POST TYPE

EDITORIAL

အလွဲသုံးစား ပြဿနာ ပြည်သူ့ဆန္ဒ ရယူသင့် (Daily, Vol-5/No-29)
15-May-2017 tagged as

မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း၏ ဘဏ္ဍာငွေ အလွဲသုံးစားမှုများ အုတ်အော်သောင်းတင်း ထွက်ပေါ်လာပြီးနောက် ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်းတို့၏ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည့် သတင်းများ နောက်ဆက်တွဲ ထွက်ပေါ်လာခြင်းမှာ အဆိုး၊ အကောင်းဟု ပြောရမည်ဖြစ်သည်။

ယခင် အစိုးရအဆက်ဆက်က နိုင်ငံတော် ဘဏ္ဍာငွေများ ဆိုသည်မှာ တစ်နည်းအားဖြင့် ပြည်သူ့ဘဏ္ဍာများ ဖြစ်သည့်အတွက် နိုင်ငံတော် ဘဏ္ဍာများ အလွဲသုံးစားပြုခြင်းမှာ ဆင်းရဲတွင်း နက်နေဆဲ ပြည်သူလူထုကို မထီမဲ့မြင် စော်ကားသည့်သဘော သက်ရောက်သွားသည့်အတွက် အဆိုးဟု ဆိုရမည် ဖြစ်သည်။

ကောင်းသည့်အချက်မှာ ထိုငွေကြေးများကို စစ်ဆေး ပေါ်ပေါက်ပြီးနောက် ပြန်လည် လွှဲအပ်ခြင်းနှင့် အလားတူ ရန်ပုံငွေများ ပမာဏ အတိအကျနှင့်တကွ စာရင်း ပေါ်ပေါက်လာသောကြောင့် ယင်းငွေများကို သက်ဆိုင်ရာ ဒေသခံ ပြည်သူများ အကျိုးကို ပွင့်လင်းမြင်သာစွာ အသုံးပြုနိုင်မည့် အခွင့်အလမ်း ရရှိလာခြင်းဖြစ်သည်။

စင်စစ်အားဖြင့် နိုင်ငံတော်အဆင့် စီမံကိန်းကြီးများ၊ စက်ရုံကြီးများ၊ ဆည်မြောင်း၊ တာတမံများ၊ ပြည်ပမှ ဝယ်ယူ တင်သွင်းမှုများ၊ နိုင်ငံတော်ပိုင်လုပ်ငန်း၊ အခြေပစ္စည်းများအား ရောင်းချ၊ ငှားရမ်းမှုများကို စီမံဆောင်ရွက်ခွင့်ရှိသူ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန အသီးသီးကို စစ်ဆေးကြည့်လျှင်မူ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်အဆင့်မျိုးထက် အဆပေါင်း များစွာ ပိုကြီးမားသော ဘဏ္ဍာငွေ အလွဲသုံးစားမှုများ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်ပေသည်။

ထိုအလွဲသုံးစားမှုများနှင့် တစ်ဆက်တည်းဆိုသလို အစိုးရ ကျောထောက်နောက်ခံပြု ဖွဲ့စည်းထားသော အသင်းများ၊ နိုင်ငံရေးပါတီများ၏ ပိုင်ဆိုင်မှုများ၊ စီးပွားရေး လုပ်ငန်းများ၊ လုပ်ပိုင်ခွင့်များကို ခြေခြေမြစ်မြစ် ပြန်လည် စစ်ဆေးကြည့်လျှင် နိုင်ငံတော်ပိုင် သို့မဟုတ် အများပြည်သူပိုင်များကို ခါတော်မီ တရားဝင် သဘောမျိုးဖြင့် လက်လွှဲ ရယူထားသော ဖြစ်စဉ် အများအပြား ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည်။

ရန်ကုန်မြို့တော် အပါအဝင် နိုင်ငံတစ်ဝန်းရှိ နိုင်ငံတော်ပိုင် အထင်ကရ မြေနေရာများ၊ ဆိပ်ကမ်း၊ လေဆိပ်များ၊ စက်ရုံ၊ အလုပ်ရုံများကို ပုဂ္ဂလိက သို့မဟုတ် အခြား အဖွဲ့အစည်းများလက်သို့ နှစ်ရှည် ငှားရမ်း၊ ရောင်းချ၊ လွှဲပြောင်းမှုများကို တွက်ကြည့်လျှင်ပင် ကျပ်ငွေ ဘီလီယံ သန်းချီသော ဘဏ္ဍာငွေ အလွဲသုံးစားမှုများ တွေ့ကောင်း တွေ့ရမည်ဖြစ်သည်။

ထိုသို့ ဘီလီယံ သန်းချီသော နိုင်ငံတော်ပိုင် သို့မဟုတ် အများပြည်သူနှင့်ဆိုင်သော ဘဏ္ဍာငွေများ ကိုယ်ကျိုး သုံးသွားခြင်းမှ စင်စစ်အားဖြင့် စာရင်းစစ်၍ ရနိုင်သော ကိန်းဂဏန်းများကို အခြေခံ၍ ပြောရခြင်းဖြစ်ပြီး စာရင်းစစ်၍ မရသည့် Under Table ခေါ်  လာဘ်ငွေများ၊ နိုင်ငံတော်ပိုင်များကို စာရွက်ပေါ်တွင် အိုးရောင်း၊ ခွက်ရောင်းဈေးဖြင့် မှတ်တမ်း တင်နိုင်ရန် ခွင့်ပြုပေးခဲ့သည့်အတွက် ရရှိသည့် ပွဲခ၊ ကော်မရှင်ခများမှာလည်း မမှန်းနိုင်သည့် ပမာဏအထိ ရှိနိုင်ပေသည်။

စင်စစ်အားဖြင့် နိုင်ငံတော် အာဏာအရပ်ရပ်ကို ကိုင်တွယ်သုံးစွဲစဉ် ကာလက မည်သူမဆို၊ မည်သည့် အဖွဲ့အစည်းမဆို ဥပဒေနှင့်မညီသော၊ ပုံမှန် နည်းလမ်း မဟုတ်သော၊ အဖွဲ့အစည်း နာမည်သုံး၍ ကိုယ်ကျိုး ရယူထားသော မြေယာ၊ အဆောက်အအုံ၊ အခြေခံပစ္စည်း၊ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်၊ ထူထောင်ရန် ကြိုးစားထားမှုမှန်သမျှ နိုင်ငံတော် သို့မဟုတ် မူလပိုင်ရှင် ပြည်သူလူထုထံ ပြန်လည် ပေးအပ်ရမည်ဖြစ်သည်။

ဤနေရာတွင် လက်ရှိ NLD အစိုးရက ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အဓိပ္ပာယ် ကောက်ယူမှုအပေါ် အငြင်းပွားဖွယ်ရာ ဖြစ်နေသည်မှာ ပုဒ်မ ၄၄၅ ရှိ ယခင်အစိုးရအဖွဲ့ သို့မဟုတ် အစိုးရအဖွဲ့ဝင် တစ်ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြု၍ အရေးယူခြင်း၊ အရေးယူခြင်း မရှိစေရ ဆိုသော အချက်ပင်ဖြစ်သည်။

ယင်းပုဒ်မတွင် ဖော်ပြထားသော “တာဝန်အရ ဆောင်ရွက်ခြင်း”ဆိုသည်ကို “တရားဝင် မှတ်တမ်းတင် ထုတ်ပြန်ထားသော ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ တာဝန်ပေးအပ်ချက်အရ တရားဝင် မှတ်တမ်းမှတ်ရာဖြင့် တာဝန်ထမ်းဆောင်ခြင်း”ဟု အဓိပ္ပာယ် ကောက်ယူနိုင်သောကြောင့် ယင်းအချက်နှင့် မလျော်ညီဘဲ တည်ဆဲ ဥပဒေနှင့် ဆန့်ကျင်သော ကိစ္စရပ်၊ လုပ်ကိုင်ဆောင်ရွက်မှုမှန်သမျှ အရေးယူနိုင်သည်ဟု ဆိုလိုသည့် သဘောပင်ဖြစ်သည်။

ယင်းအချက်ကြောင့် ယခင်အစိုးရများလက်ထက်က ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၏ နိုင်ငံတော်ဘဏ္ဍာနှင့် နိုင်ငံတော်ပိုင် ပစ္စည်းများ အလွဲသုံးစားပြုမှု၊ အဂတိလိုက်စားမှု ပပျောက်ရေး ဥပဒေ အပါအဝင် တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဆိုပါက ယူနိုင်သည့် သဘောရှိပေသည်။

အလွဲသုံးစားပြုခံရသည့် ရန်ပုံငွေများ၊ ဘဏ္ဍာငွေများသည် သက်ဆိုင်ရာ ဒေသခံများ အပါအဝင် နိုင်ငံတော်အတွင်းရှိ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သော စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေး ကယ်ဆယ်ရေးအတွက် သုံးစွဲမည့် ဘဏ္ဍာငွေများ ဖြစ်နေသည့်အတွက် အမှန်တကယ် နစ်နာသူမှာ မည်သည့် လူပုဂ္ဂိုလ်၊ အစိုးရမျှ မဟုတ်ဘဲ ပြည်သူလူထုသာ ဖြစ်နေသောကြောင့် ပြည်သူ့ဆန္ဒ သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဥပဒေပြု လွှတ်တော်၏ သဘောထား ရယူပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၁၅-၅-၂၀၁၇)

  • TAGS