News

POST TYPE

EDITORIAL

အမိယုတ်သား မဖြစ်စေချင် (Daily, Vol-5/No-21)
06-May-2017 tagged as

ဒီနေ့ မြန်မာလူမှုပတ်ဝန်းကျင်မှာ ပြောဆို၊ ဆွေးနွေး၊ ငြင်းခုံ၊ စကားနိုင်လု၊ အချေအတင်ပြော၊ အပြန်အလှန် စွပ်စွဲ၊ ပြစ်တင်၊ ရှုတ်ချ၊ အဆိုးပြော၊ တိုက်ခိုက်၊ အပုပ်ချ နေကြတာတွေကို ကြည့်ရင် ယဉ်ကျေးမှု အဆင့်အတန်း တော်တော်ကို နိမ့်သွားတယ်လို့ ဆိုရမလားပဲ။

အထူးသဖြင့် အွန်လိုင်း လူမှုရေးကွန်ရက်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်အကြား၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့အကြား၊ တစ်အုပ်စုနဲ့ တစ်အုပ်စုအကြား၊ ထောက်ခံသူနဲ့ ကန့်ကွက်သူအကြား၊ နိုင်ငံရေးအယူအဆ မတူသူတွေအကြား စသဖြင့် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပြောဆို၊ ရေးသားနေတာတွေက အတော့်ကို ကြမ်းတမ်းလာတယ်။

အကြောင်းအရာတစ်ခု၊ အဖြစ်အပျက်တစ်ရပ်အပေါ်မှာ စိတ်ထင်သလို မှတ်ချက်ပေးတာတွေက လွတ်လပ်ခွင့်ဆိုတဲ့ စည်းဘောင်ကို ကျော်လာပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ထိခိုက်မှုတွေ၊ လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေးနဲ့ လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ များလာတယ်။

တချို့ကတော့ အွန်လိုင်းပေါ်မှာ အဲလို လုပ်ဖို့သက်သက် သီးသန့် လေ့ကျင့်ပေးထားတဲ့ အုပ်စုကနေ တမင် ရည်ရွယ်ချက်နဲ့ အပြစ်တင်၊ အဆိုးပြော၊ လုပ်ကြံ၊ ပုတ်ခတ်၊ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်၊ သတင်းအမှားတွေ လွှင့်၊ တိုက်ခိုက်၊ ပြဿနာရှာ၊ မီးမွှေး၊ မီးလောင်ရာလေပင့် အလုပ်တွေကို တာဝန်အရ လုပ်နေတဲ့သူတွေရှိတယ်။

တချို့က ကိုယ်နဲ့ ရင်းနှီးလို့၊ ဆရာသမား ဖြစ်နေလို့၊ လူမျိုး၊ ဘာသာတူလို့၊ နိုင်ငံရေး ခံယူချက်တူလို့၊ ထောက်ခံတဲ့ ပါတီချင်းတူလို့၊ ကျောင်းတူ၊ တက္ကသိုလ်တူ၊ အဖွဲ့အစည်း တူတွေမို့ အုပ်စုတူ အချင်းချင်း ဘာဖြစ်ဖြစ် သူ့ဖက်က ထောက်ခံရမယ်၊ သူနဲ့ ထိပ်တိုက်တွေ့သူကို ဆန့်ကျင်ရမယ်ဆိုတဲ့ ပုံစံမျိုး ရှိကြတယ်။

တချို့ကတော့ ဘာမှန်း၊ ညာမှန်း သေသေချာချာ ဂဃနဏ မသိ၊ သိအောင်လည်း မလုပ်၊ လုပ်ဖို့လည်း မစဉ်းစား၊ စဉ်းစားဖို့လည်း အချိန်မပေး၊ အချိန်ပေးဖို့အတွက်လည်း ဆည်းပူး လေ့လာထားတာ မရှိတဲ့သူတွေက သူများယောင်လို့ လိုက်ပြီး ဝေလေလေ လုပ်တတ်ကြတယ်။

နှစ်ပေါင်း များစွာ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုနဲ့ အပြစ်ပေး၊ အရေးယူမှုတွေအပြင် မိရိုးဖလာ အရိုးစွဲလာသလိုဖြစ်ခဲ့တဲ့ အကြီး၊ အငယ် ဆက်ဆံရေးတွေကြောင့် စိတ်ဒဏ်ရာ သင့်နေတဲ့ လူ့အဖွဲ့အစည်းတွေမှာ မသိစိတ်က လက်စားချေနေကြတဲ့အတွက် Blame Game သံသရာ လည်နေတတ်တယ်။

တစ်နေနေရာမှာ ကိုယ်ခံခဲ့ရတဲ့အတိုင်း အကြောင်း တိုက်ဆိုင်လာတဲ့အခါ တစ်ပါးသူ တစ်ယောက်ယောက် အပေါ်မှာလည်း ကိုယ်ခံစားခဲ့ရသလို ဖြစ်အောင် မသိစိတ်က လုပ်မိ၊ အပြစ်ပေးမိတာမျိုးကို မသိစိတ်က လက်စားချေတယ်လို့ ပြောနိုင်တယ်။

ကျွန်တော်တို့ ကိုယ်တိုင် တစ်နေနေရာရာမှာ တစ်ယောက်ယောက်၊ တစ်ဖွဲ့ဖွဲ့ကို အဲလို လုပ်မိကြသူချည်းပဲ။ ကာယကံအားဖြင့် မလုပ်ရရင်တောင် ဝစီကံအားဖြင့် အပြစ်ပေးသလို မယဉ်ကျေးတဲ့ စကားအသုံးအနှုန်း၊ ရိုင်းပျ ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောဆို၊ ရေးသားမိတတ်ကြတယ်။ 

ဒါကို တစ်နည်းပြောရရင် မကောင်းမှု အကုသိုလ်ဖြစ်တဲ့ ဒုစရိုက် ကျူးလွန်တာပဲ။ ဒုစရိုက် ဆယ်ပါးထဲက ဝစီဒုစရိုက်နဲ့ ငြိစွန်းတယ်။ အဲလိုဆိုရင် မမှန်သော စကားပြောဆိုခြင်းလို့ဆိုတဲ့ မုသာဝါဒ၊ ကုန်းချော ရန်တိုက်စကား ပိသုဏဝါစာ၊ ကြမ်းတမ်း ရိုင်းစိုင်းတဲ့စကား ဖရုသဝါစာ၊ အကျိုးမရှိ အနှစ်မပါတဲ့စကား သမ္ဖပ္ပလာပဆိုတဲ့ ဝစီဒုစရိုက် လေးပါးစလုံးနဲ့ မလွတ်ကင်းတော့ဘူး။

“အဖယုတ် သား လက်ကြမ်း၊ အမိယုတ် သား နှုတ်ကြမ်း”ဆိုသော မြန်မာ စကားပုံကို အတော်များများ ကြားဖူးကြသလို လက်တွေ့အားဖြင့်လည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဲဒီစကားပုံနဲ့ နှိုင်းယှဉ်ပြောရမယ့် အမှုကိစ္စတွေက အများကြီး ဖြစ်နေတယ်။

စကားပုံမှာကိုက အနက်ထပ်ဖွင့်ပေးစရာ မလိုအောင် ပြည့်စုံပြီးသား ဖြစ်နေတဲ့အတွက် ထပ်ရှင်းပြစရာ မလိုပေမယ့် ပျော့ပျော့ပျောင်းပျောင်း အဓိပ္ပာယ် ကောက်ရရင် “မိ” မဆုံးမ၊ “ဖ” မဆုံးမ သားသမီးတွေ မယဉ်ကျေးကြဘူး ဒါမှမဟုတ် “သားသမီးမကောင်း မိဘခေါင်း”လို့လည်း အဓိပ္ပာယ် ကောက်ရမယ်ထင်တယ်။

ဒီကနေ့ အွန်လိုင်း လူမှုရေး ကွန်ရက်ပေါ်မှာဖြစ်ဖြစ်၊ လက်တွေ့ လူမှုရေး နယ်ပယ်မှာဖြစ်ဖြစ်၊ စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေး လောက၊ နယ်ပယ်မှာဖြစ်ဖြစ်၊ ဘယ်လိုနေရာမှာမဆို ကျွန်တော်တို့ ပြောလိုက်မိတဲ့စကား၊ ရေးလိုက်မိတဲ့ စကားလုံး၊ ပေးလိုက်မိတဲ့ မှတ်ချက်တစ်ခုခုက မယဉ်ကျေး၊ ရိုင်းပျကြမ်းတမ်းတဲ့ ဖရုသဝါစာ ဖြစ်သွားပြီဆိုတာနဲ့ လူမျိုး၊ ဘာသာနဲ့ချီ၊ နိုင်ငံနဲ့ချီ မပြောခင် ကျွန်တော်တို့ကို မွေးပေးထားတဲ့ မိဘနှစ်ပါး မျက်နှာကို အိုးမဲသုတ်လိုက်သလို ဖြစ်သွားတာကို အရင် သတိရလိုက်ကြဖို့နဲ့ သတိတမန်၊ ဉာဏ်မြေက တုပ်နဲ့ကာပြီး ဆင်ခြင်ထိန်းသိမ်းကြဖို့ သတိပေးလိုရင်းပါ။

အယ်ဒီတာ (၆-၅-၂၀၁၇)

  • TAGS