News

POST TYPE

EDITORIAL

FDI စက်သုံးဆီ ဆိုင်များနှင့် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ (Weekly, Vol-13/No-10)
01-Apr-2017 tagged as စက်သုံးဆီ

ဗဟိုချုပ်ကိုင်သောစနစ် သို့မဟုတ် အာဏာရှင်စနစ်ဖြင့် ရာစုနှစ်ဝက်ကျော် ဖြတ်သန်းလာခဲ့သော မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေး နာမည်ဖြင့် မည်ကာမတ္တ အကောင်အထည် ဖော်ခဲ့သော်ငြား အာဏာရှင်စနစ်နှင့် တွဲလျက်ရှိနေသော အကျင့်ပျက်လာဘ်စားမှု၊ ခရိုနစ်ဇင်ခေါ် လက်သင့်ရာ စားတော်ခေါ် ဝါဒ၊ နစ်ပိုတစ်ဇင်ခေါ် သား၊ တူ၊ ညီ ကောင်းစားရေးဝါဒ ကျင့်သုံးမှုတို့ကြောင့် လက်ဝါးကြီးအုပ် စီးပွားရေးစနစ်သာ လည်ပတ်နေခဲ့သည်။

ယနေ့ အရပ်သားအစိုးရ လက်ဝယ်သို့ အချုပ်အခြာအာဏာအချို့ ရောက်ရှိလာချိန်တွင်ပင် လုပ်ငန်းအများစုမှာ နိုင်ငံတကာ မဆိုထားနှင့် အိမ်နီးချင်း နိုင်ငံများတွင်ပင် မရှိသည့်  ပုံမှန်မဟုတ်သော ကုန်ကျစရိတ်များ၊ အစိုးရဌာနဆိုင်ရာ အသီးသီးကို ဖြတ်သန်းခွင့်ပြုချက် ရယူရသည့် အဆင့်များကြောင့် ဒေသတွင်း နိုင်ငံများထက် ရောင်းကုန်ပစ္စည်းများနှင့် ဝန်ဆောင်ခများ ဈေးကြီးလျက် ရှိနေသေးသည်။

ယနေ့ စက်သုံးဆီတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းကို မည်သူမဆို လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်း ခွင့်ပြုထားသော်ငြား အစိုးရက အရည်အသွေးစိစစ်မှု၊ အခြင်အတွယ် စစ်ဆေးအတည်ပြုမှု၊ ဈေးကွက်သဘောနှင့် မဆန့်ကျင်သော ဈေးနှုန်းထိန်းညှိမှုတို့ကို ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းကြီးကြပ်ခြင်း မရှိပေ။

ထို့အပြင် စက်သုံးဆီဆိုင်တစ်ဆိုင် ဖွင့်လှစ်ခွင့်ရရှိရန် အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင် အဆင့်ဆင့်၊ ဌာနအသီးသီးထံမှ ခွင့်ပြုချက်ရရှိရန် လာဘ်ငွေပေး ကျော်ဖြတ်ရသောကြောင့် အပိုကုန်ကျစရိတ် အများအပြား ရှိနေပေသည်။

ထိုအပိုကုန်ကျစရိတ်များ ပြန်ကာမိစေရန် ပုဂ္ဂလိက စက်သုံးဆီဆိုင် အများစုမှာ အရည်အသွေးနိမ့်၊ အခြင်အတွယ်မမှန်၊ အရောအနှောမကင်းသော စက်သုံးဆီများကို နိုင်ငံတကာ ပေါက်ဈေးတက်ချိန်တွင် ချက်ချင်းတက်ရောင်းကာ နိုင်ငံတကာပေါက်ဈေး ကျသွားသော်လည်း ရက်သတ္တပတ်များစွာ အမြင့်ဈေးဖြင့် ဆွဲရောင်းနေကြခြင်း ဖြစ်သည်။

အရောအနှောပါ၊ အရောင်ဆိုးဆေးထည့်၊ အရည်အသွေးနိမ့်၊ အခြင်အတွယ် မမှန်သော စက်သုံးဆီများကို နိုင်ငံတကာ ပေါက်ဈေးထက် ပိုပေးဝယ်ယူရသော ပြည်တွင်းစားသုံးသူများ အနေနှင့် ဆီအရည်အသွေးကြောင့် ဖြစ်ပေါ်ရသည့် မော်တော်ယာဉ် အစိတ်အပိုင်းများ မလိုအပ်ဘဲ အချိန်မတိုင်ခင် လဲလှယ်ပြင်ဆင်ရသော စရိတ်စကများ ထပ်ဆောင်းကုန်ကျခဲ့ရသည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း၊ ရောင်းချသူများအဖွဲ့ကမူ ပြည်တွင်းရှိ စက်သုံးဆီဆိုင်များ နိုင်ငံတကာ အရည်အသွေးမီ၊ ဈေးနှုန်းမှန် ရောင်းချရန် အမြဲကြီးကြပ် တိုက်တွန်းနေသည်ဟု ဆိုသော်လည်း လက်တွေ့မှာ ဆီဆိုင်အများစု မလိုက်နာကြောင်း မော်တော်ယာဉ်ပိုင်ရှင်များ၊ မော်တော်ယာဉ် ပြုပြင်ရေး လုပ်ငန်းရှင်များကို မေးမြန်းချက်များအရ သိရသည်။

အိမ်နီးချင်းနိုင်ငံ အများစုတွင် စက်သုံးဆီ တင်သွင်းရောင်းချခြင်းကို ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုထားခြင်းကြောင့် ကမ္ဘာကျော် ရေနံကုမ္ပဏီကြီးများက စက်သုံးဆီဆိုင်များ ဖွင့်လှစ်ထားကြသလို ပြည်တွင်းလုပ်ငန်းရှင်များကလည်း တစ်ပိုင်တစ်နိုင် ဆီဆိုင်များ ဖွင့်လှစ်ထားကြသည်ကို တွေ့မြင်နိုင်သည်။

ထို့သို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုလိုက်ခြင်းကြောင့် နိုင်ငံတော် အနေနှင့် ယင်းလုပ်ငန်းများက ပေးဆောင်သော အခွန်ငွေကို တိတိကျကျ အလုံးအရင်း ရရှိနိုင်သည့်အပြင် စားသုံးသူ ပြည်သူလူထု အနေနှင့်လည်း နိုင်ငံတကာ အရည်အသွေးနှင့် စံချိန်စံညွှန်းမီ၊ အရောအနှောကင်း၊ အလေးချိန် အခြင်အတွယ်မှန်သော စက်သုံးဆီများကို ဝယ်ယူသုံးစွဲခွင့် ရရှိနိုင်ပေသည်။

ထို့အပြင် အဆိုပါ နိုင်ငံခြားကုမ္ပဏီများ ဖွင့်လှစ်ရောင်းချသည့် စက်သုံးဆီဆိုင်များတွင် မြန်မာနိုင်ငံသားများကို ဦးစားပေး ခန့်ထားပေးရန်၊ ဒေသတွင်း နိုင်ငံများနည်းတူ လုပ်ခ၊ လစာ၊ ခံစားခွင့်များ ရရှိစေရန် သဘောတူစာချုပ်များ၊ ဥပဒေ၊ စည်းကမ်းများတွင် ထည့်သွင်းပေးရန် အစိုးရက ညှိနှိုင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးလာနိုင်သည်။

ပြည်တွင်းက စက်သုံးဆီ လုပ်ငန်းရှင်များ အနေနှင့်လည်း စိုးရိမ်ပူပန်စရာမရှိဘဲ ယခင်က ၎င်းတို့ ပြည်ပမှ တင်သွင်းရသော နှုန်းထားအတိုင်း ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံကာ လက်လီရောင်းချသော စက်သုံးဆီဆိုင်များ ထူထောင်ကြမည့် နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများထံမှ လက်ကားဈေးနှုန်းဖြင့် ဝယ်ယူ၍ တစ်ဆင့်ပြန်လည် ရောင်းချနိုင်ပေသည်။

ပြည်တွင်းစက်သုံးဆီ လုပ်ငန်းရှင်များ အတွက်လည်း ပြည်ပမှ တင်သွင်းရာတွင် ပေးရသော အချိန်၊ လုပ်အား၊ အပိုကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်းကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်သော စက်သုံးဆီဆိုင်များကို ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ ဥပဒေ စည်းကမ်းမျိုး ကိုင်စွဲကာ အစိုးရက ထိန်းကျောင်းခြင်းအားဖြင့် လူတစ်ရာခန့်ရှိသော ပြည်တွင်းလုပ်ငန်းရှင်များကို သာမက သန်းငါးဆယ်သော ပြည်သူလူထုမျက်နှာကို အလေးထားရာ ရောက်ကြောင်း အထူးတလည် အသိအမှတ်ပြု ဖော်ပြလိုပေသည်။ 

အယ်ဒီတာ (၂၉-၃-၂၀၁၇)