POST TYPE

EDITORIAL

အခြေအမြစ် မရှိသော သတင်း (Daily,Vol-5/No-19)
04-May-2017 tagged as

ယထာဘူတကျကျ စဉ်းစားတွေးခေါ်သည့် လောဂျစ်ဘာသာရပ်တွင် အဓိပ္ပာယ်တူ၊ နာမ်တူ စကားလုံးများနှင့် တွဲဖက်ချိတ်ဆက်၍ အဓိပ္ပာယ် ကောက်ယူ၊ ပုံဖော်သည့် နည်းလမ်း ပါဝင်သည်။ ဥပမာ - “ငါ့ရန်သူ၏ ရန်သူသည် ငါ့မိတ်ဆွေ”ဆိုသော လောဂျစ်မှာ လူသိအများဆုံးဖြစ်သည်။

အခြေအမြစ် မရှိသော ကောလာဟလ သတင်းမျိုးကို ယုံကြည်သူသည် အခြေအမြစ် မရှိသောသူသာ ဖြစ်သည်ဟု လောဂျစ်နည်းအရ အဓိပ္ပာယ် ကောက်ကြည့်လျှင် အွန်လိုင်း လူမှုရေး ကွန်ရက်ပေါ်တွင် အမှိုက်စာများကို ယုံကြည်စွာ ထောက်ခံ၊ မျှဝေပေးနေသူများသည်လည်း အမှိုက်နှင့်တူသော လူသားများသာ ဖြစ်သွားပေမည်။

မကြာသေးခင် နာရီပိုင်းအတွင်းကပင် ပုဂ္ဂလိကဘဏ်ကြီးတစ်ခုနှင့် ပတ်သက်ပြီး ကောလာဟလတစ်ခု အွန်လိုင်းလူမှုရေး ကွန်ရက်ပေါ်တွင် မသမာသူတစ်ဦး၊ တစ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ လွှင့်တင်ထားသည်ကို စိုးရိမ်တကြီး မျှဝေကြသူများမှာ နိမ့်ကျသော လူသားများအဖြစ် ရောက်ရှိသွားစေရန် မိမိတို့ဘာသာ ဆွဲချနေခြင်းနှင့် အလားသဏ္ဌာန် တူပေသည်။

နိုင်ငံတော်တွင် ကြုံတွေ့ရင်ဆိုင်နေသော အခြေအနေများနှင့် နှစ်ပေါင်း များစွာ ဖိနှိပ် အုပ်ချုပ်လာခဲ့သော အာဏာရှင် အစိုးရတို့အပေါ် မယုံကြည်နိုင်သည့် ပြည်သူလူထု၏ ကွေးလွယ်၊ ညွှတ်လွယ် စိတ်အခံကို အသုံးချကာ ထိုကဲ့သို့ ကောလာဟလ လွှင့်ခြင်းမျိုးမှာ ခွင့်လွှတ်သည်းခံစရာ မရှိသည့်လုပ်ရပ် ဖြစ်သည်။

စီးပွားရေး တုံ့နှေးမှု၊ စားဝတ်နေရေး မပြေလည်မှု၊ နိုင်ငံရေး အားမလို အားမရမှု၊ ငြိမ်းချမ်းရေး မရေမရာ ဖြစ်မှုများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက် ပြဿနာများကြောင့် စိုးရိမ်သောက ရှိနေကြသော ပြည်သူလူထုကို ဘဏ်ကောလာဟလဖြင့် မီးထိုးပေးသော လုပ်ရပ်သည် နိုင်ငံတော်၏ ဝမ်းဗိုက်ကို ထိုးဖောက်ရန် ကြံစည်ခြင်းနှင့် အလားသဏ္ဌာန် တူပေသည်။

မြန်မာလူ့အဖွဲ့အစည်း ပတ်ဝန်းကျင်တွင် အသုံးပြုနေသည့် အွန်လိုင်း လူမှုရေးကွန်ရက်သည် ယခုအခါ အာဏာ၊ စည်းစိမ်အလို့ငှာ မသမာသူများ၏ အလွဲ အသုံးချမှုများကြောင့် ဆင်ခြင်တုံတရားနှင့် သတိပေါ့ဆသူများအတွက် အန္တရာယ်ရှိသော နေရာတစ်ခု ဖြစ်နေပေသည်။

အွန်လိုင်း လူမှုရေးကွန်ရက်သည် အထက်ဆိုခဲ့ပါ ကိုယ်ကျိုးအတ္တကြီး သူတို့ကြောင့် လူတစ်ဦးဘဝ ပျက်သွားစေရန်၊ အဖွဲ့အစည်း၊ လုပ်ငန်းနယ်ပယ် တစ်ခု နာမည်ပျက် ဆုံးရှုံးသွားစေရန်၊ နိုင်ငံတစ်ခု ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် အမည်မည်းစာရင်း ဝင်သွားစေရန် ကျုံးသွင်းနိုင်သည်အထိ ဖျက်အားပြင်း လက်နက်ကဲ့သို့ အသုံးချခံ ဖြစ်မှန်းမသိ ဖြစ်လာသည်။

ထို့ကြောင့် သတင်းဦး၊ သတင်းထူးဟုဆိုတိုင်း အခြေအမြစ် ရှိ မရှိ၊ ခိုင်လုံ တိကျမှု ရှိ မရှိ၊ ယထာဘူတ ကျ မကျ၊ ကျိုးကြောင်း ဆက်စပ်မှု ရှိ၊ မရှိ ဝေဖန်ပိုင်းခြား စဉ်းစားမှု မရှိဘဲ ထောက်ခံကလစ် မနှိပ်ကြရန်နှင့် ထပ်မံ မျှဝေဖြန့်ချိခြင်း မပြုကြရန် အထူးမေတ္တာရပ်ခံ သတိပေးအပ်ပေသည်။
 
အယ်ဒီတာ (၃-၅-၂၀၁၇)

(လက်ရှိ အခြေအနေနှင့် ကိုက်ညီနေသောကြောင့် ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ကို အနည်းငယ် ဖြည့်စွက်ပြင်ဆင်၍ ပြန်လည် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။)

  • TAGS