News

POST TYPE

EDITORIAL

ဘာသာစကားနဲ့ အချုပ်အခြာအာဏာ ကိစ္စ (Daily, Vol-4/No-71)
03-Jul-2016
မြန်မာပြည်မှာ မွေး၊ မြန်မာပြည်မှာ နေ၊ မြန်မာပြည်မှာ ကျောင်းထား၊ မြန်မာစကားပြောတဲ့ မြန်မာ ကလေးငယ်တွေ မြန်မာစာ မတတ်ဘူးလို့ ပြောရင် နိုင်ငံတကာကရော၊ အိမ်နီးချင်း နိုင်ငံတွေကပါ တအံ့တသြ ဖြစ်သွားကြမယ်ထင်တယ်။

ပိုအံ့သြသွားစေမှာက မြန်မာပြည်မှာ ဗြိတိသျှ နိုင်ငံသားတစ်ဦးက အင်္ဂလန် အသိအမှတ်ပြု ဖွင့်ထားတဲ့ နိုင်ငံတကာ ကျောင်းတစ်ကျောင်းမှာ ကျောင်းထားတဲ့ မြန်မာကလေးငယ်တွေရော ကျောင်းသားအားလုံးကို တရုတ်စာ မဖြစ်မနေ သင်ရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ် လိုက်တာပဲ။

မြန်မာစာ၊ မြန်မာစကား၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ မြန်မာနိုင်ငံကို နှစ်နှစ်ကာကာ၊ လေးလေးနက်နက် ချစ်ခင်တဲ့ မြန်မာနိုင်ငံသား တစ်ဦး အတွက်တော့ ဒီလိုကျောင်းမျိုးရဲ့ စည်းကမ်းအပေါ် အတော်ကြီး ဒေါသ ထွက်မိမှာ အမှန်ပဲ။

ဒါပေမဲ့ လက်တွေ့မှာတော့ အဲဒီကျောင်းမှာရှိတဲ့ မြန်မာကျောင်းသား မိဘ အများစုက သူတို့ ကလေးတွေကို တရုတ်စာ မဖြစ်မနေ သင်ဖို့ စည်းကမ်းနဲ့ မြန်မာစာကိုတော့ စိတ်ဝင်စားတဲ့သူလောက်ပဲ အပိုဘာသာ အနေနဲ့ အဖြစ်သဘော သင်ဖို့ စည်းကမ်းသတ်မှတ်ချက်ကို စောဒက မတက်ရဲခဲ့ကြဘူး။

ပြဿနာက မြန်မာပြည်မှာ စီးပွားလာရှာတဲ့ နိုင်ငံခြားသားက မြန်မာစာ၊ မြန်မာစကားကို မလေးမစား လုပ်သလို၊ မထီမဲ့မြင် ပြုသလို ဖြစ်နေတာပဲ။ ဒီလို ကိစ္စမျိုးက အရှေ့တောင်အာရှ အပါအဝင် အင်္ဂလိပ်စကား မပြောတဲ့ ဘယ်နိုင်ငံမှာမှ မရှိဘူး။

တရုတ် အများစုရှိနေတဲ့ စင်ကာပူလို နိုင်ငံမျိုးမှာတောင် မူလတန်းက စပြီး တရုတ်မန်ဒရင်းရယ်၊ မလေးရယ်၊ တမီလ်ရယ်ဆိုပြီး ဘာသာစကား သုံးမျိုးထဲက ကြိုက်တဲ့တစ်မျိုးကို မသင်မနေရ သတ်မှတ်ပေးတယ်။ ဒီနိုင်ငံရဲ့ အင်မတန် အရေးကြီးတဲ့ ပညာရေးနယ်ပယ်မှာ လာပြီး စီးပွားရှာတဲ့သူတွေကို ဒီနိုင်ငံရဲ့ အမျိုးသား စရိုက်လက္ခဏာတွေကို လေးစားဖို့ စည်းမျဉ်း၊ စည်းကမ်းတွေ သတ်မှတ်ပေးဖို့၊ ကြီးကြပ် ထိန်းကွပ်ပေးဖို့ ဥပဒေပြု မဏ္ဍိုင်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်မှာ တာဝန်ရှိတယ်။

ဒီနေရာမှာ မဆီမဆိုင် ဆွဲထည့်တယ်လို့တော့ မထင်ကြစေချင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာ ပေးချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ငယ်ငယ်ကတည်းက အိန္ဒိယမှာ ကျောင်းနေခဲ့၊ ဗြိတိန် အောက်စ်ဖတ်ဒ်မှာ ကျောင်းတက်ခဲ့ပြီး ကုလသမဂ္ဂမှာ အလုပ်လုပ်ခဲ့ပေမယ့် ဒီနေ့ ဒီအချိန်အထိ မြန်မာစာ၊ မြန်မာစကားကို သိပ်တန်ဖိုးထား၊ လေးစားတယ်။

သူ မြန်မာ ပရိသတ်တွေကို၊ မြန်မာပြည်သူတွေကို မြန်မာလို ပြောတဲ့ စကားတွေ၊ မိန့်ခွန်းတွေ အားလုံးကို ကြည့်လိုက်ရင် အင်္ဂလိပ်လို ကြားညှပ် သုံးတာ လုံးဝ မရှိဘူး။ မြန်မာစာ၊ မြန်မာစကား၊ မြန်မာစကားလုံး၊ ဝေါဟာရတွေကိုပဲ သုံးပြီး ပြောသွားတာ သိပ်လေးစားစရာ ကောင်းတယ်။

စကားပြောရင် အင်္ဂလိပ်လို ညှပ်ညှပ်ပြောမှ ခေတ်မီတယ် ထင်နေကြတဲ့ ကျွန်တော်တို့လို မတောက်တစ်ခေါက် အင်္ဂလိပ်လို တတ်တဲ့သူတွေအဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်တော့ ရှက်စရာ သိပ်ကောင်းတယ်ဆိုတာ ပေါ်လွင်သွားတယ်။

တရားဝင် ရုံးသုံး၊ ကျောင်းသုံး၊ တစ်နိုင်ငံလုံးသုံးအဖြစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာတောင် ပြဋ္ဌာန်း သတ်မှတ်ထားတဲ့ မြန်မာစာ၊ မြန်မာစကားကို လျစ်လျူရှုပြီး တရုတ်ဘာသာစကားကို မသင်မနေရ သတ်မှတ်တဲ့ ကျောင်းကို ပုဒ်မ ကြီးကြီးတပ်ရရင် ဒီနိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မလေးစားတဲ့ သဘောလို့ ပြောရမယ်။

ဒီလို ပုဒ်မကြီးကြီး တပ်ရတာ တခြားကြောင့် မဟုတ်ဘူး။ မြန်မာပြည်မှာ လာကျောင်းထောင်ပြီး စီးပွားလာရှာနေတဲ့ နိုင်ငံခြားသားလည်းဖြစ်၊ ပိုင်ရာ၊ ဆိုင်ရာ အခေါင်အချုပ်နဲ့ ဝင်တွေ့၊ ဓာတ်ပုံတွဲရိုက်ပြီး လာအပ်တဲ့ ကျောင်းသား မိဘတွေကို ရှိန်သွားအောင်၊ အာဏာရှင်ခေတ်က အချိုးမျိုးနဲ့ အထက်နဲ့ ပိုင်တယ်၊ လုပ်ချင်တာ လုပ်မယ်၊ ဘာမှ လာမပြောနဲ့ ဆိုတဲ့ပုံစံမျိုး လုပ်သလိုလည်း ဖြစ်နေတာကြောင့်လို့ ပြောရမယ်။

အင်္ဂလိပ်လို တတ်၊ တရုတ်လို တတ်ပေမယ့် မြန်မာစာ၊ မြန်မာစကားကို တောင် မရေးတတ်၊ မဖတ်တတ်တဲ့ တောင်မရောက် မြောက်မရောက်၊ ဗိုလ်ကြက်ချေး၊ စိနကြက်ချေး မြန်မာကလေးတွေ များလာရင် ကျွန်တော်တို့ တိုင်းပြည်ထဲမှာတင် ယဉ်ကျေးမှုအရ၊ လူမှုရေးအရ ပြဿနာတွေ ပဋိပက္ခတွေ များလာမှာ သေချာတယ်ဆိုတာ ကြိုတင် သတိပေး လိုက်ပါရစေ။

အယ်ဒီတာ (၂-၇-၂ဝ၁၆)