POST TYPE

EDITORIAL

ပိုတော်တဲ့ မျိုးဆက်သစ်ဖြစ်ဖို့ (Daily, No-5/No-27)
13-May-2017 tagged as

ဒီဘက်ခေတ် လူငယ်တွေနဲ့ ပတ်သက်ပြီး လူကြီးတချို့နဲ့ လူငယ်မက၊ လူကြီးမကျ လူတချို့ အားမလို အားမရ ဖြစ်မိတာတွေထဲမှာ ဗဟုသုတ နည်းလာတာက ထိပ်ဆုံးက ပါနေတယ်။ အဲလို အားမရလောက်အောင်လည်း လူငယ်တွေရဲ့ ဗဟုသုတ လေ့လာမှုက အတော်ကြီး အားနည်းတာ တွေ့ရတယ်။

တစ်လောကမှ အသစ်စ မိတ်ဆက်တဲ့ ရုပ်သံအစီအစဉ်တစ်ခုမှာ အင်မတန် လွယ်ကူပြီး မြန်မာပြည်မှာ နေသူမှန်ရင် သိကို သိထားရမယ့် အခြေခံ ဗဟုသုတလေးတွေကိုတောင် သနားစရာ ကောင်းလောက်အောင် မသိကြရှာဘူး။

အဲဒီအစီအစဉ်မှာ ဝင်ပြိုင်ကြတဲ့ လူငယ်တွေရဲ့ အသက်က ပျမ်းမျှ ၁၉ နှစ်ကနေ ၂၈ နှစ်အတွင်းမှာ ရှိကြတဲ့အတွက် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း မွေးတဲ့ လူငယ်တွေ အထွေထွေ ဗဟုသုတပိုင်းနဲ့ အခြေခံ ဘာသာရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို သိပ်မသိကြတော့ဘူးလို့ ဆိုရမယ်။

ဥပမာအားဖြင့် ပထဝီ ဘာသာရပ်နဲ့ဆိုင်တဲ့ မြောက်ကိုရီးယားနိုင်ငံက ကမ္ဘာ့တိုက်ကြီး ခုနစ်တိုက်ထဲက ဘယ်တိုက်မှာ ရှိသလဲဆိုပြီး တိုက်ကြီးလေးခုရဲ့ နာမည်တွေ ရေးပြထားတဲ့ အထဲကနေ ပြတ်ပြတ်သားသား ထောက်မပြနိုင်ဘူး။

ပိုဆိုးတာက ပရိက္ခရာ ဘယ်နှပါးရှိသလဲ ဆိုတဲ့မေးခွန်းကိုလည်း ဂဏန်း ၅ အပြင် အခြားဂဏန်း သုံးခုနဲ့ ယှဉ်ဖော်ပြပေးထားတဲ့အထဲက မှန်အောင် မရွေးနိုင်ကြဘူး။

ဒီလိုပဲ တခြားဖျော်ဖြေရေးတစ်ပိုင်း၊ ဉာဏ်စမ်းတစ်ပိုင်း အစီအစဉ်မျိုးတွေမှာလည်း လူငယ်တွေရဲ့ အကြား၊ အမြင်၊ ဗဟုသုတ အကန့်အသတ်ဘောင် တော်တော်လေး ကျဉ်းလာတာ သတိပြုမိစရာ ဖြစ်လာတယ်။

ဘာဖြစ်လို့လဲဆိုတဲ့ အကြောင်းအရင်းကို စေ့ငုတဲ့ မေးခွန်းမေးလိုက်ရင်တော့ ဖြေစရာနှစ်ချက် ရှိတယ်။ တစ်ချက်က ကျင့်သုံးအုပ်ချုပ်၊ စီမံခန့်ခွဲတဲ့စနစ် ဒါမှမဟုတ် အုပ်ချုပ်၊ စီမံခန့်ခွဲသူတွေရဲ့ အရည်အချင်း နိမ့်ကျသွားလို့။

ဒုတိယ တစ်ချက်က ခေတ်အခြေအနေ၊ ခေတ်ရေစီးကြောင်းအရ ရုပ်ပစ္စည်းဖွံ့ဖြိုးမှုတွေ၊ ရုပ်ပစ္စည်း ရွေးချယ်စရာတွေ၊ လေ့လာ သင်ယူစရာတွေက အရင်ခေတ်တွေနဲ့ ယှဉ်ရင် သိပ်ကို များလွန်းလာလို့။

ပထမအချက်အရဆိုရင်တော့ အုပ်ချုပ်စီမံခန့်ခွဲသူတွေ အရည်အချင်း မြင့်ရင် မြင့်သလို၊ အမြော်အမြင် ကြီးရင် ကြီးသလို၊ စေတနာ ထားရင် ထားသလို လူငယ်တွေရဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ကိုယ်ကျင့်သီလ၊ အသိပညာ၊ ဗဟုသုတ၊ အတတ်ပညာ၊ ကျွမ်းကျင်ပိုင်နိုင်မှုတွေကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးနေစေမယ့် ပညာရေးစနစ်မျိုး သတ်မှတ်ပြဋ္ဌာန်းနိုင်အောင် ကြိုးစားဖို့ လိုမယ်။

နာမည် ပြောင်းလိုက်ရုံ၊ အောင်ချက်တွေ ကောင်းသွားရုံ၊ တက္ကသိုလ်၊ ကောလိပ် အဆောက်အအုံတွေ ဆေးသုတ်လိုက်ရုံ၊ ဘွဲ့ရတွေ များများ ထွက်လာရုံ၊ တက္ကသိုလ်တွေ အရေအတွက် များများ ဖွင့်လိုက်ရုံနဲ့ လူငယ်တွေရဲ့ အသိဉာဏ်၊ ဗဟုသုတနဲ့ စဉ်းစားတွေးခေါ်မှုကို မြှင့်တင်မပေးနိုင်ဘူး။

ပြောမယ်ဆိုရင် ဒီနေ့၊ ဒီကာလက အရင့်အရင် ခေတ်ကာလနဲ့ယှဉ်ရင် သင်ယူလေ့လာစရာ၊ ဆည်းပူးမှတ်သားစရာတွေကို ပိုပြီး လွယ်ကူ၊ လက်လှမ်းမီ လာတယ်။ လူငယ်အများစု အနေများတဲ့ အွန်လိုင်းပေါ်မှာဆို သင်ယူလေ့လာစရာတွေ တပုံတပင် ရှိနေတယ်။

ဒါပေမဲ့ ခက်နေတာက အွန်လိုင်းပေါ်မှာ သင်ယူလေ့လာစရာတွေနဲ့အတူ တခြား ဖျော်ဖြေရေးတွေ၊ အွန်လိုင်း ကစားနည်းတွေ၊ လိင်အသားပေး အကြောင်းအရာတွေ၊ တန်ဖိုးမရှိတဲ့ အမှိုက်လို စာတွေ၊ အရုပ်တွေကလည်း အများကြီး ဖြစ်နေတာပဲ။ နောက်ဆုံးတော့ အားမစိုက်ရတဲ့ အကြောင်းအရာတွေကိုပဲ ရွေးချယ်မိသွားတတ်ကြတာပေါ့။

အဲဒီတော့ ဒုတိယ အကြောင်းအရင်းကို ဖြေရှင်းဖို့ဆိုရင် ကျောင်းတွေ၊ တက္ကသိုလ်၊ ကောလိပ်တွေရဲ့ သင်ယူမှုပုံစံတွေ ပြောင်းပစ်ဖို့လိုမယ်။ စာသင်ခန်းထဲမှာ အချိန် ပိုပေးထားတာကို လျှော့ပြီး သင်ခန်းစာနဲ့ ဆက်စပ်နေတဲ့ ပြင်ပကမ္ဘာနဲ့ ပိုထိတွေ့၊ လက်တွေ့ များများ လုပ်ဖို့လိုမယ်။  
ဆိုလိုတာက အသင်းလိုက်၊ အဖွဲ့လိုက် လှုပ်ရှားမှုတွေ၊ ပျော်ရွှင်စရာ အုပ်စုလိုက် ကစားနည်းတွေ၊ လူမှုရေးဆိုင်ရာ စေတနာ့ဝန်ထမ်း အလုပ်တွေ၊ လေ့လာရေး ခရီးတွေ၊ တောစခန်းထွက်၊ တောင်တက်ခရီးစဉ်တွေ၊ စာပေ၊ ဂီတ၊ အနုပညာ ထိတွေ့ သင်ယူချိန်တွေ အရင်ထက် ပိုထည့်ပေးပြီး အွန်လိုင်းပေါ်မှာ လိုသည်ထက်ပို အချိန်ကုန်နေတာတွေကို လျှော့ချပေးရမယ်လို့ ဆိုလိုတာ။

ဒီဘက်ခေတ် အခြေအနေအရ အွန်လိုင်းသုံးတာကို ကန့်သတ်လို့လည်း မရတဲ့အတွက် အွန်လိုင်းနဲ့ လက်ရှိ ပညာရေးကို ချိတ်ဆက်ပေးတဲ့ အစီအစဉ်တွေလည်း ရှိနေဖို့လိုမယ်။ ဥပမာ တချို့ အိမ်စာတွေကို အွန်လိုင်းပေါ်မှာ လုပ်ခိုင်းပြီး အွန်လိုင်းကနေ အီးမေးလ်နဲ့ ပြန်ပို့ခိုင်းတာမျိုး၊ သူတို့ ကိုယ်တိုင်လည်း စိတ်ဝင်စားမယ့် အကြောင်းအရာ အသေးစားတစ်ခုခုကို အွန်လိုင်းပေါ်ကနေ သုတေသန လုပ်ခိုင်းတာမျိုး၊ စစ်တမ်း ကောက်ခိုင်းတာမျိုးတွေပေါ့။

ဒီဘက်ခေတ်လူငယ်တွေ အနေနဲ့လည်း ခေတ်၊ စနစ်ကြောင့်၊ အုပ်ချုပ်သူကြောင့်၊ ရွေးချယ်စရာတွေ များလွန်းတာကြောင့် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ခေတ်ရဲ့ သားကောင်တွေအဖြစ် ပုံအသွင်းမခံဘဲ ရုန်းထွက်ပြီး ကိုယ့်အနာဂတ် တောက်ပအောင် ကိုယ့်ဘာသာလည်း အချိန်ပြည့် ကြိုးစားအားထုတ်နေဖို့ လိုမယ်။

မျိုးဆက်သစ် လူငယ်တွေက မျိုးဆက်ဟောင်း လူကြီးတွေထက် ပိုတော်မှ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း နောက်တစ်ဆင့်မြင့်မှာ မဟုတ်လား။ အဲဒီအတွက် မျိုးဆက်သစ် ကိုယ်တိုင်ရော မျိုးဆက်ဟောင်းမှာပါ တာဝန်ရှိတယ် ဆိုတာ ပြောလိုရင်းပါ။

အယ်ဒီတာ (၁၃-၅-၂၀၁၇)

  • TAGS