News

POST TYPE

EDITORIAL

အပြန်အလှန် လေးစားမှုကို ထိန်းသိမ်းပါ(Daily, Vol-5/No-31)
17-May-2017 tagged as



နိုင်ငံတော်ကို မဏ္ဍိုင်ကြီး လေးရပ်ဖြင့် ဒေါက်တိုင်ပြုထားသည်ဟု ဆိုသော်လည်း ဖြတ်သန်းလာခဲ့သော ခေတ်၊ စနစ်များအရ တပ်မတော်ဟူသော အင်စတီကျူးရှင်း တစ်ခုမှာ သီးခြား ဒေါက်တိုင်အဖြစ် တည်ရှိနေပေသည်။

ယင်းအခြေအနေကို စိတ်ခံစားချက်ဖြင့် ကြည့်သည်ဖြစ်စေ၊ စဉ်းစား ဆင်ခြင်ဉာဏ်ဖြင့် ကြည့်သည်ဖြစ်စေ သဘောတူခြင်း၊ မတေူခြင်း၊ လက်မခံခြင်း၊ လက်ခံခြင်းများ ရှိနေနိုင်သော်လည်း ပကတိ အရှိတရားဆိုသော အချက်ကိုမူ သဘော မတူသော်ငြား လက်ခံရမည်ဖြစ်သည်။

အားလုံး သိကြသည့်အတိုင်း သတင်းမီဒီယာ ဆိုသည်မှာ လေးခုမြောက် ဒေါက်တိုင် စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည်ကာ ပြည်သူလူထုနှင့် နိုင်ငံတော် အကျိုးအလို့ငှာ အခြားမဏ္ဍိုင်များကို စောင့်ကြည့်ဝေဖန်၊ ထောက်ပြ၊ တည့်မတ်ပေးရမည့် တာဝန်ကို ထမ်းဆောင်ရသည်။

အခြားတစ်ဖက်တွင်လည်း ဖြတ်သန်းလာသော ခေတ်၊ စနစ် အခြေအနေများနှင့် အကြောင်းကြောင်းအရ ပရော်ဖက်ရှင်နယ် ပီသမှု မရှိသေးသော မီဒီယာများလည်း ရှိနေသော်ငြား ဒီမိုကရေစီစနစ် တဖြည်းဖြည်း ရင့်ကျက်လာသည်နှင့်အမျှ ယင်းမီဒီယာများလည်း အလိုက်သင့် ပြောင်းလဲ ရင့်ကျက်လာမည်ဖြစ်သည်။ 
၁၉၈၈ ခုနှစ်နောက်ပိုင်း အဖြစ်အပျက်များအပေါ် မူတည်ကာ တပ်မတော်အပေါ် ထားရှိသည့် ပြည်သူလူထု၏ သဘောထား ပြောင်းလဲသွားခဲ့ပြီး ခံထားခဲ့ရသည့် ဒဏ်ရာ ဒဏ်ချက် များစွာကြောင့် အနုတ်လက္ခဏာ သဘောဖြင့် ရှုမြင်လာခဲ့ခြင်းမှာလည်း တပ်မတော်ဘက်က သတိပြုရမည့် ပကတိတရား ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး နောက်ပိုင်း တပ်မတော်ကို ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်များနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ပရော်ဖက်ရှင်နယ် တပ်မတော်အဖြစ် အသွင်ပြောင်းလဲရန် ကြိုးစားလာသော အရိပ်လက္ခဏာများ သိသာစွာ မြင်တွေ့လာရခြင်းမှာ အပေါင်းလက္ခဏာဟု ဆိုနိုင်သည်။

ထို့အပြင် သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် အချိန်များတွင် ဘေးဒဏ်သင့် ဒေသများသို့ တပ်မတော်သားများက ရှေ့တန်းမှ ရောက်ရှိကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်လာခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား အပြန်အလှန် ပုဂ္ဂိုလ်ရေး ခင်မင် ရင်းနှီးမှု၊ နားလည်မှု တည်ဆောက်လာခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရနှင့် တပ်မတော်က လိုလားစွာ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းတို့မှာလည်း နိုင်ငံတော် အေးချမ်းတည်ငြိမ်ရေးအတွက် များစွာ အားတက်ဖွယ် အပြောင်းအလဲများ ဖြစ်ခဲ့သည်။

ဆိုလိုသည်မှာ တပ်မတော်အနေနှင့် အတိတ်က သင်ခန်းစာများကို ထောက်ချင့်ကာ ပြည်သူလူထုက လေးစားချစ်ခင် အားကိုးသော ပြည်သူ့ တပ်မတော် ဖြစ်လာစေရန် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများ တဖြည်းဖြည်း လှမ်းလာခြင်းမှာ မဏ္ဍိုင်အားလုံး အတွက်ရော နိုင်ငံတော်အတွက်ပါ အထူးမင်္ဂလာ ရှိခြင်းကို ဆိုလိုသည်။

ဤသို့သော အပြုသဘော ခြေလှမ်းများ လှမ်းနေသည့်ကြားက တပ်မတော်အပေါ် နားလည်မှုလွဲသော အမြင် သဘောထားများကို စိတ်ခံစားချက်ဖြင့် ဖော်ထုတ်၊ ပြောဆို၊ ရေးသားမှုများ ရှိလာပါကလည်း အတိုင်းအတာတစ်ခုအထိ သဘောထားကြီးကြီးဖြင့် သည်းခံခွင့်လွှတ်နိုင်ပါက တပ်မတော်၏ ဂုဏ်သိက္ခာ ပို၍တက်လာစရာသာ ရှိပေသည်။

ဆန့်ကျင်ဘက်အားဖြင့် စိတ်ဒဏ်ရာသင့်သူများက စိတ်ခံစားချက်ဖြင့် ပြောဆို၊ ရေးသားချက် အားလုံးကို သံသယစိတ်၊ မယုံကြည်စိတ်ဖြင့် စိတ်ခံစားချက်ကို အလေးကဲ အဓိပ္ပာယ် ကောက်ပါက မိမိစိတ်တွင် ထင်မြင်ယူဆသည့်အတိုင်း တစ်ဖက်က ကျူးလွန်သည်ဟု ယူဆကာ အာဏာ၊ အရှိန်အဝါရှိသည့်အတိုင်း တစ်ဖက်ကို တုံ့ပြန်မိပါက လူကြီးလူကောင်းဆန်မှု ရေချိန် နိမ့်ကျသွားနိုင်ပေသည်။

အထူးသဖြင့် ပရော်ဖက်ရှင်နယ် ပီသစေရန်နှင့် ဂုဏ်သိက္ခာရှိပြီး သမာသမတ် ကျသော မီဒီယာတစ်ခုအဖြစ် တတ်နိုင်သလောက် ရပ်တည်ကာ စတုတ္ထမဏ္ဍိုင်  တာဝန်ကို ကြိုးစား ထမ်းဆောင်နေသော မီဒီယာတစ်ခု၏ တမင် ရည်ရွယ်ချက် မပါသော ကိစ္စရပ်တစ်ခုအပေါ် စိတ်လိုက်မာန်ပါ တုံ့ပြန်မိပါက နှစ်များစွာ တည်ဆောက်လာခဲ့သော အပြန်အလှန် အသိအမှတ်ပြုမှု၊ လေးစားယုံကြည်မှု ပျောက်ဆုံးကာ အတွင်းထရံ အပြင်ကာလိုက်သကဲ့သို့ ဖြစ်သွားစေနိုင်ကြောင်း သတိပြုမိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၁၇-၅-၂၀၁၇)

  • TAGS