News

POST TYPE

EDITORIAL

ရိုးရာမပျက် ခေတ်မီဝတ်စုံ ဖြစ်ရဲ့လား (Daily, Vol-4/No-293)
19-Mar-2017 tagged as

မြန်မာပြည်မှာ အခုနောက်ပိုင်း ရုပ်ရှင်၊ ဂီတလောကသားတွေရဲ့ မြန်မာ့ရိုးရာ ဝတ်စုံတွေကို ဆန်းဆန်းပြားပြား ပုံစံတွေနဲ့ ချုပ်လုပ်ပေးတာ၊ ဝတ်စား ဆင်ယင် လာကြတာကိုကြည့်ပြီး အမြင် အမျိုးမျိုးနဲ့ မှတ်ချက်ပေးကြတယ်။

တချို့ကတော့ ဒီလို ဝတ်စားဆင်ယင်မှုတွေကို ဆန်းသစ် တီထွင်မှုတို့ နိုင်ငံတကာ ရေစီးကြောင်းတို့ဆိုတဲ့ ခေါင်းစဉ်နဲ့ နားလည်ပေးပြီး ဒီလို ပုံစံမျိုး ဝတ်လာတာ ခေတ်မီလာတဲ့ သဘော၊ ဖက်ရှင်ကျလာတဲ့သဘောလို့ မြင်ကြတယ်။

တချို့ကတော့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ ရိုးရာဝတ်စုံတွေကို ကိုးရိုးကားရား၊ တောင်မရောက် မြောက်မရောက်၊ ဟိုလိုလို၊ ဒီလိုလို ပုံစံတွေနဲ့ ဖျက်လို ဖျက်ဆီးလုပ်တယ်လို့ မြင်ကြတယ်။

တချို့က ဖျက်ဆီးတယ်ဆိုတဲ့အဆင့် မရောက်ပေမယ့် ကြည့်ရတာ ဖက်ရှင်မကျဘဲ ဇာတ်သဘင်ကပွဲတွေမှာ ဝတ်တဲ့ဝတ်စုံတွေ ပုံစံမျိုးဖြစ်ပြီး ဇာတ်ခုံပေါ်မှာ ကြည့်ကောင်းပေမယ့် အပြင် အခမ်းအနားတွေမှာ ဝတ်ရင်တော့ ကလက်တက်တက် အသွင်မျိုး ဆန်နေတယ်လို့ မြင်တဲ့သူတွေလည်း ရှိတယ်။

အမျိုးသမီး ဝတ်စုံတွေကတော့ သိပ်ပြောစရာ မရှိလှပေမယ့် မြန်မာ အမျိုးသား ဝတ်စုံတွေကတော့ အတော်ကို ကိုးရိုးကားရားနိုင်သလို ဖြစ်နေတာတော့ သတိပြုမိတယ်။

တချို့ဝတ်စုံတွေက မိုက်ကယ်ဂျက်ဆင်ရဲ့ ဝတ်စုံနဲ့ မြန်မာ့ရိုးရာ တိုက်ပုံကို ရောမွှေထားသလိုမျိုး။ တချို့ကျ အနောက်တိုင်း ကုတ်အင်္ကျီနဲ့ တိုက်ပုံ ရောစပ်ထားသလိုမျိုး၊ အများအားဖြင့်တော့ ပခုံးနေရာမှာ ဖော့ခံပြီး ကုတ်အင်္ကျီပုံစံ ခပ်ဖောင်းဖောင်း၊ ခါးရှည်ရှည်နဲ့ ရင်ဘတ်မှာ စီးကွင့်တွေ၊ ဘော်ကြယ်တွေနဲ့ အလှဆင်ထားတယ်။

ဒီနေရာမှာ မြန်မာလိုပဲ ကိုယ်ပိုင် အမျိုးသားဝတ်စုံ ကိုယ်စီရှိပြီး အနောက်တိုင်းဝတ်စုံနဲ့ အချိုးကျကျ မျက်စိပသာဒ ဖြစ်အောင်၊ အများလက်ခံအောင်၊ တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် ဝတ်ဆင်လာအောင် တွဲစပ်ဝတ်နိုင်တဲ့ အိမ်နီးချင်း နှစ်နိုင်ငံကို ဥပမာအနေနဲ့ ကြည့်ရအောင်။

ပထမနိုင်ငံက တရုတ်နိုင်ငံ။ မြန်မာအမျိုးသား ဝတ်စုံဖြစ်တဲ့ တိုက်ပုံက တရုတ်ဆီက ယူခဲ့တာလို့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက သုတေသနပြုချက်နဲ့ ပြောခဲ့ဖူးတယ်။ ကော်လံအတိုကို ထောင်ထားပြီး ရင်ဘတ်တည့်တည့် ကြယ်သီးတွေပါတဲ့ တရုတ်ရိုးရာ ဝတ်စုံနဲ့ အနောက်တိုင်း ကုတ်အင်္ကျီ တွဲစပ်ထားတဲ့ အခမ်းအနားတက် အပေါ်အင်္ကျီကို မော်စီတုံးလက်ထက်က စတွေ့ရပြီး ဒီနေ့ ရှီကျင့်ဖျင်အထိ တဂုဏ်တယူ ဝတ်နေကြတယ်။

အိန္ဒိယလည်း ဒီလိုပဲ နေရူးလက်ထက်ကနေ ဒီနေ့ဝန်ကြီးချုပ် မိုဒီ လက်ထက်အထိ အနောက်တိုင်း ဝတ်စုံနဲ့ ဒူးခေါင်းဖုံးအထိ ရှည်တဲ့ အိန္ဒိယရိုးရာ ဝတ်စုံနှစ်ခုကို အကောင်းဆုံး ပေါင်းစပ်ထားတဲ့ ခေတ်မီရိုးရာ ဝတ်စုံအဖြစ် အိန္ဒိယ လူကြီးလူကောင်းတွေ၊ ရုပ်ရှင်၊ ဂီတလောကသားတွေ ဝတ်ဆင်နေကြတာ တွေ့နိုင်တယ်။

ပြောရရင် တရုတ်ရော အိန္ဒိယရော သူတို့ ရိုးရာဝတ်စုံကို အနောက်တိုင်းဝတ်စုံနဲ့ တွဲစပ်ပြီး ခေတ်မီရိုးရာ ဝတ်စုံအဖြစ် ဖန်တီးတဲ့အခါမှာ ရိုးရာပျောက် မသွားသလို အနောက်တိုင်းဟန်လည်း ရောက်မသွားဘဲ ပနံရရ၊ အတွဲအဖက် ညီညီ၊ ပုံစံကျကျ၊ လှလှပပ၊ သပ်သပ်ရပ်ရပ် ရှိတယ်ဆိုတာကိုပါ။ 
မြန်မာပြည်က ဒီဇိုင်နာဆိုသူတွေ ဖန်တီးထားတဲ့ မြန်မာအမျိုးသား ခေတ်မီရိုးရာ တိုက်ပုံအဆင် ဒီဇိုင်းတွေကတော့ တရုတ်နဲ့ အိန္ဒိယလို အဆင့်အတန်းမြင့်မြင့်၊ တည်တည်ငြိမ်ငြိမ်နဲ့ ခေတ်မီ၊ စမတ်ကျနေတဲ့ဝတ်စုံမျိုး မဖြစ်သေးဘူးလို့ မြင်မိတယ်။

ဝတ်စုံတစ်စုံ ဖန်တီး တီထွင်တယ်ဆိုတာ တကယ်တော့ လွယ်တဲ့အလုပ် မဟုတ်ဘူး။ နှစ်ပေါင်းများစွာ စနစ်တကျ လေ့လာသင်ယူထားတဲ့ အတတ်ပညာနဲ့ အနုပညာအမြင် ပေါင်းစပ်ထားတဲ့ သိမ်မွေ့လှပတဲ့ ပညာရပ်တစ်ခုပေါ့။ 

အနောက်တိုင်း ဝတ်စုံနဲ့ ရိုးရာတိုက်ပုံ တစ်ထည်စီရဲ့ အခြေခံ သဘောတရား၊ ချုပ်ပုံချုပ်နည်း၊ ဝတ်စုံရဲ့တန်ဖိုး၊ ခေတ်အလိုက်၊ ဒေသအလိုက် မသိမသာ ကွဲလွဲတဲ့ ဒီဇိုင်းပုံစံနဲ့ ဝတ်စုံနှစ်ခုရဲ့သမိုင်းကြောင်းကအစ သိထားဖို့ လိုတယ်။ အဲဒီ နှစ်မျိုးစလုံးကိုလည်း ပိုင်ပိုင်နိုင်နိုင် ၊ ကျွမ်းကျွမ်းကျင်ကျင် ချုပ်တတ်ထားဖို့ လိုတယ်။

အဲလိုသိမှ၊ ချုပ်တတ်ထားမှ အခြေခံချင်း၊ သဘော၊ သဘာဝချင်း မတူညီတဲ့ ဒီဝတ်စုံနှစ်ခုကို မြန်မာပြည်ရဲ့ ဓလေ့စရိုက်၊ ထုံးတမ်းစဉ်လာတွေနဲ့ ကိုက်ညီအောင်၊ အချိုးကျအောင်၊ ခံ့ညား ခေတ်မီနေအောင် တွဲစပ်ချုပ် လုပ်ဖန်တီးနိုင်မယ်။ ဒီလိုမှ မဟုတ်ဘဲ စိတ်ကူးတည့်သလို၊ အာရုံရသလို ဖန်တီးထားရင်တော့ အများအမြင်မှာ ထော်လော်ကန့်လန့် ဖြစ်နေမယ်ဆိုတာ ပြောလိုရင်းပါ။

အယ်ဒီတာ (၁၈-၃-၂၀၁၇)

  • TAGS