News

POST TYPE

EDITORIAL

ပြည်တွင်းစက်သုံးဆီဈေးကွက် နောက်ထပ်စာမျက်နှာသစ်
01-Apr-2017 tagged as စက်သုံးဆီ

မြန်မာနိုင်ငံတွင် စက်သုံးဆီ ဝယ်ရာ၌ စစ်တပ်က အာဏာရယူထားသော အိမ်နီးချင်း ထိုင်းနိုင်ငံကဲ့သို့  ရွေးချယ်ခွင့် များများစားစားမရှိ။ ပြည်တွင်းလုပ်ငန်းရှင်များ တင်သွင်းနေသည့် စက်သုံးဆီများကိုသာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဝယ်ယူသုံးစွဲရသည်။

ဆီအရည်အသွေးကြောင့် ကားများပျက်စီးမှု၊ ပြင်ဆင်စရိတ်များစွာ သုံးစွဲနေရမှုသည် မြန်မာနိုင်ငံတွင် ကားစီးသူတိုင်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရသည့် လက်ဆောင်လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်း စက်သုံးဆီ ဈေးတက်ရာက တစ်ဆင့် အကြောင်းဖန်လာသော ရွှေဝါရောင် တော်လှန်ရေး စတင်ခဲ့ပြီးနောက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းတို့ မရှေးမနှောင်း ဖြစ်ထွန်းလာကြသည်။ 

ထို့နောက် ၈ နှစ်ခန့်အကြာ ၂၀၁၇ ခုနှစ်တွင် လက်ရှိအစိုးရသစ်သည် စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ကိုင်သော လုပ်ငန်းများ အားလုံးကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုမည်ဟု အစိုးရက ထုတ်ပြောလိုက်သည်။

စက်သုံးဆီဆိုင်များ အပါအဝင် ဈေးဝယ်စင်တာ လုပ်ငန်းများကို ပြည်ပရင်းနှီးမြှုပ်နှံသူများအား လုပ်ကိုင်ခွင့်ပေးရန် ဆောင်ရွက်သွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက မတ်လ ၁၈ ရက်နေ့က နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ပြည်ပလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး၏ စက်သုံးဆီဆိုင် မူဝါဒသစ်ကား ယခင်တပ်မတော်အစိုးရနှင့် နီးစပ်ခဲ့သူ လုပ်ငန်းရှင်များ အများစု လုပ်ကိုင်ကြသည့် စက်သုံးဆီဆိုင်လောကတွင် ဂယက်ရိုက်သွားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအနှံ့ စက်သုံးဆီ အရောင်းဆိုင် အများဆုံး ဖွင့်လှစ်ရောင်းချနေရာတွင် ဦးဇော်ဇော် အုပ်စုမှ Max Energy၊ ဦးတေဇအုပ်စုမှ ထူးအုပ်စုအောက် Apex Petroleum၊ ဒေါက်တာစိုင်းဆမ်ထွန်း အုပ်စုမှNew Day နှင့် ဒေါက်တာဝင်းမြင့် အုပ်စုမှ မြတ်မေတ္တာ မွန်ဆိုင်တို့ ဖြစ်ကြသည်။

ဦးဇော်ဇော်သည် ဘိလပ်မြေ အပါအဝင် ဟိုတယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်းတို့ လုပ်ကိုင်နေသည့် Max အုပ်စု၏ ဥက္ကဋ္ဌတစ်ဦး ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ်ပါ တာဝန်ယူထားသည်။ ဦးတေဇသည်လည်း မြန်မာနိုင်ငံ၏ အချမ်းသာဆုံး စာရင်းဝင်တစ်ဦး ဖြစ်သကဲ့သို့ ထူးအုပ်စု ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဟောင်း ဖြစ်သည်။ 

ဒေါက်တာစိုင်းဆမ်ထွန်းသည် Alpine၊ Blue Mountain၊ အာမခံလုပ်ငန်းများ အပါအဝင် အခြားလုပ်ငန်းများစွာပိုင်ဆိုင်သည့် လုပ်ငန်းရှင်ကြီး ဖြစ်သည်။ ဒေါက်တာဝင်းမြင့်သည် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း၏ အဓိကနေရာ ဖြစ်သည့် အထွေထွေအတွင်းရေးမှူး နေရာတွင် ထမ်းဆောင်နေသည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။

စက်သုံးဆီအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းမြင့်ကတော့ ယခုလို ဆိုသည်။

“လုပ်ငန်းရှင်တွေက ဈေးနှုန်း၊ အရည်အသွေးနဲ့ အရေအတွက်တွေကို လုပ်ပေးနိုင်သေးတယ်။ အဲ့ဒါကြောင့် ပြည်ပလုပ်ငန်းရှင်တွေကို မခေါ်သေးပါနဲ့ဦး။ ပြည်တွင်းလိုအပ်ချက် ရှိနေတာတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မခေါ်ခင် ပြည်တွင်းလုပ်ငန်းရှင်တွေကို လမ်းညွှန်မှုပေးပါ” ဟု ပြောသည်။

ဝန်ကြီးထံ စာတင်မည်ဟုလည်း အသင်းဘက်က သတင်းထုတ်ပြန်သည်။ သို့သော် စက်သုံးဆီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြု၊ ခွင့်မပြု စသည်တို့ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး။

အစိုးရဘက်ကလည်း နိုင်ငံခြားကုမ္ပဏီများကို မည်သည့်အချိန် ခွင့်ပြုမည်၊ မည်သို့ခွင့်ပြုမည် ဆိုသည်များကိုလည်း သတင်းထုတ်ပြန်မှုလည်း မရှိသေးပေ။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရန် ရှိသည့် စက်သုံးဆီ မူဝါဒနှင့် ပတ်သက်၍ ထိုင်းနိုင်ငံတွင် နေထိုင်သည့် စာရေးဆရာ၊ ဆောင်းပါးရှင် မင်းဒင်က -

“စက်သုံးဆီရောင်းတဲ့ လုပ်ငန်းဟာ တကယ့်ကို ခွင်ကြီးခွင်ကောင်းမို့ အစဉ်အဆက် အစိုးရနဲ့ နီးစပ်သူတွေပဲ ရခဲ့တာပါ။ စက်သုံးဆီဈေးဟာ အခြေခံစားသောက်ကုန် အပါအဝင် အားလုံးသော ကုန်ဈေးနှုန်းများနဲ့ တိုက်ရိုက်အချိုးကျနေတာမို့၊ လက်ရှိစက်သုံးဆီဈေးနှုန်း ကျဆင်းလာအောင် နည်းလမ်းမျိုးစုံ ကြံဆရမှာပါပဲ။ နိုင်ငံခြားကုမ္ပဏီတွေ အနေနဲ့ ပြည်တွင်းကုန်သည်တွေထက် ဈေးလျှော့ပြီး ရောင်းနိုင်ရင် ခွင့်ပြုသင့်ပါတယ်။ ကုန်ဈေးနှုန်းတွေ ကျဆင်းလာနိုင်သလို အခွန်အခလည်း တိတိကျကျ ကောက်ခံရရှိနိုင်ပါလိမ့်မယ်။ အဲဒီလုပ်ငန်းရှင်တွေကို သနားဖို့မလိုပါ” ဟုလည်း ပြောကြားသည်။

ထိုလုပ်ငန်းရှင်တို့ ပေါ်ပေါက်လာမှုသည် ၂၀၀၇ ခုနှစ်အတွင်း သံဃာတော်များ ဆန္ဒထုတ်ဖော်ခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးက မြစ်ဖျားခံလေသည်။ ထိုအရေးအခင်းကာလ အတွင်းမှ လေးလအတွင်း စက်သုံးဆီဈေးတို့ နှစ်ဆထိ မြင့်တက်ခဲ့သည်။ ထို့ကြောင့် ယာဉ်စီးခများ နှစ်ဆမြင့်တက်ခဲ့သလို ကုန်ဈေးနှုန်းတို့သည်လည်း များစွာ လိုက်ပါမြင့်တက်ခဲ့ရသည်။

ထိုအချိန်က ဒီဇယ်တစ်ဂါလန်လျှင် ၂၂၀၀ ခန့်သာ ရှိခဲ့သည့် စက်သုံးဆီဈေးတို့သည် တစ်မုဟုတ်ချင်း တစ်ဂါလန်လျှင် ၄၃၀၀ ကျပ်ခန့်ထိ မြင့်တက်ခဲ့သည်။

ထို့နောက် သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင် အရေးအခင်းကြီး ဖြစ်လာပြီး ရွေးကောက်ပွဲ ကျင်းပကာ သမ္မတဦးသိန်းစိန် အစိုးရ တက်လာခဲ့သည့် ၂၀၁၀ ခုနှစ် ဇွန်လအတွင်းတွင် အစိုးရက ချုပ်ကိုင်ထားသည့် စက်သုံးဆီ ရောင်းချခွင့်များကို ပုဂ္ဂလိကဆိုင်များ အဖြစ်သို့ လွှဲပြောင်းဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပမှလည်း တင်သွင်းရောင်းချခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

၂၀၁၀ ခုနှစ်မှ ယခုအချိန်ထိ ပုဂ္ဂလိက သီးသန့် ဆိုင်ဖွင့်လှစ်ရောင်းချခွင့်ဖြင့် စက်သုံးဆီဆိုင် ၁၈၃၉ ဆိုင်၊ အစိုးရမှ ပုဂ္ဂလိကသို့ လွှဲပြောင်းဖွင့်လှစ်ခွင့် ပြုထားသည့် ဆိုင်မှာ ၂၆၁ ဆိုင်ရှိပြီး စုစုပေါင်း ၂၀၉၄ ဆိုင် ဖွင့်လှစ်ရောင်းချခွင့် ပြုထားကာ အစိုးရဆိုင်များအဖြစ် ၁၂ ဆိုင် ရှိနေဆဲ ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

“ဆီတွေ ဒီထက်ကောင်းပြီး ဈေးလျော့သွားမယ် ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ အတွက် ဝင်ငွေလည်း ပိုကောင်းတာပေါ့။ ကျွန်တော်တို့ရဲ့ တစ်ရက်ဆီဖိုးက ၁၂၀၀၀ လောက် ရှိပါတယ်” ဟု အငှားယာဉ်မောင်း ဦးမြင့်ဌေးက ညည်းတွားပြောဆိုသည်။

မြန်မာနိုင်ငံ၌ မော်တော်ယာဉ် အသုံးပြုမှု များပြားလာသည်နှင့်အမျှ စက်သုံးဆီ တင်သွင်းမှုသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး ယခင်ဘဏ္ဍာနှစ် ဧပြီမှ ဖေဖော်ဝါရီလကုန်ထိ ဒီဇယ်တင်သွင်းမှုသည် တန် ၁ ဒသမ ၄၆ သန်းဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၇၇၂ ဒသမ ၈၆၇ သန်းသာ ရှိခဲ့ရာမှ ယခုဘဏ္ဍာနှစ် ယင်းကာလတူ အတွင်းတန် ၂ ဒသမ ၅၉ သန်းဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၁၉ ဒသမ ၆၈၃ သန်းထိ တင်သွင်းခဲ့ပြီး ယခုဘဏ္ဍာနှစ်အတွင်း ဓာတ်ဆီကို တန် ၉ သိန်းနီးပါးဖြင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၅၄၇ သန်းကျော်ထိ တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထံမှ သိရသည်။

ထိုပမာဏအရ ဒီဇယ်ကို တစ်လတင်သွင်းမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၉၂ သန်းကျော်ထိ တင်သွင်းပြီး ဓာတ်ဆီကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၄၉ သန်းကျော်ထိ တင်သွင်းလျက် ရှိသည့် စက်သုံးဆီများကို အရည်အသွေး၊ အခြင်အတွယ်နှင့် ဈေးနှုန်းပိုင်းကို များစွာဝေဖန်ခံနေရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဘာကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုရကြောင်းကိုလည်း လုပ်ငန်းရှင်များကို ယခုကဲ့သို့ ရှင်းပြခဲ့သည်။

“ပြည်တွင်းမှာရှိတဲ့ စက်သုံးဆီရောင်းတဲ့ ဆိုင်တွေက ပြည်ပမှာ ရေနံဈေးကျလည်း သူတို့မကျဘူး။ ဒါတွေက ဘာကြောင့်ဖြစ်လာလဲဆိုရင် ယှဉ်ပြိုင်မှုမရှိလို့ ဈေးက သူတို့လက်ထဲမှာပဲ ရှိနေတယ်။ ဒီလိုပဲ ဆူပါမားကက်တွေ၊ စတိုးဆိုင်တွေကို ပြည်ပက လူတွေကို ရင်းနှီးမြှုပ်နှံခွင့် ပေးရမယ်။ အဓိကက စားသုံးသူတွေ ရွေးချယ်ခွင့်ရှိလေ စီးပွားရေး အားကောင်းလေပဲ။ ယှဉ်ပြိုင်တဲ့ဘက်ကို သွားမှဖြစ်မယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုခဲ့သည်။

ဝန်ကြီး၏ ပြောကြားချက်ကို ရန်ကုန်မြို့တော်ရှိ အငှားယာဉ်မောင်း အသိုင်းအဝိုင်းနှင့် စက်သုံးဆီဈေးကွက် စောင့်ကြည့်လေ့လာသူများက ထောက်ခံကြသည်။

နိုင်ငံခြားလုပ်ငန်းရှင်များ ဝင်ရောက်လာမည် ကို ကြိုဆိုပြီး ထိုသို့ ဝင်ရောက်လာခြင်းဖြင့် မော်တော်ယာဉ် အသုံးပြုသူများအတွက် ဆီကောင်း၊ ဆီသန့်များ အသုံးပြုလာနိုင်မည် ဖြစ်သည့်အပြင် ဈေးနှုန်းချိုချိုသာသာဖြင့် သုံးစွဲလာနိုင်မည် ဖြစ်ကြောင်း စက်သုံးဆီဈေးကွက် လေ့လာသူ ကိုအရည်ကြိုက ဆိုသည်။

သို့သော် လက်ရှိ စက်သုံးဆီ အရောင်းဆိုင်များ၏ ဈေးနှုန်းများကို စက်သုံးဆီအသင်း၏ တစ်ပတ်တစ်ကြိမ် အစည်းအဝေးမှ သတ်မှတ်၍ ရောင်းချနေခြင်း ဖြစ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများကို သတ်မှတ်ပေးနေသည်ဟု လုပ်ငန်းရှင်တွေဘက်က တုံ့ပြန်သည်။ လက်ရှိအချိန်ထိ ပြည်ပမှ စက်သုံးဆီ တင်သွင်းရောင်းချခွင့်အတွက် ကုမ္ပဏီ ၇၀ ကျော်ကို ခွင့်ပြုထားပြီး တင်သွင်းရောင်းချလိုသူများကို ကြိုဆိုကြောင်း စက်သုံးဆီအသင်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဒီဇယ်တစ်လီတာလျှင် ၂၃၀ ကျပ်၊ အဆင့်မြင့် ဒီဇယ်တစ်လီတာလျှင် ၁၉၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၇၀ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၁၀ ကျပ်ထိ မြင့်တက်လာခဲ့သည်။

လက်ရှိ စက်သုံးဆီကို စင်ကာပူနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ တင်သွင်းခြင်း ဖြစ်ပြီး ဈေးနှုန်းများကို ပြည်ပမှ သယ်ယူပို့ဆောင်ခ၊ ဆိပ်ကမ်းအရောက်တန်ဖိုးများ၊ အခွန်နှုန်း၊ ပြည်ပစက်သုံးဆီဈေးတို့ပေါ်မှ နုတ်၍ တွက်ချက်သတ်မှတ်ကာ ရောင်းချပေးခြင်း ဖြစ်သည်။

ထိုသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြည်ပလုပ်ငန်းရှင်များကို စက်သုံးဆီ လုပ်ငန်းများတွင် ခွင့်ပြုရန် လုပ်ဆောင်မည်ဟု ပြောဆိုပြီးနောက်ပိုင်း ပြည်တွင်းစက်သုံးဆီ လက်လီ၊ လက်ကား ဈေးနှုန်းများသည် ဆက်တိုက်ကျဆင်းလာပြီး မတ်လ တတိယပတ်အတွင်းက ပြည်ပစက်သုံးဆီ ဈေးကျခြင်းကြောင့် လက်လီဈေးနှုန်းတွင် တစ်လီတာလျှင် ၁၀ ကျပ်ခန့် ကျဆင်းခဲ့ရာမှ မတ်လ နောက်ဆုံးပတ်သို့ ရောက်ရှိချိန်တွင် ၁၀ ကျပ်ခန့် ထပ်မံကျဆင်းလာခဲ့သည်။

ထို့ကြောင့် လက်ကားဈေးကွက်တွင်လည်း တစ်လီတာလျှင် ၂၀ ကျပ်မှ ၃၀ ကျပ်ထိ ကျဆင်းသွားပြီး ပြည်ပစက်သုံးဆီဈေးနှုန်းသည် တစ်စည်လျှင် ၂ ဒေါ်လာ မှ ၄ ဒေါ်လာထိ ကျဆင်းလာခဲ့သည်။

ယင်းမှာ ပြည်ပလုပ်ငန်းရှင်များ ခွင့်မပြုရသေးခင်ပင် ဈေးနှုန်းများ ကျဆင်းသွားခြင်း ဖြစ်သည်။

ထို့ကြောင့် လက်တွေ့ မြန်မာ့စက်သုံးဆီဈေးကွက် အတွင်းသို့ ပြည်ပလုပ်ငန်းများ ဝင်ရောက်လာမည် ဆိုပါက ယခုထက် ပိုမိုကျဆင်းလာဖွယ်ရှိပြီး အရည်အသွေးပိုင်းတွင်လည်း ကောင်းမွန်လာမည် ဖြစ်သည်ဟုလည်း မော်တော်ယဉ် အသုံးပြုသူတို့က ပြောကြသည်။

လက်ရှိစက်သုံးဆီ အသုံးပြုနေရသူတို့၏ အဓိက အခက်အခဲမှာ စက်သုံးဆီ အရည်အသွေး မပြည့်ဝခြင်း ဖြစ်သည်။

“နိုင်တီးတူး (၉၂) ဆိုရင် ဘာပလပ် (Plug) ထည့်ထည့် လပိုင်းပဲ၊ နိုင်တီးဖိုက် (၉၅) တောင်မှ သုံးလလောက်နေ Plug လဲရတယ်။ ဆီအရည်အသွေးကောင်းကောင်းကို ကျွန်တော်တို့ လိုချင်တာပါ” ဟုလည်း မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။

လတ်တလော ပြည်တွင်း၌ ကမ္ဘာ့နာမည်ကြီး စက်သုံးဆီ ရောင်းချသည့် ကုမ္ပဏီကြီးများ ဖြစ်သည့် နယ်သာလန် အခြေစိုက် Shell ကုမ္ပဏီနှင့် အမေရိက အခြေစိုက် စက်သုံးဆီ ကုမ္ပဏီကြီး ဖြစ်သည့် Petro ကုမ္ပဏီတို့သည် ပြည်တွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည့် အတွက် စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခွင့် ပြုလိုက်မည် ဆိုပါက အချိန်မရွေး လုပ်ကိုင်နိုင်စွမ်း ရှိသည့် ကုမ္ပဏီကြီးများ ဖြစ်သည်။

လက်ရှိ ပြည်တွင်းစက်သုံးဆီ အသုံးပြုသူများ၏ အဖြစ်သည် ‘ဆင်ဖိုးထက် ချွန်းဖိုးကကြီး’ ဟူသော စကားပုံအတိုင်း ထည့်သွင်းသည့် ဆီအရည်အသွေး မကောင်းမွန်ခြင်းကြောင့် မော်တော်ယာဉ် အသုံးပြုသူတို့အတွက် ပြင်ဆင်စရိတ်တို့က အလွန်မြင့်တက်နေလေသည်။

အရည်အသွေး မပြည့်သည်ပင် မဟုတ်သေး၊ အချို့က အရောအနှောများ ပြုလုပ်၍ ရောင်းချနေသေးဟုလည်း ဝေဖန်ကြသည်။ ယင်းသို့ အရောအနှော ပြုလုပ်ထားသည့် စက်သုံးဆီများကို ရန်ကုန်ဈေးကွက်အတွင်းထက် နယ်ဈေးကွက်များတွင် ရောင်းချမှု ပိုမိုများသည်ဟုလည်း ၎င်းတို့က ဆိုသည်။

“အရင်တုန်းကဆို ဆီဂိတ်ခိုးတာပေါ့နော်။ အဲဒါတွေလည်း ရှိတယ်။ အခုနောက်ပိုင်းတော့ ဆိုင်တွေက အဲဒါတွေ လျော့လာပေမယ့်လည်း အရည်အသွေးပိုင်းမှာတော့ သိပ်စံမမီသေးဘူး။ ဈေးကလည်း ကျတယ်လို့ကို မရှိပါဘူး” ဟု  အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုကျော်ဦးက ပြောဆိုသည်။

ထိုသို့ အရည်အသွေးပြည့်မီခြင်း မရှိသည့် ဆီများကို အသုံးပြုခြင်းကြောင့် မော်တော်ယာဉ်များတွင် Catalytic Converter (ကျောက်ဆန်ခါ) ပိတ်သောကြောင့် ကားမီးလောင်ခြင်း၊ ပလပ်များ မကြာခဏ လဲရခြင်း၊ Knocking (မီးသံ) ခေါက်၍ ကားအဆွဲအရုန်းကျခြင်း၊ Diesel Pump များ/ Injector နော်ဇယ်များ မကြာခဏပျက်ခြင်း၊ လဲရခြင်း၊ O2 Sensor များ မကြာခဏ ပျက်စီးခြင်း၊ Pressure Pump များ၊ High Pressure Pump များ မကြာခဏ ပျက်စီးခြင်းတို့အပြင် မည်သည့်နိုင်ငံတွင်မျှ ဖြစ်ပေါ်လေ့ မရှိသည့် ရောဂါပေါင်းစုံ ဖြစ်ပေါ်လျက် ရှိသည်ဟုလည်း သူတို့က ထောက်ပြကြသည်။

ထို့ပြင် ဆီအရည်အသွေး မပြည့်ဝခြင်းကြောင့် မော်တော်ယာဉ်တစ်စီး၏ သတ်မှတ်မောင်းနှင်ခွင့် ကီလိုမီတာ မတိုင်မီ ပျက်စီးခြင်းများ ဖြစ်ပေါ်စေသည့်အပြင် မြန်မာနိုင်ငံတွင် အင်ဂျင်ပိုင်းဆိုင်ရာ ပြုပြင်ရသည့် မော်တော်ယာဉ်များမှာ ဆီအရည်အသွေး မပြည့်ဝသည့်အတွက် ပျက်စီးရသော ပမာဏသည် ၆၀ ရာခိုင် နှုန်းကျော်အထိ ရှိသည်ဟု စက်ပြင်ဆရာ အသိုင်းအဝိုင်းက ဆိုသည်။

ထို့ကြောင့် စက်သုံးဆီဈေးနှုန်း ကျဆင်းရေးထက် အရည်အသွေးပြည့်မီရေးက ပိုမိုအရေးကြီးသည်ဟု ဆိုသော်လည်း ဈေးနှုန်းပိုင်းတွင်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများကို ဖြစ်စေလိုသည်ဟု ကျွမ်းကျင်သူများနှင့် မော်တော်ယာဉ် အသုံးပြုသူများက ဆိုသည်။

သို့သော် ယခုလက်ရှိ စက်သုံးဆီ တင်သွင်းရောင်းချနေသူများကမူ ထိုသို့ ဖြေရှင်းပေးရန် မလိုအပ်သေးဟု ဆိုလာကြသည်။ လက်ရှိသုံးစွဲသူ အများစုကမူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ကို လက်ကမ်း၍ ကြိုဆိုနေကြသည်။

ထိုသို့ ပြည်ပလုပ်ငန်းရှင်များ စက်သုံးဆီလုပ်ငန်းတွင် လုပ်ကိုင်ခွင့်ပြုမည့်အရေးကို စက်သုံးဆီ အရည်အသွေးပိုင်းဆိုင်ရာ မပြည့်မီခြင်းများနှင့် ပတ်သက်၍ ဆောင်းပါးများ ရေးသားနေသူ ကိုအရည်ကြိုကတော့ ယခုလို ဆိုသည်။

“ဝန်ကြီးပြောတာ ဖြစ်မသွားမှာကိုပဲ အရမ်းစိတ်ပူပါတယ်။ အရင်အစိုးရ လက်ထက်တုန်းကလည်း အဲ့လိုပဲ ဝိုင်းဝန်းကန့်ကွက်ပြီးတော့ ဖြစ်မသွားတာလည်း ဖြစ်ခဲ့ဖူးတယ်။ ဒီလိုမဖြစ်အောင် ဥပဒေအချို့မှာ Cross (ဖြတ်မျဉ်း) တွေ ရှိနေတာကို လွှတ်တော်တင်ပြီး အမြန်ဆုံး ပြင်ဆင်လုပ်ဆောင်သင့်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အချိန်မဆိုင်းသင့်ပါဘူး” ဟု ပြောသည်။

ဟိန်းမြတ်စိုး