News

POST TYPE

EDITORIAL

မြန်မာ့ပညာရေး စိုးရိမ်ဖွယ် ကောင်းနေပြီလော (Weekly, Vol-13/No-14)
06-May-2017 tagged as ပညာရေး

နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုးတိုးတက်စေရန်မှာ ယင်းနိုင်ငံ၊ လူ့အဖွဲ့အစည်း၏ ပညာရေးမူဝါဒ၊ ပညာရေးစနစ်က အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်ကြောင်း အများစု နားလည်ထားကြသည်။

သို့သော် လက်တွေ့အားဖြင့်မူ ပညာရေးနယ်ပယ်အတွက် သုံးစွဲသော ဘတ်ဂျက်၊ ပညာရေးနယ်ပယ်အတွက် မရှိမဖြစ် လိုအပ်သော သုတေသနလုပ်ငန်းများ၊ အခြေခံပညာအဆင့်မှသည် တက္ကသိုလ်၊ ဘွဲ့လွန်အဆင့်အထိ သတ်မှတ်ပြဋ္ဌာန်းထားသော သင်ရိုးညွှန်းတမ်းများ၊ အဆင့်အလိုက် သင်ကြားပြသကြမည့် ဆရာများ၊ ပါမောက္ခများ၏ အရည်အချင်း စသည်တို့နှင့် ပတ်သက်၍ အလေးအနက်ထား မြှင့်တင်ဆောင်ရွက်ပေးသော နိုင်ငံမှာ အနည်းငယ်သာ ရှိသည်။

အကျိုးဆက်အားဖြင့် အထက်ဆိုခဲ့ပါ လုပ်ငန်း၊ နယ်ပယ်များကို အထူးဦးစားပေး၊ ဂရုစိုက် ဖြည့်ဆည်း၊ ဆောင်ရွက်ပေးသော နိုင်ငံများ၏ ပညာရေး အဆင့်အတန်း မြင့်မားသည့်နည်းတူ စီးပွားရေးနှင့် လူနေမူ အဆင့်အတန်းများလည်း မြင့်မားကြသည်ကို တွေ့နိုင်သည်။

ပညာရေးနယ်ပယ်ကို ဦးစားပေးစာရင်းတွင် မထည့်သွင်းနိုင်သော နိုင်ငံများစွာတို့မှာ အာဏာရှင်စနစ်၊ ဗဟိုဦးစီးစနစ်တို့ဖြင့် ဆင်းရဲနွမ်းပါးမှု ဝဲသြဃအတွင်း ရုန်းမထွက်နိုင်ဘဲ ရှိနေကြသည်ကို စစ်တမ်းများ၊ အကဲဖြတ်ချက်များ၊ စံနှုန်းသတ်မှတ်ချက်များနှင့် နှိုင်းယဉ်မှုများအရ သိနိုင်သည်။

မြန်မာနိုင်ငံတွင် ပညာရေးကို အစိုးရအသစ်ပြောင်းတိုင်း သက်ဆိုင်ရာ အစိုးရတို့၏ ခံယူချက်၊ ကိုယ်တိုင်ဖြတ်သန်းမှုနှင့် ပညာရေးအပေါ် ရှုမြင်ပုံတို့အပေါ် မူတည်ကာ မူဝါဒ အသစ်ဖြင့် ပြောင်းလဲလေ့ ရှိခြင်းကြောင့် မကြာခဏ ဆိုသလို စနစ်သစ်ပညာရေး ဆိုသော စကားလုံးကို ကြားသိနေရသော်လည်း ကိုလိုနီခေတ်ပညာရေး၊ ၁၉၅၀ ပြည့်လွန်နှစ် ပညာရေး အခြေအနေတို့နှင့် နှိုင်းယှဉ်ပါက ပညာရေး အဆင့်အတန်း နိမ့်ကျသွားခဲ့သည်။

ဥပမာအားဖြင့် ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်ဦးတို့တွင် နတ်မောက်၊ ရေနံချောင်း၊ ဝါးခယ်မ၊ ပန်းတနော်ကဲ့သို့ မြို့များမှ အခြေခံပညာမူလတန်း၊ အထက်တန်းကျောင်းများနှင့် ရန်ကုန်တက္ကသိုလ်တို့မှ သခင်အောင်ဆန်း၊ ဦးနု၊ ဦးသန့်ကဲ့သို့သော ပုဂ္ဂိုလ်များ မွေးထုတ်ပေးနိုင်ခဲ့သော်လည်း ယနေ့ပညာရေးစနစ်တွင် အလားတူပုဂ္ဂိုလ်များ မွေးထုတ်မပေးနိုင်တော့ပေ။

စစ်စစ်အားဖြင့် ပညာရေးစနစ်၏ အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးမှာ မူလတန်းပညာရေးဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံတွင် မူလတန်းပညာရေးကို မည်မျှအရေးယူ၊ အလေးထားသနည်း ဆိုခြင်းကို မူလတန်းအဆင့် သင်ရိုးညွှန်းတမ်းများနှင့် ပြဋ္ဌာန်းချက် ပုံနှိပ်စာအုပ်များ၏ အရည်အသွေးကို လေ့လာကြည့်လျှင်ပင် ထင်းလင်းစွာ သိမြင်နိုင်သည်။

စနစ်တကျ သင်တန်းပေးထားခြင်း မရှိသည့် နေ့စား ဆရာ၊ ဆရာမများကိုပါ ခန့်ထားပေးနေရသည့် မူလတန်းအဆင့် သင်ကြားပေးမည့် ဆရာများ၏ အရည်အချင်းကို စစ်ဆေးကြည့်လျှင်လည်း ပညာရေး ဝန်ကြီးဌာန သို့မဟုတ် အစိုးရ၏ ပညာရေးမျှော်မှန်းချက်၊ အမြော်အမြင်ကို ဆဝါးကြည့်နိုင်သည်။

ထို့အတူ အစိုးရ အဆက်ဆက် နိုင်ငံတော်၏ တစ်နှစ်စာ ဘဏ္ဍာငွေအရ အသုံးမှန်းချေ ငွေစာရင်း သို့မဟုတ် ဘတ်ဂျက်တောင်းခံလွှာကို လေ့လာကြည့်လျှင်လည်း မြန်မာနိုင်ငံ လက်ရှိအခြေအနေ အဆင့်အတန်းတွင် အဘယ်ကြောင့် ရှိနေရသနည်း ဆိုသော အကြောင်းအရင်းကို ကောင်းစွာ နားလည်သွားစေနိုင်သည်။

များစွာသော အစိုးရတို့သည် ပညာရေး အသုံးစရိတ်ကို နိုင်ငံတော်က ကုန်ကျသွားသော ဘဏ္ဍာငွေများ အဖြစ်သာ စာရင်းအင်းသဘောအရ မှတ်ယူလေ့ရှိကြပြီး ထိုဘဏ္ဍာငွေများသည် နိုင်ငံတော်၏ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံလိုက်ခြင်းဟူသော ရှုထောင့်မှ မြင်နိုင်ခြင်း မရှိကြပေ။

ပညာရေးဘတ်ဂျက် တိုးမြှင့်သုံးစွဲကြသည့်တိုင် နှစ်ပေါင်းများစွာ အရိုးစွဲလာခဲ့သော ထရံကာ၊ ဆေးသုတ် ခေါင်းစဉ်အောက်တွင်သာ ရုပ်ပြ၊ ဟန်ပြ အသုံးပြုခဲ့ကြပြီး လစာ၊ ရိက္ခာ နည်းပါးသော ဌာနဖြစ်သည့်အလျောက် သုတေသနနှင့် ဆရာအရည်အချင်း မြှင့်တင်မှု ခေါင်းစဉ်များထက် အကျင့်ပျက်ခြစားမှု မကင်းသော ခေါင်းစဉ်များအောက်တွင်သာ အဟောသိကံ ဖြစ်သွားခဲ့သည်က များပေသည်။

ထိုကဲ့သို့ ပညာရေးမူဝါဒများ၊ စီမံချက်များ၊ သင်ရိုးညွှန်းတမ်းများ မတည်မငြိမ်ဖြစ်ခြင်း၊ ခေတ်ကာလ အခြေအနေ အချိန်အခါနှင့် လိုက်လျောညီညွတ်မှု မရှိခြင်း၊ ပညာရေးဘတ်ဂျက်ကို စနစ်တကျ ထိရောက်စွာ အသုံးမချနိုင်ခြင်း၊ ပြုပြင်ပြောင်းလဲရေးကို မည်ကာမတ္တ ဆောင်ရွက်ခြင်းတို့ကြောင့် ယနေ့ပညာရေးလောက တစ်ခုလုံး မဆိုထားနှင့် မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား အများစုကို စစ်ဆေးကြည့်လျှင်ပင် များစွာ စိုးရိမ်ဖွယ် အခြေအနေ ဖြစ်နေကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၂-၅-၂၀၁၇)