News

POST TYPE

EDITORIAL

စကားတစ်ခွန်း၊ စရိုက်နှစ်မျိုး၊ အင်စတီကျူးရှင်း နှစ်ခုက ပြောသော အဆင့်အတန်း (Daily, Vol-5/No-22 )
07-May-2017 tagged as

“စကား၊ စကား ပြောပါများ၊ စကားထဲက ဇာတိပြ”ဆိုသော မြန်မာစကားပုံကို ကြားဖူးကြပေမည်။ စကားများများ ပြောသူသည် ကြာလာသည်နှင့်အမျှ ပြောသည့်စကားတွင် ကာယကံရှင်၏ အကျင့်စရိုက်ကို ထင်ဟပ်သော အတွေးအခေါ်နှင့် အယူအဆများ တွေ့မြင်ရနိုင်ကြောင်းကို ဆိုလိုသည့် စကားပုံ ဖြစ်သည်။

“နှုတ်ကြောင့် ကြေ၊ လက်ကြောင့်သေ”ဆိုသော စကားပုံမှာလည်း အထက်ပါ စကားပုံနှင့် ဆက်စပ်သည်။ နှုတ်ထွက်စကား တစ်ခွန်းကြောင့် ယင်းစကားကို မခံရပ်နိုင်သူ၏ ရန်သတ္တုပြုခြင်းကို ခံရတတ်ကြောင်းနှင့် ထိုသို့ဒေါသကို မထိန်းနိုင်သော ရန်ပြုသူသည်လည်း မထိန်းနိုင်သော လက်ကြောင့် သေဆုံးရနိုင်ကြောင်း ဆုံးမသည့် သဘောပါသည့် စကားပုံဖြစ်သည်။

မြန်မာစကားပုံများသည် ရှေးမြန်မာပညာရှိများက မြန်မာ့လူမှုပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်း၏ စရိုက်သဘာဝကို စေ့ငုသုံးသပ်ကာ မျိုးဆက်သစ်များအတွက် သတိပေး လမ်းညွှန်သည့်သဘော ဖော်ထုတ်ထားခဲ့သည့် ဆုံးမစာများဟုလည်း ဆိုနိုင်သည်။

သမိုင်းကြောင်းအရသော်လည်းကောင်း၊ ကျင့်သုံးခဲ့သော စနစ်များအရသော်လည်းကောင်း၊ သင်ကြားလေ့လာ ဖြတ်သန်းခဲ့သော ပညာရေး ပတ်ဝန်းကျင်များအရသော်လည်းကောင်း မြန်မာလူ့အဖွဲ့အစည်းမှာ များစွာ အကဲဆတ်သော စိတ်အခြေအနေတွင် ရှိပေသည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အားလုံးလိုလိုတွင် ကြုံလာသမျှ အခြေအနေတိုင်းကို အကဲဆတ်ဆတ် တုံ့ပြန်နေခြင်းကြောင့် မလိုလားအပ်သော ပြဿနာများဖြင့် ရှုပ်ထွေးနေလေ့ ရှိသည်။

များသောအားဖြင့် အဓိက အရေးကြီးသော ကိစ္စရပ်များထက် သာမည ဆန်သော အသေးအဖွဲ ပြဿနာလေးများတွင် အချိန်ကုန်၊ လူပန်း၊ စိတ်နွမ်းဖြစ်ပြီး မှန်ကန်တည့်မတ်သော ဆုံးဖြတ်ချက်၊ ဖြေရှင်းနည်းများဆီ မရောက်ဘဲ အဆိုးကျော့ သံသရာအတွင်း၌သာ ဝဲလည်နေပေသည်။

ပြောရလျှင် နိုင်ငံ၏ အပြောင်းအလဲနှင့် ဖွံ့ဖြိုးရေးကို အဓိက ရှေ့ဆောင် မောင်းနှင်ရမည့် နိုင်ငံရေးနယ်ပယ်တွင် အဓိကနှင့် သာမည ကိစ္စမကွဲပြားခြင်း၊ လူမှန် နေရာမှန် မဖြစ်ခြင်း၊ စိတ်ခံစားချက်ဖြင့် အရာရာကို ရှုမြင် တုံ့ပြန်နေကြခြင်း၊ ရန် ငါ စည်း ခွဲခြားမှု အရိပ်မကင်းသေးခြင်းတို့ကြောင့် ခရီးဖင့်နေခြင်း ဖြစ်သည်။

အထူးသဖြင့် ပြည်သူလူထု၏ သတင်းသိခွင့် ဖြည့်ဆည်းပေးသည့် တာဝန်ကို ဆည်းပူးထားသော ပညာ၊ ခံယူထားသော ရပ်တည်ချက် အသီးသီးအရ သန်ရာ၊ သန်ရာ ကိုယ်စီ ထမ်းဆောင်နေကြသူများသာ ဖြစ်သည့် သတင်း မီဒီယာများကိုပင် ယခင်အစိုးရ အဆက်ဆက်ကဲ့သို့ပင် အဆင့်အလိုက် ခွဲခြားနိုင်စွမ်းမရှိဘဲ စတုတ်တိုက် ရှုမြင်နေဆဲဖြစ်သည်။

ထို့ကြောင့် PR ခေါ် လူထုဆက်ဆံရေးလုပ်ငန်း သို့မဟုတ် လူထုထံ ပြန်ကြားဆက်ဆံသည့် လုပ်ငန်းကို ဝါဒဖြန့်ချိရေး သက်သက်နှင့် အတိုက်အခံ သက်သက် နှစ်မျိုးသာ အဓိပ္ပာယ် ကောက်ထားသည့် ပြောဆို၊ တုံ့ပြန်မှုများ၊ ထုတ်ပြန်ကြေညာမှုများ၊ ထိတွေ့ဆက်ဆံမှုများ၊ လက်တွေ့ ကျင့်သုံးဆက်ခံမှုများ တွေ့မြင်နေရခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ပြည်သူလူထု၏ ယုံကြည်လေးစားမှု၊ ထောက်ခံအားပေးမှု၊ စာနာ နားလည်မှု ပြန်လည် ရရှိရန် ကြိုးစားနေဆဲ အဆင့်သာ ရှိသေးသည့် ပါဝါအမာကို လုံးလုံးအားပြုထားသော အင်စတီကျူးရှင်းများအနေနှင့် အရာရာကို ဆတ်ဆတ်ထိမခံ တုံ့ပြန်နေခြင်းမှာလည်း အများအမြင်တွင် အနုတ်လက္ခဏာ သဘောဆောင်သွားတတ်သည်။

ထို့ထက် ပိုလျှင်ကား မူလကပင် သံသယ ရှိနေသူများ၏ အမြင်တွင် သဘောထား သေးနုပ်သည့်အသွင်၊ မရင့်ကျက်သည့် လက္ခဏာ၊ အနာပေါ်  တုတ်ကျသည့်စရိုက်ဟု ယူဆစရာ ဖြစ်သွားနိုင်သည့်အပြင် မိတ်ဆွေကို ရန်သူအဖြစ် သတ်မှတ်လိုက်သကဲ့သို့ ဖြစ်သွားနိုင်ခြင်းကြောင့် မေတ္တာစိတ်၊ ခွင့်လွှတ် သည်းခံစိတ်တို့ဖြင့် သဘောထားကြီးကြောင်း၊ လူကြီးလူကောင်း ဆန်ကြောင်း၊ အဆင့်အတန်း မြင့်မားကြောင်း၊ ပြည်သူ့ကိုယ်စားပြု ရင့်ကျက်သည့် ပရော်ဖက်ရှင်နယ် အင်စတီကျူးရှင်းဖြစ်ကြောင်း ပြသရန် တိုက်တွန်းလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၇-၅-၂၀၁၇)

  • TAGS