POST TYPE

EDITORIAL

မင်္ဂလာတောင်ညွှန့် ပြဿနာနှင့် ဘက် လေးဖက်၏ တာဝန် (Daily, Vol-5/No-25)
10-May-2017 tagged as

ယမန်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ပြဿနာနှင့်ပတ်သက်၍ ထုံးစံအတိုင်း အွန်လိုင်းလူမှုရေး ကွန်ရက်ပေါ်တွင် မှတ်ချက် အမျိုးမျိုး၊ သုံးသပ်ချက် အမျိုးမျိုးဖြင့် ဝေဖန်၊ ထောက်ပြ၊ ချေပ၊ ကန့်ကွက်၊ ထောက်ခံကြသည်ကို တွေ့ရသည်။

အများစုသည် ပြဿနာ ဖြစ်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ အမှန်၊ အမှား ပြောခြင်းထက် တာဝန်ရှိသူများက ဆောင်ရွက်ရမည့်ကိစ္စကို အမျိုးသားရေး လှုပ်ရှားသူများ ခေါင်းစဉ်ဖြင့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်အချို့က ဝင်ရောက် စွက်ဖက်သည့်လုပ်ရပ်ကို ဆန့်ကျင်ကြပြီး အချို့ကမူ ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသားရေး ရှုထောင့်မှ ပြင်းထန်သော မှတ်ချက်များဖြင့် ထိုလုပ်ရပ်ဘက်မှ ရပ်ခံကြသည်ကို တွေ့ရသည်။

ဖော်ပြပါ အဖြစ်အပျက်သည် ပြီးခဲ့သော ရက်ပိုင်းအတွင်း သာကေတတွင် ဖြစ်ပွားခဲ့သော ပြဿနာ၊ ယမန်နှစ်က ရွှေတိဂုံဘုရား ပရိဝုဏ်တွင် ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များနှင့် ဆက်စပ်နေသော ရဟန်းပုဂ္ဂိုလ်နှင့် လူပုဂ္ဂိုလ်များ ပါဝင်နေသည်ကို တွေ့နိုင်သည်။

ထိုမှတစ်ဖန် ကုန်ခဲ့သည့် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခမှသည် မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံ၊ ထန်းကုန်း၊ မန္တလေးစသည့် မြို့များသို့ ဆက်တိုက် ဆိုသလို ပျံ့နှံ့ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်၊ လူသတ်၊ မီးရှို့မှုများကို လေ့လာကြည့်ရာတွင်လည်း များစွာ ဆင်တူသော လက္ခဏာများ သတိပြုမိစရာ ဖြစ်ခဲ့သည်။

ထိုသို့သော ပြဿနာ၊ ပဋိပက္ခ၊ အကြမ်းဖက်မှု ဖြစ်စဉ်များကို လေ့လာကြည့်သည့်အခါ အခင်းဖြစ်ပွားသည့် နေရာတိုင်းတွင် ထိုဒေသခံ မဟုတ်သူ လူအုပ်စုတစ်စုက ကြိုတင် ရောက်ရှိနေပြီး အကြမ်းဖက်၊ မီးရှို့မှုများကို စနစ်တကျ လျင်မြန်စွာ လုပ်ကိုင်သွားကြခြင်းမှာ များစွာ ထင်ရှားလှသည်။

ထို့အပြင် ထိုသို့ အကြမ်းဖက်မှုများ ကျူးလွန်နေသော်လည်း ၎င်းတို့ကို သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူများက အချိန်မီ မတားဆီး၊ မဟန့်တား၊ မထိန်းချုပ်နိုင်ဘဲ ဆိုးဆိုးရွားရွား ဖြစ်သွားခဲ့ခြင်းမှာလည်း တူညီနေခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။

မန္တလေးမြို့တော် တစ်ခုတည်းတွင်သာ ဘာသာ၊ လူမျိုး မခွဲခြားဘဲ ငြိမ်းချမ်းရေး လိုလားသူ မြို့ခံများ၏ သတိကြီးမှု၊ ကြိုတင် ကာကွယ်နိုင်မှု၊ စည်းလုံး ညီညွတ်မှုတို့ကြောင့် အခြားမြို့များ ကဲ့သို့ ပြဿနာ ကြီးမသွားခဲ့ခြင်း ဖြစ်သည်။

ဘာသာရေး၊ လူမျိုးရေး ခေါင်းစဉ် တပ်ထားသည့် အကြမ်းဖက်မှု၊ ပဋိပက္ခ၊ ပြဿနာများကို စေ့ငုကြည့်သောအခါ အကြမ်းဖက် ခံရသည်ဟု ဆိုနိုင်သော လူနည်းစုများ၊ အကြမ်းဖက်မှု ကျူးလွန်သူများ၊ လုံခြုံရေး တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ဟူ၍ အုပ်စုလေးစု၊ ဘက် လေးဖက် ခွဲခြားကြည့်နိုင်သည်။

၂၀၁၀ ခုနှစ်နောက်ပိုင်းတွင်မှ ဤသို့သော ဘာသာရေး၊ လူမျိုးရေး ဗန်းပြ ပဋိပက္ခများ ခပ်စိပ်စိပ် ဖြစ်ပေါ်လာခြင်းကို အကြောင်းအရင်း သိလာသော ဒေသခံ သို့မဟုတ် ပြည်သူအများစုက ပြဿနာတွင် ကိုယ်ထိလက်ရောက် ပါဝင်မှု နည်းပါးလှသည့်အပြင် နောက်ပိုင်းတွင် ဒေသခံ လူနည်းစုကို အကာအကွယ် ပေးလာသည်အထိ လူမှုရေးအသိနှင့် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာသည်။

ကျူးလွန်သူများမှာမူ အချိန်ရတိုင်း၊ အခါအခွင့်သင့်တိုင်း၊ တိုက်ဆိုင်မှု ရှိတိုင်း သို့မဟုတ် အလစ်အငိုက်ဖြစ်တိုင်း ဘာသာရေး၊ လူမျိုးရေး ခေါင်းစဉ်တပ်၍ ဆူပူမှုဖြစ်စေရန် နည်းလမ်း အသွယ်သွယ်၊ အမည်နာမ အမျိုးမျိုး၊ ခေါင်းစဉ် အသီးသီးဖြင့် ကြိုးစားနေခြင်းမှာ ထင်ရှားလှသည်။

ဘာသာတရားအတွက်သာမက တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးနှင့် မြန်မာ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် အရှက်ရစရာ၊ သိက္ခာကျ၊ မျက်နှာပျက်စရာ ကိစ္စမှာ မေတ္တာကို အခြေခံထားသော အေးမြငြိမ်းချမ်းလှသည့် ဗုဒ္ဓ၏ အဆုံးအမများနှင့် ဖီလာပြုနေသော ရဟန်းဝတ်ပုဂ္ဂိုလ် အချို့၏ ပြောဆို၊ ပြုမူ၊ လှုပ်ရှားမှုများ ဖြစ်သည်။

ပြဿနာဖြစ်ပေါ်တိုင်း လုံခြုံရေးဆိုင်ရာ အားနည်းချက်မှာ ဖုံးကွယ်၍ မရလောက်သည်အထိ ပေါ်လွင်လွန်းသောကြောင့် သို့လော၊ သို့လော မှတ်ချက် ထုတ်စရာ၊ မေးခွန်းထုတ်စရာ၊ အထင်အမြင် လွဲစရာ၊ သံသယဖြစ်စရာ ကိစ္စရပ်များ တစ်သီတစ်တန်း ထွက်ပေါ်လာခြင်းကို သတိချပ်သင့်ပေသည်။

လူနည်းစုများဘက်တွင်လည်း တစ်ဖက်ကို ဆွပေးရာ ရောက်စေပြီး မိမိတို့ကိုယ်ကိုယ် တခြားသူများနှင့် များစွာ ကွဲလွဲစေမည့် ဝတ်စားဆင်ယင်မှု၊ သင်ကြား ဟောပြောမှု၊ ဘာသာရေးနှင့် ပညာရေး ရောထွေးမှု၊ အစဉ်အလာ သင်ကြားမှုများနှင့် ဆန့်ကျင်နေသော အစွန်းရောက် ဘာသာရေး၊ လူမှုရေး ပို့ချရိုက်သွင်းမှု ကဲ့သို့ ကိစ္စရပ်များကို ဆင်ခြင်သင့်သည့်အပြင် မိမိတို့ နေထိုင်လုပ်ကိုင်၊ စားသောက်နေသော နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ရိုသေမှု၊ နိုင်ငံသားဖြစ်မှုအပေါ် တန်ဖိုးထားမှု၊ နိုင်ငံသား အားလုံးနှင့် တစ်စိတ်တစ်ဝမ်းတည်း ရှိမှုတို့ကို လက်တွေ့ကျကျ ပြသရမည့် တာဝန်ရှိပေသည်။

ဆိုလိုသည်မှာ တမင်ဖန်တီးခြင်း သို့မဟုတ် တမင် ဖန်တီးသကဲ့သို့ ဖြစ်နေသော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတို့မှာ အကြောင်းရင်း တစ်ခုတည်း၊ ဘက် တစ်ဖက်တည်းကြောင့် မဟုတ်ဘဲ ပါဝင်ပတ်သက်သူ အားလုံးတွင်လည်း တာဝန်ရှိနေသည့်အတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် မိမိတို့တတ်နိုင်သည့်နေရာမှ ဥပဒေနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် မေတ္တာစိတ် အခြေခံ၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် အရေးကြီးကြောင်း အဓိက ပြောလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁၀-၅-၂၀၁၇)

  • TAGS