News

POST TYPE

EDITORIAL

ဆင်းရဲခြင်း၊ လူငယ်နှင့် အနာဂတ် (Weekly, Vol-12/No-29)
12-Aug-2016

ခေတ်၊ စနစ်အခြေအနေ အရပ်ရပ်အရ ယနေ့ခေတ် မြန်မာလူငယ်အများစု လမ်းပျောက်နေကြသည်ဟု ပြောလျှင် လွန်အံ့မထင်ပေ။ လူငယ်များကို လမ်းပျောက်စေသော အကြောင်းရင်းများစွာ ရှိသည့်အနက် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး အချက်မှာ ဆင်းရဲခြင်း ဖြစ်သည်။

ဆင်းရဲခြင်းတွင်လည်း အပြန်အလှန် အမှီသဟဲ ပြုနေသော ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ခြင်းဟု ထပ်မံ၍  နှစ်ပိုင်းခွဲကြည့်နိုင်ပေသည်။ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲခြင်းတွင် လူပုဂ္ဂိုလ် တစ်ဦးချင်းစီသာမက ယင်းလူပုဂ္ဂိုလ်နှင့် ဆက်စပ်နေသော ပတ်ဝန်းကျင် တစ်ခုလုံးပါ အကျုံးဝင်သည်။

အလုပ်အကိုင် အခွင့်အလမ်း၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာ၊ လူနေမှု အဆင့်အတန်း၊ ဝင်ငွေ၊ ပိုင်ဆိုင်မှုနှင့် ယင်းတို့ကို ပံ့ပိုးပေးသည့် အုပ်ချုပ်စီမံခန့်ခွဲသည့် စနစ်ကဲ့သို့ ရုပ်ပတ်ဝန်းကျင်များသည် ကုလသမဂ္ဂက သတ်မှတ်ထားသည့် အနိမ့်ဆုံး အခြေအနေအောက်တွင် ရှိနေခြင်းကို ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲခြင်းဟု ဆိုနိုင်သည်။

စိတ်ပိုင်းဆိုင်ရာ ဆင်းရဲခြင်းမှာမူ တွေးခေါ်၊ မြော်မြင်တတ်၊ အဆိုး၊ အကောင်း၊ အမှားအမှန် ခွဲခြားတတ်သော အသိပညာ၊ ကြုံလာသမျှ အခြေအနေ အရပ်ရပ်အပေါ် ရှုမြင်ပုံ၊ ရှုမြင်နည်း၊ ခံယူအဓိပ္ပာယ်ဖော်မှု သို့မဟုတ် လောကဓံကို ရင်ဆိုင်နိုင်စွမ်း ချို့တဲ့၊ နိမ့်ပါးခြင်းဟု ဆိုရမည်။

ဆင်းရဲရခြင်း၏ နောက်ကွယ်တွင်လည်း အခြေအနေအရပ်ရပ်အပေါ် စီမံခန့်ခွဲမှု အားနည်းခြင်း သို့မဟုတ် ခေါင်းဆောင်မှု အရည်အချင်း ညံ့ဖျင်းခြင်းမှာ အခြေခံအကြောင်းတရား အဖြစ် ရှိနေသည်။

ကိုလိုနီခေတ်နှောင်းပိုင်း မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင် မြန်မာလူငယ်များသည် ထိုခေတ်က အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာအရပ်ရပ်၊ နိုင်ငံအသီးသီးမှ လူငယ်များနှင့် အရည်အချင်းခြင်း ကောင်းစွာယှဉ်နိုင်ခဲ့ကြောင်း ဒေါက်တာဘမော်၊ ဦးသန့်၊ ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်းတို့ကဲ့သို့ လူငယ်များက အကောင်းဆုံးသက်သေ ဖြစ်သည်။

ထို့နောက်ပိုင်းတွင်မူ တံခါးပိတ် အထီးကျန်စေသော တစ်ပါတီ အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်တို့၏ ဒဏ်ကြောင့် နယ်ပယ်အရပ်ရပ်တွင် ထူးချွန်ထက်မြက်သော လူငယ်မျိုးဆက် ခါးဆက်ပြတ်သွားခဲ့ရပြီး သူရဲကောင်းများသာ မွေးထုတ်ပေးခဲ့သလို ဖြစ်ခဲ့သည်။

ယနေ့ တက္ကသိုလ်နှင့် မတူသော တက္ကသိုလ်များတွင် လည်းကောင်း၊ ဆွဲဆောင်ညှို့ငင်မှု မရှိသည့် အလုပ်ခွင်များတွင် လည်းကောင်း၊ အတုယူဖွယ် စံပြပုဂ္ဂိုလ် နည်းပါးနေသော လူမှုပတ်ဝန်းကျင်တွင် လည်းကောင်း၊ လူနေမှုဘဝ မြင့်မားရေးမက်လုံး မရှိသလောက် ဖြစ်နေသော လယ်ယာလုပ်ငန်းခွင်များတွင် လည်းကောင်း၊ ဦးတည်ရာ မဲ့နေသော လူငယ်အများအပြား အသက်ရှင်သန် ရပ်တည်ရေး သက်သက်နှင့် ပုံမှန်သမားရိုးကျ ပြုနေကျ သာမန်ပုံစံမျိုး သက်သက်တို့ဖြင့်သာ လှုပ်ရှားရုန်းကန်နေကြရပေသည်။

စနစ်ဆိုး သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲခြင်းက တစ်ဖက်လှည့်ဖြင့် ခွင့်ပြုထားခြင်းသော် လည်းကောင်း သို့မဟုတ် တမင်ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့်သော် လည်းကောင်း မူးယစ်ဆေးဝါး၊ ယင်းနှင့်ဆက်စပ်သော အမှုအခင်းများ၊ လိင်မှုကိစ္စများ ဘက်တွင်သာ ယနေ့ခေတ် လူငယ်များ အာရုံစိုက်လာခြင်းမှာလည်း ဆင်းရဲခြင်း တစ်မျိုးပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူငယ်များနှင့် ပတ်သက်လျှင် နိုင်ငံတော်ဆိုင်ရာ မူဝါဒများတွင် တိကျခိုင်မာသော အစီအစဉ်များ ချမှတ်ထားသည်ကို မတွေ့ရခြင်း၊ အခြေခံပညာအဆင့်မှ တက္ကသိုလ်အဆင့်အထိ လူငယ်များကိုပင် ကိုယ်အရည်အချင်းအလိုက် ထူးချွန်ထက်မြက်သူများအဖြစ် လေ့ကျင့်ပျိုးထောင်ပေးနိုင်မည့် ပညာရေးစနစ် အဆင်သင့် မရှိခြင်း၊ ပညာရေး အသုံးစရိတ် ပိုမိုကျခံသုံးစွဲနိုင်မည့် နိုင်ငံတော် ဓနဥစ္စာ ဖွံ့ဖြိုးမှု မရှိခြင်းတို့က ဆင်းရဲတွင်းမှ တက်မလာစေရန် ခဲဆွဲထားသကဲ့သို့ ဖြစ်နေပေသည်။

အရာရာ မြန်ဆန်လွန်းသည့် အရှိန်နှုန်းဖြင့် ဖြစ်ပေါ်ပြောင်းလဲနေသော ယနေ့ခေတ်သည် ကမ္ဘာနှင့်တစ်ဝန်း အသည်းအသန်၊ အပြင်းအထန် ပြိုင်ဆိုင်နေသော ကာလ ဖြစ်နေပေရာ ဆင်းရဲခြင်း သံသရာ အတွင်းမှ မြန်မာလူငယ်များ ရုန်းမထွက်နိုင်ပါက ၎င်းတို့ထံသို့ အပ်နှံရမည့် အနာဂတ် မြန်မာနိုင်ငံသည် ခေတ်သစ်ကမ္ဘာကြီးနှင့် အလှမ်းများစွာ ပြတ်ကျန်ခဲ့မည် ဖြစ်ကြောင်း သိစေအပ်ပေသည်။ 

အယ်ဒီတာ (၁၀-၈-၂၀၁၆)