News

POST TYPE

EDITORIAL

ကျောင်းကား အစီအစဉ်အတွက် အကြံပြုချက် (Daily, Vol-5/No-28)
15-May-2017 tagged as

ရန်ကုန်မြို့တော်နေ ပြည်သူများအတွက် အထူးအရေးကြီးလှသော YBS ကို နေ့ချင်းညချင်း အလျင်အမြန် ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲ ပြဿနာများ၊ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရစဉ် နောက်ထပ် စီမံချက် အသစ်တစ်ခု ဖြစ်သော ကျောင်းကားကိစ္စကို အထူး သတိကြီးကြီးထား ကိုင်တွယ်ရန် လိုပေသည်။ 
YBS သည်လည်းကောင်း၊ ကျောင်းကား အစီအစဉ်သည်လည်းကောင်း ရန်ကုန်မြို့တော်နေ ပြည်သူ အများစုအတွက် လိုအပ်၍ ဆောင်ရွက်ရခြင်းဖြစ်ပါက အကောင်အထည် မဖော်မီနှင့် အကောင်အထည် ဖော်ရာတွင် လိုအပ်ချက်၊ အားနည်းချက် နည်းနိုင်သမျှ နည်းစေရန် အထူး ဂရုစိုက်သင့်ပေသည်။

ပထမဦးစွာ ကျောင်းကား စီမံချက် အကောင်အထည် ဖော်ရခြင်း၏ ရည်ရွယ်ချက်၊ ဦးတည်ချက် သို့မဟုတ် ခိုင်လုံသည့် အကြောင်းပြချက်ကို အများပြည်သူ သိရှိနားလည်စေရန် ရှင်းလင်း အသိပေးရမည်ဖြစ်သည်။

ကျောင်းသူ၊ ကျောင်းသားများ နေအိမ်မှ ကျောင်းသို့ အသွားအပြန်ခရီးကို ဘေးကင်းလုံခြုံ စိတ်ချမှု ရှိစေရေး၊ ကျောင်းပတ်ဝန်းကျင်တွင် မလိုအပ်ဘဲ အိမ်စီးကား များစွာ အကြို၊ အပို့ လုပ်ခြင်းကြောင့် ဖြစ်ပေါ်နေသော လမ်းပိတ်ဆို့မှု၊ ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းနိုင်စေရေး ဟူသော အချက်နှစ်ချက်က အဓိက ဦးတည်ချက် သို့မဟုတ် အကြောင်းပြချက် ဖြစ်ပေမည်။

ယင်းသို့ဆိုပါလျှင် ကိုယ်ပိုင်ကား ကိုယ်စီဖြင့် ကျောင်းပို့၊ ကျောင်းကြိုနေကြသော ကျောင်းသား မိဘများဘက်မှ အကြောင်းအရင်း၊ ဆန္ဒသဘောထားနှင့်  အခက်အခဲများကို စေ့ငုကြည့်ရန် လိုပေသည်။ ဤနေရာတွင် ကျောင်းသား မိဘများဘက်တွင် ရှိနိုင်သော အခက်အခဲများကို တင်ကြို စဉ်းစားကြည့်ထားသင့်ပေသည်။

မြန်မာနိုင်ငံ၏ မျက်မှောက် ပညာရေးစနစ်အရ ရန်ကုန်မြို့တော်ရှိ အခြေခံပညာ ကျောင်းအားလုံးတွင် တက်ရောက်နေကြသော ကျောင်းသူ၊ ကျောင်းသား ၇၅ ရာခိုင်နှုန်း သို့မဟုတ် ယင်းထက်ပိုသော ရာခိုင်နှုန်းမှာ ပင်မကျောင်းအပြင် ဘာသာရပ်ဆိုင်ရာ အချိန်ပို ကျူရှင်များ တက်ရောက်နေကြသူများ ဖြစ်သည်။

ထို့ကြောင့် ကျောင်းမတက်မီ သို့မဟုတ် ကျောင်းမဆင်းမီ တက်ရောက်နေသော ကျူရှင်ကို အချိန်မီ ရောက်ရှိစေရန် ကိုယ်ပိုင်ကား သို့မဟုတ် အငှားကားဖြင့် အချိန်လု သွားရောက်ရသောကြောင့် မဖြစ်မနေ ကျောင်းကား စီးရပါက ကျူရှင်ချိန်မီရေး အခက်အခဲ ရှိသွားနိုင်ပေသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် အကြောင်းကြောင်းကြောင့် ဆယ်စုနှစ်သုံးခုကျော်ကြာ အမြစ်တွယ်နေသော ကျူရှင်စနစ် ရန်ကုန်တွင် ပပျောက်ရန် ဆောင်ရွက်မည်လော၊ လတ်တလောအားဖြင့် ကျူရှင်အချိန်များ ကျောင်းကားနှင့် အဆင်ပြေရန် ချိန်ညှိ၊ ပြောင်းလဲမည်လော စဉ်းစား၊ ရွေးချယ်၊ ဆုံးဖြတ်ရမည်ဖြစ်သည်။

ဒုတိယအချက်အနေနှင့် လက်ရှိ ကျောင်းသား မိဘများက ၎င်းတို့၏ သား၊ သမီးများကို ယုံကြည်စွာ အပ်နှံ ပို့လွှတ်နေပြီး နှစ်အတန်ကြာ အပြန်အလှန် ယုံကြည်မှု ရရှိနေသူ ကျောင်းကား ထူထောင်ထားသူများ၏ လုပ်ငန်း ရုတ်တရက် ဖျက်သိမ်းရမည့် အခြေအနေမျိုး မဖြစ်ပေါ်စေရန် ညှိနှိုင်းရမည်ဖြစ်သည်။

နိုင်ငံတကာတွင် သတ်မှတ်ထားသော စံနှုန်းနှင့်ညီသည့် ကျောင်းကားများကို တစ်ပြေးညီ သတ်မှတ်မည်ဆိုပါက လက်ရှိ ကျောင်းကား ပြေးဆွဲနေကြသူများကို ဦးစားပေး စဉ်းစားရမည်ဖြစ်ပြီး လုပ်ငန်းများ နစ်နာမှုမရှိစေရန် လိုအပ်ပါက ကျောင်းကား တင်သွင်းမှုဆိုင်ရာ အခွန်အခများ လျှော့ချပေးခြင်းဖြင့် အစိုးရက အကူအညီ ပေးရမည်ဖြစ်သည်။ 

များစွာ အရေးကြီးသည်မှာ မည်သည့် လုပ်ငန်း၊ စီမံချက်၊ စီမံကိန်းမဆို အကောင်အထည်မဖော်မီ Stakeholder ခေါ် လုပ်ငန်းနှင့် ထိတွေ့ ဆက်စပ်သော အဓိက တာဝန်ရှိသက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံ၊ တိုင်ပင်၊ ညှိနှိုင်း၊ ဆွေးနွေး၊ အကြံဉာဏ် ရယူခြင်းနှင့် လုပ်ငန်းနှင့် ပတ်သက်သမျှ သုတေသန၊ အချက်အလက်များကို စစ်တမ်းကောက် စုဆောင်းထားခြင်းတို့ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနှင့် ရှေ့တွင် သင်ခန်းစာယူစရာ YBS စီမံချက် ရှိနေသည့်အတွက် မလိုလားအပ်သော ဘေးထွက် ဆိုးကျိုးများ၊ နစ်နာ ဆုံးရှုံးမှုများ၊ အပြစ်တင် ဝေဖန်မှုများ နည်းနိုင်သမျှ နည်းစေရန် ကြိုတင် ပြင်ဆင်မှု၊ စမ်းသပ်ကာလ၊ စမ်းသပ်ဧရိယာ သတ်မှတ်မှု၊ ယင်းမှတစ်ဆင့် ထွက်ပေါ်လာသော ရလဒ်ကို ဆန်းစစ် သုံးသပ်ပြုပြင်ကာ အားနည်းချက်၊ အမှားကင်းနိုင်သမျှ ကင်းသော ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ် ဖြစ်ပေါ်လာနိုင်စေကြောင်း အကြံပြုလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၁၄-၅-၂၀၁၇)

  • TAGS