POST TYPE

EDITORIAL

ဘဏ်များ၊ ကောလာဟလများနှင့် စီမံခန့်ခွဲမှု (Weekly, Vol-13/No-15)
13-May-2017 tagged as ဘဏ်

ကောလာဟလများ ထွက်ပေါ်လာရခြင်း၏ နောက်ကွယ်တွင် အကြောင်းအရင်းများစွာ ရှိနေတတ်သည်။ အထူးသဖြင့် နိုင်ငံရေး မတည်မငြိမ် ဖြစ်နေချိန်၊ စီးပွားရေး ချွတ်ခြုံကျနေချိန်၊ လူမှုရေး ပြဿနာများ ဖောင်းပွနေချိန်မျိုးတွင် ကောလာဟလ အများဆုံး ထွက်ပေါ်တတ်သည်။

အခြားတစ်ဖက်တွင်လည်း အစိုးရတို့၏ ပွင့်လင်းမြင်သာမှုနှင့် စီမံခန့်ခွဲမှု အားနည်းချက်များ၊ စီမံချက်၊ စီမံကိန်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိမ်ချိန်၊ ဖုံးကွယ်မှုများ ရှိနေလျှင်လည်း သတင်းအမှန် မရရှိနိုင်တော့ဘဲ ကောလာဟလများ ထွက်ပေါ်လာတတ်သည်။

ကောလာဟလများသည် နားလည်မှုအလွဲကြောင့် သွေးရိုးသားရိုး၊ ဖြစ်ရိုး ဖြစ်စဉ်မှ ထွက်ပေါ်လာနိုင်သလို နိုင်ငံရေး၊ စီးပွားရေး မငြိမ်မသက် ဖြစ်သွားစေရန် သို့မဟုတ် ပြိုင်ဘက် လူပုဂ္ဂိုလ်တစ်ဦးဦး၊ ပါတီ၊ အစိုးရ၊ စီးပွားရေးလုပ်ငန်း တစ်ရပ်ရပ်ကို ယိမ်းယိုင်ပြိုလဲသွားစေရန် တမင်ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်ခြင်းမျိုးလည်း ရှိတတ်သည်။

မည်သို့သော ကောလာဟလမျိုးမဆို သက်ဆိုင်ရာနယ်ပယ် အတွင်းရှိ လူပုဂ္ဂိုလ်များ၊ ပြည်သူများ၏ အခြေခံ အသိပညာ၊ ဗဟုသုတ၊ စဉ်းစားချင့်ချိန်မှု အဆင့်အတန်းအနိမ့်၊ အမြင့်အပေါ် မူတည်၍ ပျံ့နှံ့မှုအတိုင်းအတာ ကွာခြားသွားတတ်သည်။

တစ်ခါတစ်ရံတွင် ချစ်စိတ်၊ မုန်းစိတ်၊ အုပ်စုစွဲစိတ်၊ ရန်ငါ စည်းခြား စိတ်များကြောင့်လည်း ကောလာဟလများကို မသိစိတ်က ဟုတ်ယောင်ယောင်ထင်ကာ ကိုယ်တိုင် ကောလာဟလ ဖြန့်ချိသူတစ်ဦးလည်း ဖြစ်သွားတတ်သည်။

ဆိုလိုသည်မှာ မိမိကိုယ်တိုင် မုန်းတီးနေသူတစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ခုခုနှင့် ပတ်သက်သော မကောင်းသတင်းတစ်ရပ် ဆိုပါက ထိုသတင်း ဖြစ်နိုင်ချေ ရှိ မရှိ မချင့်ချိန်တော့ဘဲ မုန်းတီးစိတ်အခံဖြင့် ထိုသတင်းအတိုင်း မှန်ကောင်းမှန်နိုင်သည် ဟုထင်မှတ်ကာ အခြားသူများထံသို့ ဆင့်ပွားပေးပို့မိသွားတတ်ခြင်းကို ဆိုလိုသည်။

ယနေ့ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ကောလာဟလ အများစုမှာ အထက်ဆိုခဲ့ပါ ချစ်စိတ်၊ မုန်းစိတ် နှစ်မျိုးကြောင့် ပို၍ကျယ်ပြန့်သွားခြင်း ဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှု၊ ကိုင်တွယ်ဖြေရှင်းမှု ပေါ့ဆညံ့ဖျင်းခြင်းကြောင့်လည်း ကောလာဟလများ ပို၍ ကြီးထွားရင့်သန်သွားတတ်သည်။

ဘဏ်နှင့်ပတ်သက်သော ကောလာဟလမျိုးမှာမူ များသောအားဖြင့် လုပ်ငန်းတူချင်းက လုပ်ကြံခြင်း ဖြစ်နိုင်သလို လူအများ အထိတ်တလန့် ဖြစ်သွားစေလိုသော နိုင်ငံရေး ရည်ရွယ်ချက်မျိုးလည်း ဖြစ်နိုင်သည်။ အခြားတစ်ဖက်တွင်မူ ငွေကြေးခဝါချမှုနှင့် ဆက်စပ်နေခြင်းမျိုးလည်း ရှိနိုင်သည်။

သို့သော် ၁၉၉၀ ပြည့်လွန်နှစ် နောက်ပိုင်း ပုဂ္ဂလိကဘဏ်များ စတင်ထူထောင်ခွင့်ပြုကာစက တိုင်းရင်းသားနှင့် မြန်မာနိုင်ငံသား နာမည်ခံများ ထူထောင်ခဲ့သည့် ဘဏ်အချို့မှာ ငွေကြေးခဝါချမှုနှင့် ပတ်သက်နေကြောင်း Finicial Action Task Force နှင့် Financial Intelligence Unit ကဲ့သို့  နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပြမှုများ ရှိခဲ့ခြင်းကြောင့် ပုဂ္ဂလိကဘဏ် သုံးဘဏ် လုပ်ငန်းရပ်ဆိုင်းခံခဲ့ရသည့် သာဓကရှိခဲ့ပြီး ဖြစ်သည်။

ထိုကိစ္စများ ဖြစ်ပေါ်အပြီး ပုဂ္ဂလိကဘဏ်များကို ဗဟိုဘဏ်က တင်းကျပ်သော စည်းကမ်းများ အပါအဝင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေတို့ဖြင့် ထိန်းချုပ်ကန့်သတ်ခဲ့ပြီးနောက် ငွေကြေးခဝါချမှုနှင့် ပတ်သက်သော စွပ်စွဲချက်များနှင့် ကောလာဟလများ နည်းပါးသွားသော်လည်း ယနေ့အချိန်အထိ ကင်းစင်ပြီဟု ယတိပြတ်ပြောရန် ခက်ခဲနေဆဲ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ငွေကြေးခဝါချမှုနှင့် ပတ်သက်လျှင် သက်ဆိုင်ရာ ဗဟိုဘဏ်နှင့် အစိုးရတို့က တည်ဆဲဥပဒေများနှင့်အညီ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ထိန်းသိမ်း၊ ကြပ်မတ်ရန် တာဝန်ရှိပြီး ယင်းကိစ္စနှင့် မပတ်သက်သော်လည်း ထွက်ပေါ်လာသော ဘဏ်ကောလာဟလများကိုလည်း ကာယကံရှင်သာမက သက်ဆိုင်ရာဘဏ်များ အကြောင်း စဉ်ဆက်မပြတ် သိနေရမည့် အစိုးရ သို့မဟုတ် ဗဟိုဘဏ်က ပြည်သူလူထုအား ထုတ်ပြန်အသိပေးရှင်းလင်းရန် တစ်စိတ်တစ်ပိုင်း တာဝန်ရှိကြောင်း သိစေလိုရင်းဖြစ်သည်။ 

အယ်ဒီတာ (၁၀-၅-၂၀၁၇)