News

POST TYPE

EDITORIAL

မြန်မာနိုင်ငံ စက်သုံးဆီလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်နှင့် တွေ့ဆုံခြင်း
02-Apr-2017 tagged as စက်သုံးဆီ

စက်သုံးဆီ ကဏ္ဍတွင် ပြည်ပကုမ္ပဏီများ လုပ်ကိုင်ခွင့်ပြုမည်ဟု စီမံ/ဘဏ္ဍာဝန်ကြီးက ပြောသည်။ စက်သုံးဆီ လုပ်ငန်းရှင်များက ယင်းအချက်ကို သဘော မတူကြ။ ပြည်ပ လုပ်ငန်းများ ဝင်ရောက်ပါက ပြည်တွင်း လုပ်ငန်းရှင်များ၏ အခြေအနေ၊ စားသုံးသူများ၏ ရွေးချယ်ခွင့်နှင့် ပြည်တွင်းဈေးကွက် အခြေအနေ အကြောင်းတို့ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ မြတ်မေတ္တာမွန် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်လည်းဖြစ်၊ မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးလည်းဖြစ်သူ ဒေါက်တာဝင်းမြင့်နှင့် တွေ့ဆုံ မေးမြန်းထားမှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : စက်သုံးဆီ ဈေးကွက်ကို စက်သုံးဆီ လုပ်ငန်းရှင်တွေက လက်ဝါးကြီး အုပ်ထားတယ်ဆိုတဲ့ ဝေဖန်ချက်မျိုး ပေါ်လာတဲ့အခါ ဘယ်လို ခံစားရလဲဗျ။ 
UWM : စိတ်ထဲ ဘာခံစားရလဲဆိုရင် လက်ဝါးကြီး အုပ်တယ်ဆိုတဲ့ စကားလုံးမျိုး သုံးတဲ့အတွက် တော်တော် စိတ်မကောင်း ခံစားရပါတယ်။ ဒါက ပြစ်တင်ဝေဖန် စွပ်စွဲလိုက်တာပေါ့။ စွပ်စွဲခံရသူဟာ အမှန်တကယ် ဟုတ်နေပြီး စွပ်စွဲချက်နဲ့ ထိုက်တန်ရင် ခံသင့်ပါတယ်။ စွပ်စွဲလောက်တဲ့ အချက်မျိုး မဟုတ်ရင်တော့ နစ်နာမှု ဖြစ်ပါတယ်။ နံပါတ်နှစ်ကတော့ အဲလို စွပ်စွဲချက်ကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးမူဝါဒ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ စွပ်စွဲချက်ပေါ် အခြေခံပြီး စက်သုံးဆီ လုပ်ငန်းရှင်တွေ ထိခိုက် နစ်နာပါတယ်။ လက်ဝါးကြီး အုပ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ပြည်ပလုပ်ငန်းရှင်တွေ ဝင်ရောက် လုပ်ကိုင်ခွင့် ပြုသင့်တယ်ဆိုတဲ့ နောက်ဆက်တွဲ ကိစ္စတွေ ပေါ်လာတယ်။

ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ဝင်ငွေကို နိုင်ငံခြားသားတွေကို မျှဝေပြီး တော်တော်များများသော်လည်းကောင်း ပေးရမယ်ဆိုရင် နိုင်ငံစီးပွားရေးရယ်၊ ပြည့်ဝမ်းစာဖြစ်တဲ့လုပ်ငန်းရှင်တွေ ထိခိုက်သွားရမယ့် အနေအထား ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်နှစ်ကို ဒီလုပ်ငန်းပေါ်က အမြတ် သန်း ၁၀ဝ လောက်ရှိတယ်ဆိုရင် အရင်က ကိုယ့်နိုင်ငံသားတွေပဲ ရနေတာကနေ နိုင်ငံခြားသားကို တစ်ဝက် ပေးရမယ်ဆိုရင် ဒေါ်လာ သန်း ၅၀ ပေါ့လေ။ အဲလိုဖြစ်ခဲ့ရင် ကိုယ့်နိုင်ငံသားတွေ ရခဲ့ရင်တော့ ဒီပိုက်ဆံက နိုင်ငံတွင်းမှာပဲ ရှိနေတယ်။  နိုင်ငံခြားသား ကုမ္ပဏီက ဒီမှာ လာလုပ်ရင်တော့ သူက ဒေါ်လာအနေနဲ့ သူ့ရဲ့မူရင်း ဌာနချုပ်ကို ပြန်လည် သယ်ဆောင်ဖို့ အခွင့်အရေး ပေးရမှာ ဖြစ်ပါတယ်။ 

လက်ဝါးကြီး အုပ်တယ်ဆိုတာ ဘာကိုခေါ်သလဲ ဆိုတာ အစ်ကို ပြန်မေးမယ်။ ဒီနေ့ စက်သုံးဆီ လုပ်ငန်းသည် မြန်မာနိုင်ငံသားတိုင်း မည်သူမဆို လုပ်ကိုင်ခွင့် ရနေတယ်ဆိုတာကို ညီလေး သိလား၊ မသိဘူးလား။  နိုင်ငံသားတိုင်း လုပ်ကိုင်ခွင့် ရနေတဲ့လုပ်ငန်း၊ တင်သွင်းတာရော၊ ဖြန့်ဖြူးတာရော၊ ရောင်းချတာရော မည်သူမဆို လုပ်ခွင့်ရတဲ့ လုပ်ငန်းကို လက်ဝါးကြီး အုပ်တယ်လို့ သတ်မှတ်လို့ရလား၊ မရလား ပြန်ဆွေးနွေးပေးစေချင်ပါတယ်။

Voice : လက်ဝါးကြီး မအုပ်ဘူးဆိုတာကိုရော တခြားနည်းနဲ့များ သက်သေပြလို့ ရနိုင်သေးလားဗျ။
UWM : ဥပမာပေါ့ စက်သုံးဆီ လုပ်ငန်းဆိုတာ နိုင်ငံခြားက တင်သွင်းတဲ့လုပ်ငန်း ရှိတယ်။ ပြန်ခွဲခြားရင် တင်သွင်းတာ၊ သိုလှောင်တာ၊ ပြန်လည်ဖြန့်ဖြူး ရောင်းချတာ ရှိတယ်။ နိုင်ငံတော်က ချထားတဲ့မူအရကိုက နိုင်ငံသားတိုင်း မည်သူမဆို လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။ နိုင်ငံခြားသားတော့ မပါဘူး။ စာရွက်ပေါ်မှာရှိတဲ့ ဥပဒေနဲ့ လက်တွေ့လည်း အတူတူပဲ ဖြစ်နေတယ်။ အဲဒီ အနေအထားကို လက်ဝါးကြီး အုပ်တယ်လို့ဆိုရင် အစ်ကိုတို့က လက်ဝါးကြီး မအုပ်ပါဘူးလို့ ဘယ်လို ပြောရတော့မလဲ မသိဘူး။ နိုင်ငံခြားသား မပါတဲ့လုပ်ငန်းကို လက်ဝါးကြီး အုပ်တဲ့လုပ်ငန်းလို့ သတ်မှတ်မလား။ အဲလို သတ်မှတ်ရင်တော့ မပြောလိုဘူး။ လက်ဝါးကြီး အုပ်တယ်လို့ ပြောတဲ့သူတွေကိုတော့ သပ်သပ် ဆွေးနွေးချင်ပါတယ်။ ဖြေရှင်းချင်ပါတယ်။ အင်မတန်မှ စိတ်မကောင်း ခံစားရပါတယ်။ ဒီစကားလုံးက တော်တော်လေး ဆိုးရွားပါတယ်။ ဒီနေ့ ဈေးကွက် စီးပွားရေးအရ မှန်မှန်ကန်ကန် လုပ်နေတဲ့ လုပ်ငန်းရှင်တွေကို နာမည်ဆိုးကြီးနဲ့ ကင်ပွန်းတပ်လိုက်တဲ့အခါ  ကျွန်တော်တို့ လုပ်ငန်းရှင်တွေအတွက် နစ်နာမှုက ပြောမပြတတ်အောင် ခံစားရပါတယ်။

Voice : အသင်းအနေနဲ့ရော စက်သုံးဆီအသင်း ဝင်တွေအပေါ် ဖိဖိစီးစီး စီမံအုပ်ချုပ်နိုင်ပြီလား။ အရည်အသွေး၊ အရေအတွက်၊ ဈေးနှုန်းတို့နဲ့ ပတ်သက်ပြီး ဖြစ်ဖြစ်ပေါ့။ 
UWM : အသင်းအဖွဲ့ဆိုတာ အာဏာပိုင် အဖွဲ့အစည်း မဟုတ်ပါဘူး။ အနက် အဓိပ္ပာယ်လေးတော့  ကွဲပြားစေချင်ပါတယ်။ ဒါ့ကြောင့်မို့ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ဆောင်ရွက်တဲ့အခါ အသင်း အဖွဲ့စည်းမျဉ်းစည်းကမ်းနဲ့ပဲ ဆောင်ရွက်လို့ရတယ်။ နိုင်ငံတော်ရဲ့ ဥပဒေကို ကိုင်စွဲသုံးစွဲခွင့် မရှိပါဘူး။ 

ခုနမေးတဲ့မေးခွန်း၊ အရည်အသွေး၊ အရေအတွက်နဲ့ ဈေးနှုန်းကို သေသေချာချာ ကိုင်တွယ် ဆောင်ရွက်နိုင်ပြီလားဆိုရင် ကိုယ်တို့ အကောင်းဆုံး အနေအထားဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ အထူးသဖြင့် စက်သုံးဆီ ဈေးနှုန်းနဲ့ ပတ်သက်လို့ နိုင်ငံတော်ရဲ့ လက်ရှိမူဝါဒက လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်။ ဈေးနှုန်းမှာ ဌာနက တိုက်ရိုက် ဝင်မစွက်ဖက်ဘူး။ သို့သော် စောင့်ကြည့်နေတယ်။ ကျွန်တော်တို့က ကိုယ့်အချင်းချင်း အပြန်အလှန် စောင့်ကြည့်တဲ့အနေနဲ့ အစည်းအဝေး လုပ်တယ်။ နိုင်ငံခြားက တင်သွင်းတာ ဘယ်လောက် ကျတယ်။ ဈေးနှုန်း ဘယ်လောက်ဖြစ်သင့်တယ်။ အဲဒီထက် များတယ်ဆိုရင်တော့ များနေတယ်။ ခင်ဗျား ပြန်ညှိနှိုင်းပေးပါဆိုပြီး ဒီလိုနဲ့သွားခဲ့တဲ့အခါ ပြီးခဲ့တဲ့ ကာလတုန်းကတော့ ဈေးနှုန်းတွေ  တအားမြင့်တာ ဖြစ်ခဲ့ဖူးတယ်။

Voice : အဲဒီတုန်းက စက်သုံးဆီ တင်သွင်းတဲ့ လုပ်ငန်းရှင်များအသင်း ရှိပြီနော်။
UWM : အသင်းရှိပြီ။ ရှိခဲ့သော်လည်း အသင်းဆိုတာ နေရာတကာလည်း ဝင်စွက်လို့ မကောင်းဘူး။  အသင်းက နေရာတကာ အာဏာပြတယ် ဆိုတဲ့ကိစ္စမျိုးလည်း ဖြစ်တယ်။ ဖြစ်တဲ့အတွက် အသင်းက ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်တယ်။ သူ့ဘာသာ ရောဂါရှိလာမှ ကုစားတာ ပိုကောင်းတာပေါ့။ နောက်ပိုင်း တောက်လျှောက် စက်သုံးဆီ ဈေးနှုန်းကို ညှိနှိုင်းပြီး ဆောင်ရွက်ခဲ့ပါတယ်။ စက်သုံးဆီ ဈေးနှုန်းနဲ့ ပတ်သက်လို့ရှိရင်တော့ ၁၀ဝ ရာခိုင်နှုန်း မဟုတ်ပေမယ့် ၉၈ ရာခိုင်နှုန်းလောက်တော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတိုင်းအတာအထိ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။ 

Voice : တကယ်လို့သာ ၉၈ ရာခိုင်နှုန်းလောက်များ ဆောင်ရွက်နိုင်တယ်ဆိုရင် ဈေးနှုန်းနဲ့ပတ်သက်ပြီး  စားသုံးသူတွေက အပြင်မှာ ဘာလို့ ပွက်လော ညံနေတယ် ထင်လဲဗျ။
UWM : အဲဒါဆိုရင် အပြင်မှာ စားသုံးသူက ပွက်လော ညံတယ်ဆိုရင် ဘယ်စားသုံးသူက ပြောလဲ။  ဘယ်အချက်အလက်ကိုကြည့်ပြီး၊ ဘယ်နေ့က ဈေးက ဘယ်လောက်ပဲ ဖြစ်သင့်တယ်ဆိုတာမျိုး ညီလေးအနေနဲ့ ပြောနိုင်လား။

Voice : ဆိုတော့ စားသုံးသူ ဆိုတာ ၅၂ သန်းလေ။ 
UWM : ညီလေးတစ်ခုတော့ ကြားဖူးလား မသိဘူး။  အများနဲ့တော့ အမှားလုပ်လို့ မရဘူးလေ။ မသင့်တော်ဘူးလို့ ထင်တယ်။ ၅၂ သန်းပဲပြောပြော၊ သန်း ၆၀ ပဲပြောပြော အမှန်တရား ဆိုတာတော့ ရှိတယ်။ 

Voice : ၂၀၁၅ လောက်ကလည်း ဖြစ်ဖူးတယ်။  နိုင်ငံတကာ ဈေးတက်ရင် လိုက်တက်ပြီး ကျရင်လိုက် မကျဘူး။ တက်ဈေးနဲ့ ဝယ်ထားပြီး ဈေးကျသွားတဲ့အခါမို့ ကျဈေးနဲ့ မရောင်းနိုင်ဘူးဆိုတာမျိုး လုပ်ငန်းရှင်တွေက ပြောကြတယ်။ အဲလိုဘာလို့ မရောင်းနိုင်တာလဲ။
UWM : အစ်ကို ပြောချင်တာကတော့ ၂၀၁၅ ဆိုတာ ၂ နှစ်လောက် ကြာသွားပြီ။ အဲဒီအကြောင်းအရာ ပြောမယ့်အစား လက်ရှိ အခြေအနေ၊ လက်ရှိ လုပ်နေတဲ့ အနေအထားကို ပြောစေချင်တယ်။ လက်ရှိ အနေအထားမှာတော့ အဲဒါမျိုးတွေ မရှိတော့ပါဘူး။ တက်ရင် တက်တယ်။ ကျရင် ကျတယ်။ ဒီလိုပဲ သွားတယ်။ တက်ရင် တက်တယ် ဆိုတာကလည်းပဲ ချက်ချင်း မတက်ပါဘူး။ ဒီနေ့ နိုင်ငံခြားမှာ ရေနံတစ်စည် နှစ်ဒေါ်လာ တက်သွားတယ်။ နှစ်ဒေါ်လာနဲ့ ညီမျှတာ အစ်ကိုတို့ဘက်က လိုက်မတက်ပါဘူး။ တို့နိုင်ငံရဲ့ စက်သုံးဆီဈေးနှုန်း ဆိုတာသည် နိုင်ငံခြား စက်သုံးဆီ ဈေးနှုန်းတစ်ခုတည်းနဲ့ ဖြစ်တာမဟုတ်ဘူး။ ပြည်တွင်းက ငွေလဲလှယ်နှုန်းပေါ်မှာလည်း ဖြစ်တယ်။ ပြည်ပမှာ တစ်လီတာ တစ်ဆယ်လောက် တက်တယ် ဆိုပါစို့ ။ ဒီပြည်တွင်းမှာ ဒေါ်လာဈေးကျတာ နှစ်ဆယ်လောက် ဆိုပါစို့။ ဈေးမတက်တဲ့အပြင် ကျတောင်ကျတတ်ပါတယ်။ အဲဒီနှစ်ချက်ပေါ် မူတည်ပြီး တွက်ချက်ရပါတယ်။ တို့နိုင်ငံမှာမှ မဟုတ်ဘူး။ ယိုးဒယား၊  စင်ကာပူမှာလည်း ဒီနည်းအတိုင်းပဲ။ သူတို့ဆီက စက်သုံးဆီဈေးနှုန်းက အချက်ငါးချက်ပေါ် အခြေခံပြီးဖြစ်တာ။ ကျန်တဲ့ သုံးချက်ကတော့ Constant ဖြစ်ပါတယ်။ ဒီမှာတော့ နောက်ဆုံးဖြစ်ပေါ်တဲ့ဈေးနှုန်းရယ်၊ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ဈေးနှုန်းရယ် ချိန်ဆပြီး ဘယ်လောက်တော့ ဖြစ်သင့်ပါတယ်ပေါ့။
 
ကျန်တဲ့အရည်အသွေး၊ အရေအတွက်ဆိုတာသည် စွမ်းအင်ဝန်ကြီးဌာနက လိုက်စစ်နေတယ်။ အခုဆိုရင် အသံတွေ ပိုကျယ်လာတော့ ကျွန်တော်တို့က ဝိုင်းကူမယ်။ ဝန်ကြီးဌာနက ဘတ်ဂျက် အတိုင်းအတာရှိတော့ အခက်အခဲလေး ရှိနိုင်တယ်။ အသင်းအနေနဲ့က လူအင်အား၊ ငွေအင်အား အားလုံး ဝိုင်းကူမယ်။ မနက်ဖြန် အစည်းအဝေးမှာ တင်ပြမယ်။

ဒီလို အပြောခံရတာ အင်မတန် စိတ်မကောင်း ဖြစ်ရတယ်။ အရင်တုန်းကတော့ လုပ်ငန်းတူချင်း လိုက်စစ်ရတာ မကောင်းလို့ ဒီအတိုင်း နေခဲ့တယ်။ အခုချိန်မှာတော့ ဆီဆိုင်ပေါင်း ၂၀ဝ၀ လောက် ရှိတယ်။ ၂၀ လောက်က စည်းကမ်း ဖောက်ဖျက်ရင် ပြောတဲ့သူက ပြောမှာပဲ။ စားသုံးသူတွေက ဆီဆိုင်တွေအပေါ် ယုံယုံကြည်ကြည်နဲ့ မျက်စိမှိတ်ပြီး အားလုံးက စိတ်ချရတယ် ဆိုတာမျိုးဖြစ်အောင် ကျွန်တော် ခန့်မှန်းတာ သုံးလ လေးလအတွင်းမှာ တကယ့်ကို ရာနှုန်းပြည့် လွှမ်းခြုံနိုင်အောင် လုပ်ဖို့ ကြိုးစားနေတယ်။ 

Voice : ဝန်ကြီးဌာနက စက်သုံးဆီ သင့်တင့်တဲ့ ဈေးနှုန်းဖြစ်ဖို့ဆိုပြီး နောက်ဆုံး ညွှန်ကြားတာ  ဘယ်တုန်းကလဲဗျ ။
UWM : ကြာပါပြီ။ သင့်တင့်တဲ့ ဈေးနှုန်းဖြစ်ဖို့ဆိုတာ တစ်ခါညွှန်ကြားပြီး ထပ်ထပ်တော့ ညွှန်ကြားဖို့ မလိုဘူး မြင်တယ်လေ။ ကျွန်တော်တို့ကတော့ နိုင်ငံခြားက တင်သွင်းတာဆို အမြတ် ၂ ရာခိုင်နှုန်း တွက်တယ်။  ဆိုင်တွေမှာဆို ၄ ရာခိုင်နှုန်းလောက် တွက်တယ်။ ကျွန်တော်တို့ အမြတ်ဒီလောက်တော့ ခန့်မှန်းပါတယ်။ ယူခွင့်ပေးထားပါတယ်ဆိုပြီး ဝန်ကြီးဌာနကို တင်ပြတယ်။ ဝန်ကြီးဌာနက မင်းတို့ယူတဲ့ အမြတ်တွေက  နည်းတယ်၊ များတယ် ကျွန်တော်တို့ကို Comment (မှတ်ချက်)မပေးပါဘူး။ ကျွန်တော်တို့ဘက်က ဈေးနှုန်း များနေတယ် ဆိုရင်တော့ လာတယ်။ ဒါဖြစ်သင့်တဲ့ ဈေးနှုန်းထက် များနေပြီ။ နှစ်ခါလောက် လာဖူးတယ်။ အဲဒါမျိုးဆိုရင် ကျွန်တော်တို့ကလည်း ချက်ချင်းပဲလာပြီး အစည်းအဝေးခေါ်ပြီး ညှိနှိုင်းပြီး ဆောင်ရွက်ပါတယ်။

Voice : လုပ်ငန်းရှင်တိုင်းက အသင်းဝင် မဟုတ်ဘူးဆိုတော့ အသင်းဝင် ဘယ်လောက်များရှိပါလဲ။
UWM : အသင်းဝင်က ၃၀ဝ ကျော်ရှိပြီ။ ဆီဆိုင်တိုင်းသည် အသင်းဝင် မဟုတ်ဘူးပြောတာ။ ဆီဆိုင်က ဥပမာ - ကျွန်တော် တစ်ယောက်တည်းနဲ့တင် ၁၀ ဆိုင်၊ ၁၅ ရှိမယ်။ ကျွန်တော်မဟုတ်တဲ့ တခြားကျေးရွာ တစ်ရွာက လူတစ်ဦးက ဆီဆိုင် ဖွင့်ချင်တယ်ဆိုလည်း လုပ်ခွင့်ပေးထားတယ်။ အဲဒါမျိုးကျ အသင်းဝင် ဖြစ်စရာ မလိုဘူး။ ဒါလည်းပဲ ပြန်တင်ပြထားတယ်။ အသင်းဝင် ဖြစ်စေချင်တယ်။ အသင်းဝင် ဖြစ်မှသာလျှင် နိုင်ငံတော်က  ချမှတ်ထားတဲ့ စားသုံးသူတွေကို အကာအကွယ်ပေးရေး မူဝါဒကို အကောင်အထည် ဖော်လို့ရမယ် ဆိုတာကို  ပြန်တင်ပြပါမယ်။ အသင်းဝင်တာက ဒီနေ့လာတင် မနက်ဖြန် ဝင်ခွင့်ပေးလိုက်တာပဲ။ အသင်းဝင် စည်းကမ်းတော့ လိုက်နာရမယ်။ မူလေးတော့ ချထားတယ်။

Voice : စက်သုံးဆီ တင်သွင်းတဲ့ လုပ်ငန်းရှင် ဘယ်လောက်လောက်ရှိလဲ။
UWM : စက်သုံးဆီ တင်သွင်းတဲ့ ကုမ္ပဏီပေါ့။  ၇၀-၈၀ လောက် ရှိပါတယ်။ အဲဒါလည်း Fixed မလုပ်ထားဘူး။ Open to All ပဲ။ ဥပမာ ဒီနေ့ ၇၇ ခုရှိတယ်။ မနက်ဖြန် ကုမ္ပဏီသုံးခုလောက်က လုပ်ချင်တယ်ဆိုရင်လည်း လွတ်လပ်စွာ လုပ်ခွင့်ရှိတယ်။ အဲဒါဆို သဘောပေါက်ပြီလား မသိဘူး။ ကန့်သတ်ထားတာ မဟုတ်ဘူး။ လုပ်နိုင်တဲ့ လုပ်ချင်သူ မည်သူမဆို လုပ်ခွင့်ရှိတယ်။ 

Voice : အဲဒီ ၇၀ ကျော်လုံးက လက်လီ၊ လက်ကား လုပ်ကြလားဗျ။ ၇၀ လုံးကရော အသင်းဝင်ဖြစ်ကြလား။ 
UWM : လုပ်ကြပါတယ်။ ၇၀ လုံးကတော့ ဆိုင်လည်း ဖွင့်ကြပါတယ်။ နိုင်ငံခြားက တင်သွင်းတဲ့ အပိုင်းကိုတော့ စီးပွား/ကူးသန်းက ကျွန်တော်တို့ စက်သုံးဆီ အသင်းဝင်ဖြစ်မှ ခွင့်ပြုမယ်ဆိုတဲ့ မူလေးထားပေးထားတယ်။ စက်သုံးဆီ တင်သွင်းတဲ့ အပိုင်းကတော့ နိုင်ငံတော်ရဲ့မူဝါဒတွေ အကောင်အထည် ဖော်တဲ့အပိုင်းမှာ ပိုပြီး လုပ်ပေးနိုင်တာပေါ့။

Voice : ပြည်ပ ကုမ္ပဏီတွေကို စက်သုံးဆီ တင်သွင်းတဲ့ကဏ္ဍမှာ လုပ်ကိုင်ခွင့်ပြုမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။
UWM : ဒီကိစ္စကို ပြန်လည် သုံးသပ်ပြီး ခေတ္တ ဆိုင်းငံ့ထားပေးဖို့ တင်ပြသွားဖို့ ရှိပါတယ်။ ဆုံးဖြတ်တာကတော့ အုပ်ချုပ်ရေး တာဝန် ယူထားတဲ့အစိုးရက ဆုံးဖြတ်မှာပေါ့။ ကိုယ့်နိုင်ငံသားတွေ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်း မရှိသောကဏ္ဍမှာမှ FDI ခေါ်မယ်ဆိုတဲ့ မူဝါဒမျိုး နိုင်ငံတော်တော်များများမှာ ရှိပါတယ်။ 

လွဲမှားခဲ့တာကတော့ဗျာ။ ကျွန်တော်တို့နိုင်ငံမှာ အရင်တုန်းက လုပ်ငန်း တော်တော်များများကို လူတစ်စု၊ လူတစ်ဖွဲ့ကိုပဲ ပေးခဲ့တာ။ ပေးခဲ့တော့ ယှဉ်ပြိုင်စရာ မလိုဘူး။ ယှဉ်ပြိုင်စရာ မရှိတော့ မတိုးတက်ဘူး။  အတိတ်မှာ အရိပ်ဆိုးတွေ ရှိခဲ့တယ်။ အဲဒီအရိပ်ဆိုးတွေနဲ့ မှားပြီးတော့ အခု ကိုယ့်နိုင်ငံသားတွေ ကဏ္ဍ အားလုံးမှာ လွတ်လွတ်လပ်လပ် လုပ်လို့ရပြီဆိုတဲ့ အချိန်ကျ နိုင်ငံသားဆိုရင် ခရိုနီလို့ ထင်ယောင်ထင်မှား ဖြစ်ပြီးတော့မှ အဲဒါမျိုးတွေနဲ့ သွားပြီးရောနေတယ်။ ရောပြီး နိုင်ငံခြားသား လာမှဖြစ်မယ်။ နိုင်ငံခြားသား ခေါ်မှ ဖြစ်မယ်ဆိုတာမျိုး ဖြစ်တာပေါ့။ 

ကိုယ့်နိုင်ငံသားတွေ လုပ်ကိုင်နိုင်တဲ့ လုပ်ငန်းဆိုရင် နိုင်ငံတော်တော်များများ၊ အထူးသဖြင့် အိမ်နီးချင်း ယိုးဒယားဆိုရင် ခွင့်မပြုပါဘူး။ ကိုယ်နိုင်ငံသားတွေ လုပ်ကိုင်နိုင်သော်လည်း နိုင်ငံခြားသားတွေနဲ့ မယှဉ် ပြိုင်နိုင်သေးဖူးဆိုရင်လည်း ကိုယ့်နိုင်ငံသားပဲ လုပ်ခွင့်ပေးတယ်။ 

လက်ရှိ လုပ်နေတာက နိုင်ငံခြားက ဝယ်တယ်။ ပြီးရင် သိုလှောင်တယ်။ ပြီးရင် ဖြန့်ဖြူးတယ်။ ဒီလုပ်ငန်းလေးကို ပြောမယ်ဆိုရင် နံပါတ်တစ် နည်းပညာအားဖြင့် ကျွန်တော်တို့ လုံးဝ ဆောင်ရွက်နိုင်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ နံပါတ်နှစ် ငွေကြေးအားဖြင့်လည်း လုံလောက်တဲ့ အနေအထား ရှိပါတယ်။ ဒါ့ကြောင့်မို့ နိုင်ငံခြားသားကိုတော့ ခေါ်ဖို့ကိုတော့ ပြန်ပြီးစဉ်းစားစေချင်ပါတယ်။ နိုင်ငံခြားသားခေါ်ဖို့ ဖြစ်လာတဲ့ အကြောင်းတရား သုံးခုကလည်း အရေအတွက်၊  အရည်အသွေး၊ ဈေးနှုန်းပေါ့နော်။ ဒါတွေမှာ အားနည်းချက်တွေ ရှိတဲ့ဆိုတဲ့ ကိစ္စကလည်းပဲ ကျွန်တော်တို့ကို ထိန်းကျောင်းပါ။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ရှိပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ချက်တွေကို တင်ပြနေပါတယ်။ ကျွန်တော်တို့လည်း အခုထပ်ပြီး ကြိုးစားမယ်။ အရင်တုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် လိုက်ပြီး ထိန်းကျောင်းလို့ မကောင်းဘူး။ အခုနေမှာတော့ ဟေ့ ငါးခုံးမ တစ်ကောင်ကြောင့်တော့ တစ်လှေလုံး အပုပ်ခံလို့ မရတော့ဘူး။ လုပ်မယ်။ 

အရည်အသွေး၊ အရေအတွက်၊ ဈေးနှုန်းတွေကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းရောက်အောင် လုပ်ပေးနိုင်ခဲ့မယ် ဆိုရင်တော့ နိုင်ငံခြားသားတွေကို ခေါ်ဖို့ကိုတော့ လူကြီးတွေ ပြန်စဉ်းစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

ရဲနိုင်ဦး