်ပင် အချိန်ကြာခဲ့ပြီဟု ဆိုနိုင်ပါလိမ့်မည်။ ကျွန်တော် အခြေခံပညာအတန်းများတွင် သင်ကြားခဲ့ရသည့် မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းမှ စာများသည် သမိုင်း၏ အနှစ်သာရများဖြစ်ကြသော ဘဝအတွက် သင်ခန်းစာယူစရာ အတုယူစရာများ အဖြစ် ရောက်မလာဘဲ လမ်းခုလတ် မှာပင် အလွတ်ကျက်စနစ် အောက်တွင် မေ့ပျက် ပျောက်ဆုံးသွားခဲ့ရပါ တော့သည်။

သမိုင်းဘာသာသည် အလုပ်အကိုင်များကိုလည်း ဖန်တီးပေးနိုင်ပါသည်

သမိုင်းဘာသာရပ်နှင့် ပတ်သက်လျှင် မြန်မာကို ကမ္ဘာက သိစေနိုင်သော ပညာရှင်ကြီးတစ်ဦး ရှိခဲ့ဖူးပါသည်။ ထိုသူမှာ အားလုံးသိကြပြီးသား ဆရာကြီးဒေါက်တာသန်းထွန်း ဖြစ်ပါသည်။ ဆရာကြီး၏ သမိုင်းသုတေသန အလုပ် ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ပုံကို ဆရာကြီး၏တပည့် ဆရာဝင်းမောင်က ဤသို့ ရေးဖွဲ့ခဲ့ပါသည်။

“အခု ဆရာ့ကို ကျွန်တော်တို့ ဖေးမတွဲပေးနေရပြီ။ အတက်အဆင်းမှာ ပိုဂရုစိုက် ထိန်းပေးနေရတယ်။ တရွေ့ရွေ့ တဖြည်းဖြည်း။ သန်တုန်းမြန်တုန်းက နိုင်ငံတစ်နံတစ်လျား သွားလာခဲ့တဲ့ ဆရာ့ခြေထောက်တွေ တုံ့ဆိုင်းကုန်ပြီ။ စိတ်ရှိတိုင်း သယ်လို့မရတော့။ စိတ်သွားတိုင်း ကိုယ်မပါတော့။ ဟုတ်မှာပေါ့လေ။ ဆရာ့အသက်က ၇၆ နှစ် ရှိပြီပဲ။ သမိုင်းသုတေသန အလုပ်ကို ဝါသနာကြီးလွန်းလို့ ဒီအသက်ဒီအရွယ်အထိ ဒီလောက် အပင်ပန်းခံပြီး သွားလာရှာဖွေနေတာပဲ” ဟူ၍ ဆရာကြီး၏ သမိုင်းပညာ မက်မက်မောမော ရှာဖွေပုံကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးခဲ့ဖူးပါသည်။

ဆရာကြီး ဒေါက်တာသန်းထွန်း၏ သမိုင်းပညာ အတိမ်အနက်မှာ ဤမျှဖြင့်မပြီး။ သမိုင်းပညာကို အနာဂတ် အလုပ်အကိုင်ဖြင့် ဆက်စပ် ပြခဲ့သေးသည်။ ထိုအချက်သည် ယနေ့ခေတ် အလုပ်အကိုင် အခွင့်အလမ်းအတွက် သမိုင်းဘာသာကို မသင်ယူ၊ မလေ့လာလိုသော ကျောင်းသားလူငယ် တို့များစွာ တွေးတောကြည့်ဖို့ ကောင်းလှပါသည်။ ဆရာကြီး၏ သမိုင်းကို သိရုံဖြင့် အလုပ်အကိုင်ထိ ပြေလည်သွားနိုင်ပုံကို ဆရာ့တပည့် ဆရာဝင်းမောင်က အောက်ပါအတိုင်း ရေးသားထားပါသည်။

‘နေရာက မုံရွာမြို့ သလ္လာရပ်ကွက်အတွင်း တစ်နေရာမှ ရုပ်တု၊ ရုပ်ကြွမျိုးစုံ ထုဆစ်သော အနုပညာအလုပ်ရုံတွင် ဖြစ်သည်။ ဆရာက မြေပုံဘုရားကို အသေးစိတ်လေ့လာရင်း လက်ရာကောင်းတယ်။ သေသပ်တယ်။ နိုင်ငံခြားသားတွေ သိပ်သဘောကျမယ်။ လက်ဆောင်ပေးဖို့ သိပ်ကောင်းတယ်။ နိုင်ငံခြားသား ခရီးသွားတွေက ပေါ့ပေါ့ပါးပါး သယ်လို့ယူလို့ကောင်းတဲ့ မြန်မာမှုပစ္စည်းမျိုးကို ပိုသဘောကျတယ်။ သတ္တုနဲ့လုပ်ဖို့ ကောင်းတယ်။ နောက်ပြီး ကိတ္တိမုခ (ဘီလူးပန်းဆွဲ) ပုံမျိုးကို လက်စွပ်လုပ်ရင် သိပ်သဘောကျမှာပဲ။ အဲဒါမျိုးတွေ လုပ်ပါလားလို့ ဆရာက အကြံပေး တိုက်တွန်းတယ်” ဟူ၍ ရေးသားထားပါသည်။

ဒါသည်ပင် သမိုင်းဘာသာက ပေးသော အလုပ်အကိုင် အခွင့်အလမ်းပင် ဖြစ်ပါလိမ့်မည်။ သမိုင်းဘာသာသင်ယူ တတ်မြောက်ခြင်းနှင့် အလုပ်အကိုင် ရရှိရေးတို့ကြားတွင် အဆက်အစပ် ပြတ်တောက်နေသည် မဟုတ်ဘဲ နီးနီးကပ်ကပ် ရှိနေသည်ကို ဆရာက ခင်းပြသွားခြင်းဟု နားလည်မိပါသည်။ ဤသည်ကို ယနေ့ သမိုင်းဘာသာ မသင်ယူလိုသူ ကျောင်းသားများနှင့် မိဘများ လေးနက်စွာ တွေးကြည့်စေချင်ပါသည်။

အမှားကျော့သံသရာမှ လွတ်မြောက်ရေး

အကျော်ဒေးယျ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းကပင် သမိုင်းနှင့်ပတ်သက်ပြီး အလွယ်ဆုံး အတိုဆုံး အနှစ်သာရတစ်ခုကို ပြက်ပြက်ထင်ထင် ပြောဖူးပါသည်။ အားလုံးလည်း မကြာဆိုသလို သုံးနေကြပါသည်။ ‘သမိုင်းသင်တာ မအအောင်လို့’ ဆိုသော နာမည်ကျော် ဩဝါဒ ဖြစ်ပါသည်။ ထိုဩဝါဒကို အကျယ်ဖြန့် တွေးကြည့်လျှင် သမိုင်းသင်ရခြင်း ရည်ရွယ်ချက်မှာ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၏ အတိတ်သမိုင်းလာရာကို သိပြီး လက်ရှိရောက်နေသည့် လက်ငင်းအနေအထားကို အကဲဖြတ်ကာ အနာဂတ်ကာလအား မှန်းဆကြည့်ဖို့ ဖြစ်သည်။

သို့သော် ဤမျှဖြင့် ပြည့်စုံသည် မဆိုနိုင်သေးပေ။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအပြင် အခြားသောနိုင်ငံတွေ၏ အတိတ်သမိုင်းကာလ၊ လက်ရှိကာလနှင့် နောက်ဖြစ်လတ္တံ့သော အနာဂတ်ကိုပါ ကြိုတင်တွေးဆပြီး နှိုင်းယှဉ် ကြည့်နိုင်ဖို့ထိ ဖြစ်ပါသည်။ ထိုအပြင် သမိုင်းပညာက ပေးသော အခြားသော ကောင်းကျိုးတစ်ခုမှာ အမှားကျော့သံသရာမှ လွတ်မြောက်နိုင်ရေး ပင်ဖြစ်ပါသည်။ သမိုင်းကို သိခြင်းအားဖြင့် မှားပြီးသားအမှားတွေ ထပ်ကာထပ်ကာ မှားနေခြင်းမျိုးကို ရှောင်ကြဉ်နိုင်ပါလိမ့်မည်။

ကျွန်တော်တို့ နိုင်ငံရေးလမ်းတွင် သမိုင်းကို သင်ခန်းစာ မယူနိုင်ခဲ့ သည်တို့ကို များစွာတွေ့ရပါသည်။ ဥပမာ- ယခုလို ဒီမိုကရေစီကူးပြောင်းရေး ကာလများ မတိုင်မီက အုပ်စိုးခဲ့သော အစိုးရများသည် ဖြစ်ပျက်ခဲ့ပြီးသော သမိုင်းကို မလေ့လာဘဲ အခြားတစ်ဖက်က အတိုက်အခံတို့ကို ဆက်ကာဆက်ကာ ဖိနှိပ်ခြင်းနည်းလမ်း ကိုသာ မပြောင်းမလဲ သုံးစွဲခဲ့ကြသည်။ တန်ပြန်အားဖြင့် မလွှဲသာမရှောင်သာ အတိုက်အခံတို့မှလည်း အတိတ်သမိုင်းအား ပြန်ငဲ့မကြည့်ဘဲ ကိုလိုနီခေတ်က စွဲကိုင်ခဲ့သည့် ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းကိုသာ တစ်ချိန်လုံးနီးပါးသုံး၍ အန်တုခဲ့ကြသည်။ အဖြေမှာ နှစ်ဦးနှစ်ဖက် အထိနာရုံမက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အခြေမှ သတ်လိုက်သကဲ့သို့ ဖြစ်သွားပါတော့သည်။

ဘေးထွက်ဆိုးကျိုး

သမိုင်းဘာသာရပ်တွင် ဆိုခဲ့ပြီးသလို အသင်အယူ တည့်မတ်ပါက ကောင်းကွက်များစွာ ရှိသလို လေ့လာပုံ၊ ကောက်ယူပုံ လွဲသွားလျှင်တော့ ဆိုးကျိုးများလည်း ဖြစ်ထွန်းသွားစေနိုင်ပါသည်။

သမိုင်းကို မှန်ကန်စွာ နားလည်ရေးတွင် အကြီးမားဆုံး ဒုက္ခတွေ့ရသည့် အရာမှာ သမိုင်းနှင့် လက်ရှိကာလကို ထပ်တူပြု မျဉ်းပြိုင်ဆွဲကြခြင်းပင် ဖြစ်ပါသည်။ ထိုသို့ မျဉ်းပြိုင်အဖြစ် သမိုင်းကို အမှတ်မှားသည့်နိုင်ငံမှာလည်း နှယ်နှယ်ရရမဟုတ်။ ဆူပါပါဝါ ထိပ်သီးအမေရိကန် ဖြစ်နေသည်။ အီရတ်စစ်ပွဲမှာ သမိုင်းကို မျဉ်းပြိုင်ပုံစံတည်၍  ပုံစံပြုရာမှ ပေါ်လာသော စစ်ပွဲဟု ဆိုနိုင်ပါသည်။ သို့သော် အမေရိက မျှော်လင့်သလို ဒုတိယကမ္ဘာစစ်ပြီး ဂျာမနီနှင့်ဂျပန်လိုတော့ မအောင်မြင်ဘဲ ယခုထက်တိုင် အီရတ်မှာ အကြမ်းဖက်နွံထဲက ရုန်းမထွက်နိုင်အောင် ရှိနေဆဲ ဖြစ်ပါသည်။ ထိုအတွက် ပေါ်လစီမိတ်ကာတို့ သတိကြီးကြီးထားဖို့ လိုသည်မှာ သမိုင်းသည် အနာဂတ် တစ်ခုလုံးမဟုတ်။ လမ်းပြမြေပုံအတွက် အဓိကကျသော အစိတ်အပိုင်း တစ်ရပ်ဟု သဘောယူပြီး နေရာပေးရန်သာ လိုပါသည်။

နိဂုံး

မည်သို့ပင် ဆိုစေကာမူ သမိုင်းဘာသာရပ် ဆိုသည်မှာ အနာဂတ် နိုင်ငံတည်ဆောက်ရေး အတွက် မဖြစ်မနေ လေ့လာကြရမည်ဖြစ်သော ဘာသာကြီး ဖြစ်ပါသည်။ ညွှန်းရလျှင် လမ်းပြမြေပုံအတွက် မရှိမဖြစ် လိုအပ်သော ကိရိယာတစ်ခုလည်း ဖြစ်ပါသည်။ အရေးကြီးသည်မှာ သမိုင်းကို ခြေရာခံရေးတွင် အာဃာတများ၊ လက်စားချေလိုမှုများနှင့် အပြစ်ဖို့နည်းများ စသည့် ဝေဒနာများကိုသာ ရှောင်ရှားကျော်လွှားနိုင်ရန် လိုပြီး ကြုံနေရသောပြဿနာများကို အဖြေရှာသော ခြေရာခံနည်းမျိုးဖြင့်သာ ချဉ်းကပ်ရန်လိုပါသည်။ ထိုသို့ ခြေရာခံနည်း မှန်ကန်မှသာ သမိုင်းဘာသာသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် မျက်နှာစာမျိုးစုံတွင် အကျိုး ပြုနိုင်မည်ဖြစ်ပြီး မှိန်ဖျော့နေရသော သမိုင်းဘာသာသည်လည်း ငယ်ရုပ်ဆင် ပြန်လည်အသက်ဝင်လာမှာ ဖြစ်ပါသည်။

သမိုင်းဘာသာ နေညိုနေရာမှ အမြန်ဆုံး အရှိန်အဝါ ပြန်လည် တောက်ပရေးအတွက် တတ်သိနားလည်သူများ ဝိုင်းဝန်းစဉ်းစားကြဖို့ အချိန်တန်နေပြီဖြစ်ကြောင်း ဆော်ဪလိုက်ရပါသည်။ 

နိုင်စိုး

စာညွှန်း 
- The Waves မဂ္ဂဇင်းပါ ဝင်းမောင် (ခြေသာလျှင် ယာဉ်ရှိကုန်၏)
- ကျော်ဝင်း- (စိတ်ကူးလွတ်လပ်မှု၊ သတင်းလေဟာနယ်နှင့် သမိုင်းခြေရာဝါဒသစ်)