News

POST TYPE

EDITORIAL

အရည်ကြိုနှင့် တွေ့ဆုံခြင်း
02-Apr-2017 tagged as စက်သုံးဆီ

စက်သုံးဆီနှင့်ပတ်သက်လျှင် သုံးစွဲသူများတွင် ခါးသီးသော အတိတ်များ ရှိနေသည်။ အထူးသဖြင့် အရည်အသွေး၊ အရေအတွက်နှင့် ဈေးနှုန်းပိုင်းတွင်ဖြစ်သည်။ ပြည်ပ ကုမ္ပဏီများကို စက်သုံးဆီ လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်ခွင့်ပြုမည်ဆိုသည့် သတင်းများ ထွက်ပေါ်သောအခါ ပိုမိုကောင်းမွန်သော ဈေးနှုန်းနှင့် အရည်အသွေးကို မျှော်လင့်ကြသည်။ စက်သုံးဆီနှင့် ပတ်သက်၍ သုံးစွဲသူများ၏ မျှော်လင့်ချက်၊ လက်ရှိ ခံစားနေရမှု အခြေအနေတို့နှင့် ပတ်သက်၍ မြန်မာ မော်တော်ယာဉ်တင်သွင်း၊ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (ရန်ကုန်) အထွေထွေ အတွင်းရေးမှူး ဦးအောင်ဇော်ဦးနှင့် တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ရပါသည်။ ဦးအောင်ဇော်ဦးသည် အရည်ကြို ကလောင်အမည်ဖြင့် မော်တော်ယာဉ်မူဝါဒဆိုင်ရာ ဆောင်းပါးများစွာ ရေးသားသူလည်းဖြစ်သည်။

Voice : စက်သုံးဆီ ရောင်းဝယ်တဲ့ကဏ္ဍမှာ ပြည်ပ လုပ်ငန်းရှင်တွေ လုပ်ကိုင်ခွင့်ပြုမယ်ဆိုပြီး စီမံဘဏ္ဍာ ဝန်ကြီး ပြောသွားတာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲဗျ။ 
AYK : ကျွန်တော့်အမြင်က သူများနဲ့တော့ နည်းနည်း ကွဲလွဲတယ်။ ကျွန်တော်က ဈေးနှုန်းကို သိပ်မပြောလိုဘူး။ အရည်အသွေးပိုင်းကို အဓိကထား ပြောချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အဓိကထား သုံးနေရတဲ့ စက်သုံးဆီ အရည်အသွေးက ပြည့်ပြည့်ဝ၀ အသုံး မပြုရတာ လုံးဝ သေချာတယ်။ သုံးစွဲသူဘက်က တန်ဖိုးမြင့်ကား၊ သာမန်ကားတွေမှာ ဆီတွေကို ထည့်သုံးတဲ့အခါ သိပ်မကြာဘူး ဟိုဖောက်လိုက်၊ ဒီဖောက်လိုက်နဲ့။ ပလပ်တွေလည်း ကြောင်လာတယ်။  ဒီလိုမျိုးတွေ ဖြစ်လာတယ်။ ဘာနဲ့တူလဲဆို ကားတွေက စားအုန်းဆီတွေ စားနေရတဲ့ လူနဲ့တူတယ်။ ကျွန်တော်တို့အတွက် အရမ်း နစ်နာတယ်။ လုပ်ငန်းတွေကလည်း အပြိုင်ရှိမှ တိုးတက်တာလေ။ 

ဥပမာ - တယ်လီနော ဝင်လာတဲ့ MPT ဈေးကွက်လိုမျိုးပဲ။ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ ဝင်လာစေချင်တယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေကိုလည်း သူတို့ကို စီးပွားလုံးဝပျက်သွားပါစေဆိုတဲ့ စိတ်ဓာတ်မျိုး မဟုတ်ဘူး။ သူတို့လည်း ပြည်ပလုပ်ငန်းရှင်တောင် လုပ်နိုင်သေးရင် ပြည်တွင်း လုပ်ငန်းရှင်တွေက အခြေခံ ကောင်းတွေ ရပြီးသားလေ။ ဆီဆိုင်တွေ ရပြီးသား၊ အထိုင်တွေ ကျပြီးသား။ ကိုယ့်ဟာကိုယ် လုပ်မယ်ဆိုလည်း ဖြစ်တယ်။ ဒါမှမဟုတ် ဆီဆိုင်ငယ်လေးတွေလည်း နိုင်ငံခြားက ဝင်လာမယ့် လုပ်ငန်းတွေဆီက Franchise ပေါင်းပြီး လုပ်လို့ရတယ်။

ဆီအရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး အချက်နှစ်ချက်နဲ့ ပြောတာပေါ့နော်။ မုံရွာချက်ဖိုတွေက ဂါလန် သိန်းနဲ့ချီ ထွက်တာတွေရှိတယ်။ အဲဒီဆီတွေက ပျောက်ဆုံးသွားတယ်။ ဘယ်ရောက်သွားမှန်းမသိဘူး။  မကွေးမန်းသံပုရာကန်က အစိုးရချက်တဲ့စက်ရုံရှိတယ်။ အဲဒီကောင် တစ်လကို ဓာတ်ဆီ ဂါလန် ၂၂ သိန်း၊  ဒီဇယ် ဂါလန် ၁၁ သိန်း ထွက်တယ်။ ဓာတ်ဆီရဲ့ အရည်အသွေးက ၆၇ (Octane 67) ပဲရှိတယ်။ ကျွန်တော်တို့ သွင်းနေတာတွေက ၉၂ လေ။ အများကြီး ကွာတယ်လေ။ အဲဒီဈေးက ဟိုးအရင်ကဆို ၂၀ဝ၀၊ ၂၇၀ဝ။  နောက်ဆုံးက ၂၆၀ဝ။ ၉၂ က တစ်ဂါလန် ၃၁၀ဝ ဆိုတော့ ကြားထဲမှာ ကွာခြားချက် အရမ်းများသွားပြီ။  ဘာလုပ်ကြလဲဆိုရင် အဲဒီဆီကို ဂါလန် သိန်းနဲ့ချီ ဝယ်တယ်။ နောက် ရေလမ်းက ဝင်လာတဲ့ ဆီတွေကို  ရောတယ်။ ရောပြီး ပြန်ရောင်းတယ်။ သုံးစွဲသူတွေကို  ဒီဆီတွေဟာ အရည်အသွေး ညံ့ပါတယ်ဆိုပြီး လျှော့ရောင်းတာ တစ်ခါမှမရှိဘူး။ ဒီဈေးနဲ့ပဲ ရောင်းတာ။ အဲလို မှားတဲ့အပိုင်းရှိသလို မှန်တဲ့အပိုင်းတွေလည်း ရှိပါတယ်။ ဥပမာ - Denko ဆို တကယ့်ကို ဆီအရည်အသွေး အကောင်းဆုံးပဲ။ ဒါ နမူနာ ပြောပြတာပါနော်။  အဲဒါမျိုးလည်း ရှိတယ်။ တချို့ဆီကုမ္ပဏီကြီးတွေကတော့ မှန်မှန်ကန်ကန် သွင်းကြပါတယ်။ ပြဿနာက  ဆီတွေက သယ်ပြီး ဒီဘက်ရောက်တဲ့အခါ ရောကြတာပေါ့။ စက်သုံးဆီ အရည်အသွေး မမီတာက နာမည်မရှိတဲ့ဆိုင်တွေမှာ အဖြစ်များတာ။

ပြည်တွင်းမှာ စစ်ဆေးတဲ့ စက်တွေကလည်း အရည်အသွေး မမီဘူး။ စစ်ဆေး အရေးယူတဲ့ အပိုင်းကျ  အရမ်း အားနည်းတယ်။ စစ်ဆေးတာတော့ ဟုတ်တယ်။ ဒီဆီဆိုင်ကို ဘယ်နှလ ပိတ်လိုက်တယ်ဆိုတာမျိုး  တစ်ခါမှ မမြင်ဖူးဘူးလေ။ အရည်အသွေး ပျက်ယွင်းတဲ့ ဆိုင်တွေက ပန်းပန်နေတာပေါ့။ သူတို့ကိုသာ ပြင်းပြင်းထန်ထန် အရေးယူလိုက်မယ်ဆိုရင် မှန်မှန်ကန်ကန် လုပ်တဲ့ လုပ်ငန်းရှင်တွေ အတွက်လည်း အဆင်ပြေသွားတာပေါ့။ တချို့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တွေကလည်း သူတို့ရဲ့ Brand Image ထိမှာစိုးလို့ မှန်မှန်ကန်ကန် လုပ်ကြပါတယ်။ ဒါပေမဲ့ မမှန်မကန် ရောရောင်းတဲ့လူတွေကို ယှဉ်ပြီး မလုပ်နိုင်ဘူး။ သူတို့မှာလည်း  အဲလို အခက်အခဲ ရှိတယ်။ ဒီတော့ ကျွန်တော်ကတော့ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ခွင့် ပေးသင့်တယ်လို့ ထင်တယ်။ ဒီကိစ္စကို အရင်အစိုးရ လက်ထက်မှာလိုပဲ တစ်စုံတစ်ရာကြောင့် တားဆီးမယ်လို့ဆိုရင် အင်း ... ဒါက တော်တော်ကြီးကို ဟိုဟာဖြစ်တဲ့ အချက်လို့ပဲ ပြောရမှာပဲ။ ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး။ 

Voice : ကားတင်သွင်းတဲ့ အပိုင်းမှာရော ဒီလို အခြေအနေမျိုး ရှိလား။ ပြည်ပ လုပ်ငန်းရှင် ခွင့်ပြုတာနဲ့  ပတ်သက်ပြီး။ 
AYK : ကားလောကနဲ့ ယှဉ်ပြောရရင် ကျွန်တော်တို့ဆီမှာ မော်ဒယ်လ် အနိမ့်သွင်းတာတွေ ကန့်သတ်လိုက်ပြီ။ ပြည်တွင်းမှာ ကားထုတ်လုပ်ဖို့ စက်ရုံတွေလုပ်ဖို့  အစိုးရက အားပေးတယ်။ ဒီလိုပဲ ပြည်တွင်းမှာ ရေနံတွေ တူးမယ်၊ ချက်မယ်ဆိုရင်တော့ အစိုးရက အားပေးသင့်တယ်။ ကားမှာလည်း ပြည်ပကနေ တင်သွင်းမယ် ဆိုရင်တော့ Brand New တွေဆိုရင် နိုင်ငံခြားသားတွေပဲ တင်သွင်းတာလေ။ ကျွန်တော်တို့မှ မလုပ်နိုင်တာ  နိုင်ငံခြားသား တင်သွင်းတာကို ကန့်ကွက်လို့ မရဘူးလေ။ ကားလောကမှာ Used Car Showroom တွေဆို တော်တော်များများ ပိတ်ရမယ့် အနေအထားပဲလေ။ အကုန်လုံးက Brand New တွေ ပြောင်းဖို့ လုပ်နေပြီ။ ကျွန်တော်တို့ ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် ကာကွယ်ပြီး လုပ်မယ်ဆိုရင် Used Car တင်သွင်းမှုကို (အစိုးရက) ဆက်ပြီး ခွင့်ပြုနေမှာပေါ့။ ဒီလိုလုပ်လို့ မရဘူးလေ။ အစိုးရက သုံးစွဲသူရဲ့ အခွင့်အရေးတို့၊ ကားဟောင်းတွေ ဝင်လာတာက မကောင်းဘူးလို့ ရှုမြင်တာပေါ့။ 

Voice : လုပ်ငန်းရှင်တွေဘက်က တုံ့ပြန်မှုကျတော့ ဆီအရည်အသွေး မပြည့်ဘူးဆိုတာ ဘယ်အချက်ကို ကြည့်ပြီး အရည်အသွေး မပြည့်ဘူးပြောတာလည်းဆိုပြီး ပြန်လည် မေးခွန်းထုတ်တာတွေ ရှိတယ်ဗျ။  ဘယ်လို တိုင်းတာလဲလို့ ပြောတာလည်း ရှိတယ်ဗျ။
AYK : အဲဒါဆို ကျွန်တော်တို့က ပြန်မေးရမှာပေါ့။ ဒီမန်းသံပုရာကန်က ထွက်တဲ့ဆီတွေက ခြေထောက် ပေါက်ပြီး ထွက်သွားတာလား။ မြေကြီးထဲပဲ ဝင်သွားတာလား။ မုံရွာချက်ဖိုတွေက ထွက်တဲ့ ဂါလန်သိန်းနဲ့ ချီတဲ့ဆီတွေက အငွေ့ပျံသွားတာလား။ ဘယ်သူမှ မဝယ်ကြတော့ဘူးလား။ အဲဒီက ဆီတွေပါဆိုပြီး  မြန်မာပြည်မှာ ရောင်းနေတာကို ကျွန်တော်တို့ကို ပြန်လက်ညှိုးထိုးပြလေ။ ဒါကတော့ မုံရွာချက်ဖိုက၊  ဒါကတော့ မန်းသံပုရာကန်က ဆီပါဆိုပြီး ကျွန်တော်တို့ကိုပြလေ။ အဖြေက ပေါ်နေတာဗျာ။ ဘာနဲ့ အရည်အသွေးပေါ်လဲ ဆိုတာမျိုးကတော့ အဆင်မပြေဘူး။ ဘာလို့ဆို စစ်တဲ့စက်ကိုယ်က အရည်အသွေး မမီဘူးလေ။ 

Voice : တန်ဖိုးကြီးကား၊ ပုံမှန်ဈေး ရှိတဲ့ကား စသည်ဖြင့် ကားသုံးစွဲသူတွေမှာ စက်သုံးဆီ မသန့်တဲ့အခါ ဘယ်လို နစ်နာမှုရှိလဲဗျ။
AYK : ကျွန်တော်တို့အတွက် အရမ်း နစ်နာတယ်လေ။ အင်ဂျင်သက်တမ်း ရေရှည် မခံတော့ဘူး။ အချိန်တွေ၊ လုပ်အားတွေ ဆုံးရှုံးတယ်။ ကားတွေအတွက်လည်း ဘယ်လိုမှ မကောင်းဘူး။ အရက်သမား တစ်ယောက်က ဘီအီး အရက်သောက်နေရသလို ကြာတော့ဖောပြီး ယောင်ကိုင်းလာတဲ့ သဘောမျိုးပေါ့။  တိတိကျကျ အရည်အသွေးမီ စက်တွေသာရှိရင် ဒါတွေကို စစ်ဆေးပြီး ဖော်ထုတ်နိုင်မယ်ဆိုရင် ပြီးသွားမှာပေါ့။

နောက်တစ်ချက်က စစ်ဆေးတဲ့အခါလည်း ကိုယ်သွင်းပြီး ကိုယ်စစ်တာမျိုးလည်း ဘယ်လုပ်လို့ရမလဲ။ ကိုယ်သွင်းပြီး ကိုယ်စစ်ရင်တော့ ...။ ဟုတ်တယ်မလား။ အဲဒါကြီး Fair မဖြစ်ဘူးလေ။ Not Fair။ ကျွန်တော်တို့က အဲဒါမျိုးဆိုရင်တော့ အယုံအကြည် မရှိဘူး။ 

Voice : စက်သုံးဆီလုပ်ငန်းမှာ ပြည်ပလုပ်ငန်းရှင်တွေ ခွင့်ပြုလိုက်မယ်ဆိုရင် သုံးစွဲသူတွေအတွက်  ဘာအကျိုးထူးမလဲ။
AYK : နံပါတ်တစ်အချက်က လူတွေ ပဲဆီ၊ နှမ်းဆီ စားသလိုမျိုးပဲ။ ဆီအရည်အသွေး ကောင်းတွေ သုံးစွဲရမှာ လုံးဝ သေချာတယ်။ ဘာလို့ဆို သူတို့မှာ Brand  Image ရှိတယ်။ သူတို့ရဲ့ Image ကို သူတို့က လုံးဝ အထိအခိုက် မခံနိုင်ဘူးလေ။ နောက်တစ်ချက်က ဆီဈေး အတက်အကျ။ International အတိုင်းပဲ။ တက်ရင် တက်တယ်၊ ကျရင်ကျတယ်၊ တန်းဖြစ်မှာပဲ။ 

Voice : အစ်ကို ဆိုလိုတာက ပြည်ပလုပ်ငန်းတွေ ဝင်လာတဲ့အခါ အရည်အသွေးနဲ့ ဆီဈေးကတော့ စားသုံးသူ ခံစားရမယ့် အဓိက အချက်တွေ ဖြစ်လာမှာပေါ့။ 
AYK : ဟုတ်တယ်ဗျ။ ကျွန်တော် အဓိက ပြောချင်တာကတော့ အရည်အသွေးပိုင်းပဲဗျ။ ကျွန်တော်တို့ ကားသမားတွေက ဒီကိစ္စတွေကို ငြိမ်ခံနေတာ ကြာပြီ။ ဒီကိစ္စကြီးက။ ပြီးတော့ ခုနကလို သက်သေဆိုရင်  ဝပ်ရှော့တွေက ပလပ်တွေသာ သွားကြည့်လိုက်လို့ သရော်တော်တော်ပြောရမှာပဲ။ အဲဒါ သက်သေပဲလေ။ ကားတွေမှာ အရည်အသွေး မပြည့်ဝတဲ့ဆီတွေ သုံးပြီး ပလပ်တွေ ခဏခဏလဲ၊ အင်ဂျင်တွေ ခဏခဏ လုပ်ရတာက သက်သေပဲ။

Voice : တိုင်ရင်းသား လုပ်ငန်းရှင်တွေ နည်းပညာ၊ ငွေကြေးပိုင်းမှာ မစွမ်းနိုင်တဲ့ လုပ်ငန်းမျိုးမှာသာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုခွင့် ပြုသင့်တယ်ဆိုပြီး စက်သုံးဆီ လုပ်ငန်းရှင် တချို့ကလည်း အမြင်ရှိတယ်ဗျ။ စက်သုံးဆီ  တင်သွင်းရောင်းချတဲ့ လုပ်ငန်းမှာတော့ ငွေကြေးနဲ့ နည်းပညာ သူတို့တတ်နိုင်လို့ ပြည်ပ လုပ်ငန်းရှင်ခွင့် မပြုသင့်ဘူးလို့ ပြောကြတယ်ဗျ။ အစ်ကို ဘယ်လို မြင်လဲ။
AYK : ကျွန်တော် ပြောရရင်တော့ ညာညှိတယ်လို့ ပြောရမှာပဲ။ ညာညှိတယ်ဆိုတာက ယှဉ်ပြိုင်မှုဥပဒေဆိုတာ ရှိတယ်လေ။ ဈေးနှုန်းတွေကို အကုန်လုံးက ညှိနှိုင်းပြီး ရောင်းချလို့ မရဘူးလေ။ မယုံရင်ကြည့်ကြည့်ဗျာ။ ဆီဈေးနှုန်းတွေ ကြည့်လိုက်။ ဟိုဆီဆိုင်က တစ်ဆယ်ကွာ။ ဒီဆီဆိုင်က ငါးကျပ်ကွာနဲ့ ရောင်းနေတာ။ အဲဒါ ညာညှိတာပဲ။ အားလုံး ညီတူညှိလိုက်တာပေါ့ဗျာ။ ဒီဈေးနဲ့ ရောင်းကြမယ်ဆိုပြီး။ အဲလို ညှိလိုက်ကြတာ။ အဲဒါက ကျွန်တော်တို့ စားသုံးသူအတွက်က Not Fair (မမျှတဘူး) လေ။ ကျွန်တော်တို့က အရည်အသွေး ကောင်းကောင်း လိုချင်တယ်။ ဈေးနှုန်းလည်း မှန်မှန်လိုချင်တယ်လေ။ တိုင်းရင်းသား လုပ်ငန်းရှင်တွေဆိုပြီး ကျွန်တော်တို့က ဈေးပိုပြီး မပေးနိုင်ဘူးလေ။ အခုက တိုင်းရင်းသား လုပ်ငန်းရှင် ဆိုပြီး ခံနေရတာက ဒီစက်သုံးဆီ အသုံးပြုနေတဲ့ ပြည်သူတွေ ခံနေရတာလေ။ 

Voice : အစ်ကိုရေ ကျေးဇူးတင်ပါတယ်ဗျ။

ရဲနိုင်ဦး