POST TYPE

EDITORIAL

ငွေများ ဘဏ်များ
ဘဏ်များသည် စီးပွားရေး တည်ငြိမ်ရေးနှင့် တိုးတက်ရေးတွင် အဓိကကျသော အဖွဲ့အစည်းများ ဖြစ်သည်။ တချိန်တည်းတွင် မြန်မာပြည်ရှိ ဘဏ်များသည် မြန်မာနိုင်ငံကဲ့သို့ပင် စပ်ကူးမပ်ကူး ကာလကြီးထဲတွင် ရောက်နေသည်။

ဘဏ်တို့ မတည်ငြိမ်လျှင် ငွေကြေးစီးဆင်းမှု မတည်ငြိမ်၊ စီးပွားရေး မတည်ငြိမ်။ ဘဏ်တို့သည် ငွေပိုသူနှင့် ငွေလိုသူကြား ငွေကြေး လက်ပြောင်းလက်လွှဲပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်လျှင် အရင်းအနှီး လွယ်ကူပြီး စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာ ကြီးထွားလာမည်။ ဘဏ်တို့ခိုင်မာလျှင် စီးပွားရေး လုပ်ရကိုင်ရသည်မှာ စွန့်စားရမှု Risk နည်းလာသည်။ 

ဘဏ်အနာ

မြန်မာနိုင်ငံသည် ဘဏ်နှင့်ပတ်သက်သော အနာများ ရှိသဖြင့်  အစိုးရက ကြပ်မတ်သလို ပြည်သူကလည်း သံသယကြီးသည်။ ဘဏ်ထဲတွင် ငွေမထည့်သူ အချိုးသည် ကြီးမားသည်။ ရိုးရာအစဉ်အလာအရ မြေ၊ ရွှေနှင့် ဖျာအောက်တွင် ပိုင်ဆိုင်မှုကိုထားရန် ပိုစိတ်ချသည်။  ကောလာဟလများကိုလည်း ယုံသည့်အကျင့်စွဲနေသဖြင့် ဘဏ်များသည် ငွေအစုလိုက် အပြုံလိုက် လာထုတ်လျှင် ဘဏ်များ ပြိုလဲမည့် အန္တရာယ်ကို  အမြဲတွက်ချက်နေရသည်။ ထိုအန္တရာယ်ကို ကြောက်သဖြင့် အစီအမံများ ပြုလုပ်ရရာ ဈေးကွက်ထဲတွင် လည်ပတ်ရမည့် ငွေအချို့ကို အရေးဟယ်၊  အကြောင်းဟယ်အတွက် ဖယ်ထားအောင် စည်းမျဉ်းစည်းကမ်းများ ချထားရသည်။ ဈေးကွက်အတွင်း၊ နိုင်ငံအတွင်း ယုံကြည်မှု မြင့်တက်လာသည်နှင့်အမျှ ဘဏ်များလည်ပတ်မှု စည်းမျဉ်းစည်းကမ်းများ  ဖြေလျှော့ပေးနိုင်မည်ဟု ထင်သည်။ 

စင်စစ် ‘ပြုပြင်ပြောင်းလဲလိုသည့် စိတ်ဆန္ဒနည်းပါးခြင်း’ ဟူသော အကြောင်းရင်းအပြင် ယခင်ဒဏ်ရာ ဒဏ်ချက်များ၊ ငွေကြေးနယ်ပယ်ကို ထိန်းကျောင်းရာတွင် အရေးကြီးဆုံးဖြစ်သည့် သတင်းအချက်အလက် ရယူနိုင်စွမ်း၊ ထိန်းကျောင်းနိုင်သည့် လူသားရင်းမြစ်ရှားပါးမှု၊ နိုင်ငံရေးမူဝါဒ ချမှတ်သူများ၏ ဝင်ရောက်စွက်ဖက်နိုင်ခြေ ကြီးမားခြင်းတို့သည်လည်း မြန်မာ့ငွေရေးကြေးရေး ဘဏ္ဍာရေးနယ်ပယ် ပြုပြင်ပြောင်းလဲမှု နှေးကွေးရခြင်း၏ အကြောင်းရင်းများ ဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများ အနက် ငွေရေးကြေးရေး နယ်ပယ်တွင် ဖွံ့ဖြိုးမှု အနည်းဆုံးဟု GIZ က ယမန်နှစ် နှစ်ကုန်ပိုင်း အစီရင်ခံစာတွင် ဖော်ပြသည်။ ထိုသို့ ဖွံ့ဖြိုးမှု အနည်းဆုံး ဖြစ်ခြင်းသည် တစ်ဖက်ကကြည့်လျှင် စိတ်အားတက်စရာ။ အဘယ်ကြောင့်ဆိုသော် လူဦးရေသန်း ၅၀ ကျော်ရှိပြီး တစ်နှစ်လျှင် စီးပွားရေး ၇ ရာခိုင်နှုန်းခန့် တိုးတက်နေသော နိုင်ငံတွင် ငွေရေးကြေးရေးကဏ္ဍသည် ဒေသတွင်းတွင် ဖွံ့ဖြိုးမှု အနည်းဆုံးဟုဆိုလျှင် ထိုနယ်ပယ်၏ ဖွံ့ဖြိုးနိုင်စွမ်းသည် အကန့်အသတ်မရှိပေ။

တံခါးအပွင့်

ယခုအချိန်သည် သမ္မတဦးသိန်းစိန် လက်ထက်က စခဲ့သော တံခါးအဖွင့်ကို အရှိန်မြှင့်ရမည့်ကာလ ဖြစ်သည်။ ယခင်က ပြည်တွင်းဘဏ် ကိုယ်စားပြု အကျိုးစီးပွားတို့သည် လွှတ်တော်တွင်း ရှိခဲ့ရာ ဘဏ်နယ်ပယ်၊ ငွေရေးကြေးရေးနယ်ပယ် တံခါးဖွင့်ရန်သည် မူဝါဒ အငြင်းအခုန် ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေး ဖြစ်သင့်သလောက် မဖြစ်ခဲ့။ ယခုအခါတွင်မူ စီးပွားရေးမူဝါဒ ချမှတ်သူများသည် ပြည်ပဘဏ်များကို ဝင်ခွင့်ပေးလိုက်ပြီ ဖြစ်သည်။ ဘဏ်အပါအဝင် ငွေရေးကြေးရေး နယ်ပယ်ကြီး တစ်ခုလုံးကိုလည်း ကြီးမားသော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် စတင်နေပြီ။

နိုင်ငံခြားဘဏ်များသည် အရင်းအနှီး ကြီးမားသည်၊ အတတ်ပညာ ကြွယ်ဝသည်၊ အတွေ့အကြုံရင့်သည်။ တစ်ဖက်တွင် သူတို့သည် ပြည်ပမှငွေများကို သွင်းလာမည် ဖြစ်သဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ် သက်ရောက်နိုင်သည်။  နိုင်ငံခြားငွေကြေးဈေးကွက် အသွင်ပြောင်းသွားမည်။ နိုင်ငံခြားငွေ စီးဆင်းမှုသည် နိုင်ငံတကာနှင့် ပိုပြီးချိတ်သွားမည်။ နိုင်ငံတကာနှင့် ပိုချိတ်သွားသည့်အတွက် သာသည့်အချက် ရှိသလို  နိုင်ငံတကာတွင် အကျပ်အတည်းများ ဖြစ်လျှင်လည်း ကိုယ့်ဆီသို့ ကူးစက်နိုင်ခြေ ပိုရှိသည်။

ပြည်တွင်းဘဏ်များသည် နိုင်ငံခြားဘဏ်များနှင့် တွဲလုပ်ရင်း၊ ယှဉ်ပြိုင်ရင်း တိုးတက်လာမည်။ အပြိုင်အဆိုင်မရှိလျှင် မတိုးတက်နိုင်။ သို့သော် ပြည်တွင်းဘဏ်များကို အစိုးရသည် တစ်နည်းနည်းဖြင့် ပံ့ပိုးပေးရဦးမည်။ ပြည်တွင်းရှိ အရင်းအနှီးရယူလိုသူများသည် ပြည်ပအရင်းအနှီးရင်းမြစ်များကို လက်လှမ်းမီလာမည်။ နိုင်ငံခြားဘဏ်များသည်လည်း သူ့အခက်အခဲနှင့်သူ ရှိနေမည်ဖြစ်ရာ ပြည်တွင်းဘဏ်များ အနေနှင့် အထူးတလည် စိုးရိမ်ရန်မလိုပါ။ နိုင်ငံခြားဘဏ်များကို ရှယ်ယာထုတ်ရောင်းရန်အတွက် အသင့်ပြင်ပြီး စောင့်ဆိုင်းနေသည့်  ပြည်တွင်းဘဏ်များလည်း ရှိမည်ဖြစ်သည်။ 

အခုန်အပျံ အပြောင်းအလဲ

ငွေကြေးသည် အဓိပ္ပာယ် ပြောင်းနေပြီ။ ငွေကြေးသည် စက္ကူအဖြစ်မှ ဒစ်ဂျစ်တယ် မှတ်ဉာဏ်ပိုင်းစလေးတစ်ခု အဖြစ် ပြောင်းလဲသွားသည်။ ငွေကြေးကို ကိုင်တွယ်နေရသော ဘဏ်များသည်လည်း ငွေကြေးပြောင်းလဲသည်နှင့်အမျှ လိုက်ပြောင်းရသည်။ 

မြန်မာနိုင်ငံ၏ ဘဏ်အပြောင်းအလဲသည် အခြားနိုင်ငံများ၏ ဘဏ်အပြောင်းအလဲနှင့် မတူခြင်းမှာ မြန်မာသည် သမားရိုးကျ သွားနေချိန် တွင် တစ်ပြိုင်တည်း ခုန်ပျံကျော်လွှားနေခြင်း ဖြစ်သည်။ ငွေရေးကြေးရေး နယ်ပယ်တွင်သာ မဟုတ်။ မြန်မာရှိ နယ်ပယ်အများအပြားသည် အခြားသူများ လုပ်သမျှ ထပ်တူလိုက်လုပ်ရန် မလိုဘဲ သူတို့နောက်ဆုံးရောက်နေသည့် အဆင့်သို့ ခုန်ပျံကျော်လွှားနိုင်ခြေ leap-frogging ရှိသည်။ 

အခြားနိုင်ငံများက Cashless ငွေစက္ကူပျောက်၊ Cashless ပြီးမှ Cardless ကတ်ပျောက်သွားချိန်တွင် မြန်မာက Cashless၊ Cardless အဆင့်သို့ တစ်ပြိုင်တည်း သွားနေသည်။ ATM စက်များ တပ်ခြင်းကို လျှော့သင့်၊ မသင့် နိုင်ငံခြားဘဏ်ကြီးများ စဉ်းစားခန်းဝင်နေချိန်တွင် မြန်မာပြည်ရှိ ATM စက်များသည် တပ်ဆင်သည်မှာ မကြာသေးသလို အားနည်းချက်များစွာ ရှိနေသည်။ အခြားနိုင်ငံများတွင်  ဘဏ်ခွဲအဆောက်အအုံများသည် ဆီလျော်ခြင်း ရှိပါတော့မလား တွေးနေရချိန်တွင် ကျွန်တော်တို့ဆီတွင် ဘဏ်ခွဲများ တိုးချဲ့နေကြသည်။ တိုးချဲ့သူဘက်က ကြည့်လျှင်လည်း ဘဏ်ခွဲများသည် မြန်မာနိုင်ငံ အရွယ်အစားဖြင့် နည်းပါးနေသေးသဖြင့် ချဲ့သင့်သည်ဟု စဉ်းစားသည်မှာ မှန်သည်။ ဘဏ်ခွဲများ တိုးချဲ့ခြင်းသည် ဘဏ်လုပ်ငန်းရှုထောင့်က ကြည့်သလား၊  Real Estate ခေါ် အိမ်၊ ခြံ၊ မြေဈေးကွက် ရှုထောင့်ကကြည့်သလား၊ နိုင်ငံခြားဘဏ်များကို လုပ်ငန်းတစ်စိတ်တစ်ပိုင်းရောင်းရန် စဉ်းစားထားသလားမူ စဉ်းစားစရာ။ 

အချို့ဘဏ်ကြီးများမှာမူ ဘဏ်ခွဲများ တိုးချဲ့ဖွင့်လှစ်ရေး (Branch Game) တွင် ဝင်မပြိုင်တော့ဘဲ Online Banking နှင့် ငွေပေးချေခြင်းဘက်သို့ တန်းသွားရန် ကြိုးစားသည်။ မနိုင်သော ပြိုင်ပွဲတွင် ဝင်မပြိုင်ဘဲ နောက်ထပ်နေရာသစ်တစ်ခု ဖန်တီးရန် ကြိုးစားကြခြင်း ဖြစ်သည်။ ဘဏ်များ၏ အစဉ်အလာ ဝန်ဆောင်မှုဖြစ်သည့် ငွေပေးချေခြင်း Payment ဈေးကွက်ကိုသာ ကြီးစိုးနိုင်လျှင် မြန်မာပြည်သည် ဧရာမဈေးကွက်ကြီး ဖြစ်သည်။ 

ကွဲပြားခြားနားသော လုပ်ငန်းများကြား ခြားထားသည့် စည်းသည် ယခုအခါ မှိန်သထက် မှိန်လာသဖြင့် ဆက်သွယ်ရေးလုပ်ငန်း Telecom Operator များသည်လည်း ဘဏ်များနှင့် ပေါင်းပြီးသော် လည်းကောင်း၊ သီးခြားသော် လည်းကောင်း ငွေရေးကြေးရေး လောကထဲသို့ ဝင်ရောက်ရန်  ကြိုးစားနေသည်ဖြစ်ရာ မူဝါဒချကြပ်မတ်သူများ အနေနှင့် နယ်ပယ်ပေါင်းစုံကို တစ်ပြိုင်တည်း နားလည်အောင် ကြိုးစားရသည့် အခက်အခဲများနှင့် ရင်ဆိုင်ရသည်။ နောင်တွင် Social Media များပါ ထိုငွေရေးကြေးရေး နယ်ပယ်တွင်းသို့ ဝင်ရောက်လာဖွယ် ရှိသည်။

လူသားအရင်းအမြစ်

လူသားအရင်းအမြစ် နည်းပါးသည့်အတွက် အစိုးရဘဏ်မှ  ပုဂ္ဂလိကဘဏ်၊ ပုဂ္ဂလိကဘဏ်မှ နိုင်ငံခြားဘဏ်သို့ အကူးအပြောင်း အလွန်များသည်။ တစ်နိုင်ငံလုံးတွင် ရှားရှားပါးပါးရှိသော လူသားရင်းမြစ်များသည် အင်္ဂလန် ဘောလုံးကလပ်အသင်း ဘောလုံးသမား အရောင်းအဝယ်ဆန်ဆန် အကူးအပြောင်းများပြီး လစာကွာခြားမှု ကြီးမားသည်။ လူသားအရင်းအမြစ် ချို့တဲ့ခြင်းသည် မြန်မာ့ငွေရေးကြေးရေး နယ်ပယ်တွင် ကြီးမားသော အားနည်းချက်ဖြစ်သည်။ ဘဏ်များသည် ဘဏ်တွင်း သင်တန်းကျောင်းများ ဖွင့်လှစ်ခြင်းဖြင့် ထိုအခက်အခဲကို ဖြေရှင်းရန် ကြိုးစားသော်လည်း အဆင့်မြင့် နည်းပညာပိုင်းများတွင် အခက်အခဲများစွာ ရှိနေဆဲဖြစ်သည်။

ဗဟိုဘဏ်

ဗဟိုဘဏ်သည် ဘဏ်များကို ထိန်းကျောင်းရသည့် အမြင့်ဆုံးသော  အာဏာပိုင် အဖွဲ့အစည်း ဖြစ်သည်။ ဗဟိုဘဏ်ကိုယ်တိုင်သည် မကြာသေးမီကမှ လွတ်လပ်လာရာ ကိုယ့်ဘာသာကိုယ် မားမားရပ်နိုင်အောင် ကြိုးစားနေဆဲကာလ ဖြစ်သည်။ မြန်မာပြည်ရှိ ဘဏ်အများအပြားသည်  ဘဏ်များ သီးသန့်ရပ်တည်သည်ထက် Conglomerate ခေါ် လုပ်ငန်းစုံ အုပ်စုကြီးများ၏ အစိတ်အပိုင်းတစ်ရပ်အတွက် ရပ်တည်ကြရာ ထိုသို့  စီးပွားရေး လက်တန်ရှည်သူများကို ကြပ်မတ်သည့် ဗဟိုဘဏ်၏ ကြိုးစားမှုများမှာ ခက်ခဲမည် ဖြစ်သည်။ တစ်ဖက်တွင် ငွေရေးကြေးရေးနယ်ပယ်အတွင်း လူသားအရင်းအမြစ် ချို့တဲ့မှုသည် ဗဟိုဘဏ်ကိုလည်း ရိုက်ခတ်မည်သာ။ ဗဟိုဘဏ်မှနေ၍ လူသားအရင်းအမြစ်သည် အခြားဘဏ်များထံသို့ တစ်ဖက်သတ် စီးထွက်ဆုံးရှုံးမည်ဟု ခန့်မှန်းရသည်။ 

မြန်မာ့ငွေရေးကြေးရေးလောကသည် ယခုအချိန်တွင် အတက်ဘက်သို့ ရှေးရှုသည်။ ပါဝင်ကစားသူ Player များ ကြိုးစားလျှင် ကြိုးစားသလို၊ မူဝါဒ ချမှတ်သူများ အမြော်အမြင်ကြီးလျှင် ကြီးသလို မြန်မာ့စီးပွားရေးကို ကြီးထွားတည်ငြိမ်စေမည်။ 

ဇေယျသူ

ABOUT AUTHOR

(ေဇယ်သူ)