News

POST TYPE

EDITORIAL

ပြည်သူလူထု၏ အခြေခံ ရပိုင်ခွင့်ကို လျစ်လျူရှုခြင်းလော (Daily, Vol-5/No-23)
08-May-2017 tagged as

ရန်ကုန်မြို့တော် အပါအဝင် မြန်မာနိုင်ငံတွင် ဆောက်လုပ်နေကြသော အထပ်မြင့် အဆောက်အအုံ အများစုကို လေ့လာကြည့်ပါက နိုင်ငံခြားသား      တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှလွဲ၍ မြန်မာကုမ္ပဏီများ ဆောက်လုပ်သော အဆောက်အအုံ အများစုမှာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု၊ စည်းကမ်း၊ ဥပဒေများ လေးစား လိုက်နာမှု များစွာ အားနည်းသည်ကို တွေ့နိုင်သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောက်လုပ်သော အဆောက်အအုံများမှာ မူလကပင် နိုင်ငံခြားသား ပရိသတ်၊ နိုင်ငံခြား ကုမ္ပဏီများကို အဓိက ဦးတည်ထားသောကြောင့် စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ကြခြင်းဖြစ်သည်။

သတ်မှတ်ထားသော စံချိန်၊ စံညွှန်းဟု ဆိုရာတွင် အများပြည်သူ၏ အခြေခံ အခွင့်အရေးနှင့် အန္တရာယ်ကင်းမှုကို ဦးစားပေးထားသော သတ်မှတ်ချက်များသာ ဖြစ်သည့်အတွက် စံချိန်၊ စံညွှန်း သတ်မှတ်ချက် မရှိပါက သက်ဆိုင်ရာ နိုင်ငံသားများ၏ အခြေခံ အခွင့်အရေးကို လျစ်လျူရှု ပစ်ပယ်ရာ ရောက်သည်။

မကြာသေးခင်က ရန်ကုန်မြို့လယ်တွင် ဖွင့်လှစ်လိုက်သည့် အဆောက်အအုံ တစ်ခုဆိုလျှင် အများပြည်သူနှင့် ဆိုင်သော ဈေးဝယ်စင်တာနှင့် ဟိုတယ် ထည့်သွင်းထားသဖြင့် မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနတို့က သတ်မှတ်ထားရမည့် စံချိန်စံညွှန်းနှင့် စည်းကမ်း၊ ဥပဒေများနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်ရန် လိုအပ်သည်။

လောလောဆယ်အားဖြင့် ယင်းအဆောက်အအုံ မျက်နှာစာနှင့် ဘေးတစ်ဖက်ရှိ လမ်းမကြီးပေါ်မှ ယာဉ်ကြော နှစ်ကြောအထိ ပိတ်ဆို့နေတတ်ပြီး ထိုလမ်းမ နှစ်ခုပေါ်တွင် နေ့စဉ် သွားလာနေကြသည့် မော်တော်ယာဉ်များ၏ ခရီးလမ်းကို နှောင့်နှေးကြန့်ကြာသွားစေသည်။

စင်စစ်အားဖြင့် လမ်းမကြီးများနှင့် ကပ်လျက် ရှိနေသော နေရာတွင် အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများ တည်ဆောက်ပါက ယင်းရှေ့လမ်းမများ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန် လမ်းမနှင့် အနည်းဆုံး ပေ၂၀ ခန့်ခွာဆောက်ကာ အဆောက်အအုံရှေ့နှင့် ပတ်လည်တွင် ယာဉ်အဝင် အထွက် ပြုနိုင်သည့် နေရာလွတ်များ ချန်ထားသင့်ပေသည်။

သို့သော် စစ်အာဏာရှင်ခေတ် နောက်ပိုင်း ရန်ကုန်နှင့် မန္တလေးမြို့တော်တို့တွင် တည်ဆောက်သော အများပြည်သူဆိုင်ရာ အထပ်မြင့် အဆောက်အအုံ အများစုမှာ ကားပါကင် လုံလောက်မှု မရှိခြင်း၊ မီးဘေး အန္တရာယ်အတွက် လုံလောက်သော အကာအကွယ် မရှိခြင်း၊ လမ်းမကြီးများနှင့် ကပ်သည်အထိ မြေနေရာလု၍ ဆောက်လုပ်ခြင်း၊ အရေးပေါ် ထွက်ပေါက်နှင့် အရေးပေါ် လှေကားများ မပါဝင်ခြင်း၊ ပါဝင်သော အရေးပေါ် လှေကားများမှာလည်း ခိုင်ခံ့မှုမရှိခြင်း၊ လေဝင်လေထွက် မကောင်းမွန်ခြင်း၊ အလင်းရောင် လုံလောက်မှု မရှိခြင်းကဲ့သို့ အားနည်းချက်များ တွေ့မြင်ရသည်။

ယင်းအားနည်းချက်များကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ လာဘ်ပေး၍ ကျော်ဖြတ်ခဲ့ခြင်းကြောင့် ဥပဒေ၊ စည်းကမ်းများ စံချိန်၊ စံညွှန်းများ ရှိနေလင့်ကစား အညံ့စား၊ အပေါစား အထပ်မြင့် အဆောက်အအုံများသာ ဖြစ်ခဲ့ပြီး ထိုအဆောက်အအုံတွင် နေထိုင်၊ လုပ်ကိုင်သည့် ပြည်သူနှင့် စီးပွားရေး လုပ်ငန်းများ၏ အခြေခံ အခွင့်အရေးကို ချိုးဖောက်ခြင်း၊ မလေးစားခြင်း ဖြစ်သည်။

ယနေ့ခေတ်ကဲ့သို့ အချိန်မျိုးတွင်မူ ရန်ကုန်မြို့တော်၏ အထင်ကရ နေရာမျိုးတွင် ပြည်တွင်း ကုမ္ပဏီတစ်ခုက အခြေခံ စံချိန်စံညွှန်းနှင့် စည်းကမ်း၊ ဥပဒေများကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှု၍ ယာဉ်ကြောပိတ်ဆို့ ကျပ်တည်းစေသော အထပ်မြင့် အဆောက်အအုံမျိုး ဆောက်လုပ်ဖွင့်လှစ်လိုက်ခြင်းမှာ ခွင့်ပြုသော သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အဂတိတရား ကင်းစင်မှုနှင့် ပြည်သူလူထု၏ အခြေခံ အခွင့်အရေးများအပေါ် ထားရှိသည့် သဘောထားကို မေးခွန်း ထုတ်ရမည်ဖြစ်ကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၈-၅-၂၀၁၇)

  • TAGS